Tuesday, June 17, 2008

12.5 မနောမြေရဲ့လက်ဆောင်

ကျောင်းရောက်ရောက်ခြင်း.. ကျောင်းသားရေးရာမှာ..ကျောင်းလခ ကြွေးကျန် သွားသွင်းရတယ်..။ ကျောင်းလခကြွေးကျန်နေလို့ အောင်စာရင်းက ထွက်မပေးသေးဘူး..။

နှစ်ဟောင်းက.. ဟိုချေး ဒီချေးလုပ်ထားတာလေးတွေကိုလည်း.. လိုက်ဆပ်ရတယ် ။ ပိုက်ဆံချေးတာနဲ့ ပတ်သက်လို့ ရယ်စရာပြောရဦးမယ်..။ တွေ့သမျှ ဘော်ဒါ အပေါင်းအသင်း ကျွန်တော် ပိုက်ဆံမချေးဖူးတဲ့သူ မရှိဘူး..။

သူငယ်ချင်းတွေကြားထဲမှာ.. အပြောင်အပျက်ပြောကြတာတောင်ရှိတယ်..။

သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော်နဲ့ ရင်ဆိုင်တွေ့ရင်.. ကျွန်တော်က.. အခုလိုမေးတယ်တဲ့..

" ရှေ့ကလာတာ..လူလား ခွေးလား.. "

" လူ.. ပါ " လို့ အဲဒီသူငယ်ချင်းက.. ပြန်ဖြေရင်.. ကျွန်တော်က..

" လူ.. ဆိုရင် ပိုက်ဆံချေးခဲ့အုံး " လို့.. ပြောသတဲ့..။

သူငယ်ချင်းတွေက.. ကျွန်တော့်ကို.. အဲဒီလိုကောင်ဆိုပြီး မကြာမကြာ.. စ လေ့ရှိတယ်..။ အဲဒီလို ဆိုတော့လည်း.. အချေးပြန်ဆပ်တော့.. လွယ်တာပေါ့.. ရှေ့ကဟာ.. လူလားခွေးလား.. လူဆိုရင် ရော့အကြွေးလို့ ပြန်ဆပ်လိုက်ယုံပဲပေါ့ လို့.. ကျွန်တော်က ရယ်ရင်းမောရင်း ပြန်ပြောခဲ့တယ်..။

နေတတ်ရင်ကျေနပ်စရာပဲ လို့ ခံယူထားတဲ့ ကျွန်တော့်အဖို့ကတော့.. တက္ကသိုလ်ကျောင်းသား ဘ၀ဟာ.. ပျော်စရာအတိတွေနဲ့ပေါ့..။ ညလေးနဲ့ဇာတ်လမ်းက နှဲကြီးမှုတ်ပြီး ပြည်ဖုံးကား ချသွားခဲ့ပေမယ့်.. ငယ်ချစ် ခင်ထွေးရီနဲ့ ဇာတ်လမ်းကတော့.. သောင်မတင်ရေမကျ အခြေအနေမှာပဲ ရှိနေခဲ့တယ်..။

အချစ်ဆိုတာ.. အချိန်ကာလနဲ့ မဆိုင်သလို.. နီးခြင်းဝေးခြင်းနဲ့လည်း မပတ်သက် ပါဘူးလို့.. ရည်းစားစာတွေထဲမှာ.. အပ်ကြောင်းထပ်အောင် ကျွန်တော် ရေးသားခဲ့ဖူးပေမယ့်.. လက်တွေ့မှာတော့.. ခင်ထွေးရီနဲ့ ပတ်သက်တဲ့ ကျွန်တော့်နှလုံးသားဟာ.. မီးဝေးချိတ်ကို ရေခဲရိုက်ထားသလိုမျိုး ဖြစ်နေခဲ့ပြီ..။

သူငယ်ချင်းတွေနဲ့ ကန်တင်းထိုင်.. ညနေကျ ဘောလုံးကန်.. တစ်ခါတစ်ရံ တစ်ခွက်တစ်ဖလား သောက်သုံးမှီဝဲ.. မိန်းနဲ့ အာစီတူးသွား ဟေးလားဝါးလား လုပ်ရင်း ခင်ထွေးရီကို မေ့သလောက်ဖြစ်နေခဲ့ပေမယ့်.. ၁၉၉၆ ခုနှစ်ရဲ့ နေသာသောနေ့တစ်နေ့မှာတော့.. မွေးသဖခင်ဆီက.. ခင်ထွေးရီ ယောက်ျားရသွားပြီဖြစ်ကြောင်းစာကို လက်ခံရရှိခဲ့ပါတယ်..။

အဖေ့စာက လိုရင်းတိုရှင်းပါပဲ..။ ကဲ ရှုလော့..။

... ကိုလတ်ကြီး..

အဖေစာရေးလိုက်တယ်..

၁။ မိသားစုအားလုံးကျန်းမာကြတယ်..
၂။ မင်းရည်းစားခင်ထွေးရီ ယောက်ျားရသွားပြီ..
၃။ အသဲကွဲစရာမလိုပါ..
၎။ ပညာကိုသာ ကြိုးစားသင်ပါ..
၅။ အချိန်တန်ရင် ထမိန်လှန်ရပါလိမ့်မယ်...

စာကတော့ အဲဒီလောက်ပါပဲ..။ ဒါပေမယ့်.. ကျွန်တော်အဲဒီစာကို ဘယ်တော့မှ မေ့တော့မည်မဟုတ်ပါ..။

စာကြွင်း..။ မောင်နှမငါးယောက်ထဲမှာ..ကျွန်တော်က အလတ်မို့လို့ တအိမ်လုံးက ကိုလတ်လို့ ခေါ်ပါတယ်..။ အဖေရေးထားတဲ့ နောက်ဆုံးအချက်ကို.. ပကတိအတိုင်းမျှဝေချင်တဲ့ ဆန္ဒနဲ့ ဖော်ပြလိုက်ရပေမယ့်.. ရိုင်းသည်ဟု ထင်လျှင်.. ခွင့်လွှတ်စေချင်ပါသည်..။

အဲဒီလိုနဲ့ပဲ.. တက္ကသိုလ်နောက်ဆုံးနှစ် အချိန်များကို ရည်းစားလက်မဲ့ ဘ၀နဲ့ ဖြတ်သန်းခဲ့ရပါတယ်..။ (သနားစရာလေးပေါ့ဗျာ )

နောက်ဆုံးနှစ်စာမေးပွဲမဖြေခင် နှစ်လလောက်အလိုမှာတော့.. ဖားကန့်ပြန် လက်ဆောင်အဖြစ်.. ငှက်ဖျားရောဂါက.. ကျွန်တော့်ကို ဆိုင်းမဆင့်ဗုံမဆင့် ဖိစီးနှိပ်စက်ပါတော့တယ်..။

အစကတော့.. ရိုးရိုးဖျားတာပဲ ထင်ပြီး ပါရာစီတမောလိုလို.. ဆာဖာဒမိုက်ဒင်း လိုလို သောက်နေခဲ့ပေမယ့်.. အခြေအနေက.. တဖြည်းဖြည်း ပိုပိုဆိုးလာခဲ့ပါတယ်..။ အထူးသဖြင့် ညနေပိုင်းရောက်လာတိုင်း.. အဖျားက တက်တက်လာတယ်..။

ငှက်ဖျားဖြစ်ရင် ချမ်းရမယ်ဆိုတာလောက်ပဲ သိတဲ့ ကျွန်တော်ကတော့.. ငှက်ဖျားလို မထင်ခဲ့မိဘူး..။ ကျွန်တော်က ချမ်းမှ မချမ်းတာကိုး..။

တစ်ရက်မှာတော့.. ကိုယ်အပူချိန်က.. ခါတိုင်းနဲ့မတူ.. မျက်စိအမြင်တွေ မှုန်ဝါးတဲ့အထိ.. တက်လာခဲ့တယ်..။ အတူနေ အခန်းဖော်နဲ့ သူငယ်ချင်းများက.. ဒီလိုနေလို့ မဖြစ်တော့ဘူးဆိုပြီး.. တက္ကသိုလ်များဆေးရုံကို လိုက်ပို့ကြတယ်..။

တာဝန်ကျဆရာဝန်မက ကျွန်တော့်ရဲ့ Historyကိုမေးမြန်းပြီး ငှက်ဖျားဖြစ်နိုင်တယ် လို့ပြောပြီး သွေးဖောက်စစ်တယ်..။ ဒါပေမယ့်.. ငှက်ဖျားပိုး မတွေ့ဘူးဆိုတဲ့ အဖြေထွက်လာတယ်..။

ရိုးရိုးဖျားတာပဲ လို့ ယူဆပြီး.. ပုံမှန်ဆေးလေးတွေပေးတယ်..။ ဒါပေမယ့် ကျွန်တော့်အခြေအနေကတော့ ထူးမခြားနားပါပဲ..။ အဲဒီလိုနဲ့ .. ဆေးရုံပေါ်ရောက်တာ.. တစ်ပတ်ကျော်သွားခဲ့တယ်..။ အဖျားက တက်လိုက်ကျလိုက်နဲ့ပဲ..။

တစ်ရက်မှာတော့.. မခံမရပ်နိုင်ဖြစ်တဲ့အထိ.. ကိုယ်ပူချိန်က တက်လာခဲ့တယ်..။ ကျွန်တော့်နှုတ်ခမ်းတွေ မီးမှိုက်ထားသလို ခြောက်ကပ်နေတယ်..။ အမြင်အာရုံတွေ မှုန်ဝါးလာခဲ့တယ်..။ သတိတော့ ကောင်းသေးတယ်..။

နောက်ဆုံးမှာတော့ .. သူနာပြုဆရာမလေးကို ခေါ်ခိုင်းပြီး ကျွန်တော် မခံနိုင်တော့ဘူး.. တအားကို ပူနေပြီလို့ ပြောတော့.. ဆရာမလေးက အဖျားတိုင်းကြည့်တယ်..။

အဖျားက တစ်ရာ့ခုနှစ်တောင်ရှိနေပြီ လို့ ပြောပြီး ကပျာကယာနဲ့ ဆရာမလေး ထွက်သွားတယ်..။ သိပ်မကြာပါဘူး.. ဆရာဝန်မတစ်ယောက်နဲ့ ဆရာမလေး ပြန်ရောက်လာပြီး သွေးဖောက်ကြပြန်တယ်..။ ပြီးတော့မှ.. ဆရာဝန်မက ရေချိုးမလားလို့ ကျွန်တော့်ကို မေးတယ်..။ ဆရာမတို့ ကောင်းမယ်ထင်သလိုသာ လုပ်ကြပါ လို့..ကျွန်တော် ပြန်ပြောလိုက်တယ်..။ ခနနေတော့.. ၀ှီးချဲနဲ့ ကျွန်တော့်ကို.. ရေချိုးခန်းထဲ ခေါ်သွားပြီး.. ရေလောင်းချိုးပေးကြတယ်..။

ဆယ်မိနစ်လောက်မရပ်မနား ရေလောင်းပေးပြီး.. Wheel Chair နဲ့ ပြန်သယ်လာကြတယ်..။

ကျွန်တော့်အခန်းဖော် သိန်းတိုးက.. တောက်လျှောက် ရေပတ်တိုက်ပေးနေခဲ့တယ်..။ အဖျား ဒီဂရီ တစ်ရာ့ခုနှစ် ရောက်တဲ့အချိန်ဖောက်တဲ့ သွေးထဲမှာမှ.. ငှက်ဖျားပိုး တွေ့တယ်လို့ နောက်မှ သိရတယ်..။ ငှက်ဖျား သေချာသွားပြီဆိုပြီး ငှက်ဖျားဆေးတွေ စ တိုက်တယ်..။

ကျွန်တော်လည်း.. တဖြည်းဖြည်း နလံထ လာခဲ့တယ်..။ ကျောင်းမှာ မေးထူးခေါ်ပြောလောက်သာ ခင်တဲ့ သူငယ်ချင်းများကအစ.. ဆေးရုံမှာ.. လူနာလာမေးကြတယ်..။ အဖျားပျောက်ပြီး နှစ်လလောက်အထိ.. သူတို့လူနာလာမေးတဲ့ မုန့်တွေစားမကုန်ဘူး..။

ကျွန်တော့်အခန်းထဲက.. မုန့်တွေကို ကြည့်ပြီး.. မိုးဟိန်းဆိုတဲ့ ကျွန်တော့်သူငယ်ချင်းက..ငါတောင် တစ်ခါလောက်ဖျားချင်သေးတယ်လို့ နောက်တယ်..။

လူနာလာမေးတဲ့မုန့်ကို မက်ပြီး ဖျားချင်တယ်ပြောတဲ့ သူ့စကားနဲ့ ဆက်စပ်ပြီး .. ကျွန်တော့်အဖေပြောတဲ့ စကားတစ်ခွန်းသွား သတိရတယ်..။ အစိုးရ၀န်ထမ်း တစ်နှစ်လုပ်တာ အီးသုံးနှစ် သုတ်မကုန်ဘူး ဆိုတဲ့ စကားပါ..။ အဖေတို့ခေတ်တုံးက.. စက္ကူအဲဒီလောက်ပေါပြီး အလေအလွင့်သိပ်များ တယ်နဲ့ တူပါတယ်..။


3 comments:

ဆိုးသွမ်း said...

အဖေ့စာကတော့ မိုက်တယ်ဗျာ။
အောက်ဆုံးစာသားက ဟီး
ဘာပြောရမှန်းမသိဘူး။ :D :P

Flower said...

ကိုယ့်နယ်မြေအကြောင်းရေးထားတာကို လုံးခင်းသူက အမှတ်တရ လာဖတ်သွားပါတယ်ရှင်..

Unknown said...

နောက်ဆုံးစာသားလေး တကယ်ကြိုက်တယ်ဗျို့ 