Wednesday, June 18, 2008

12.4 အိမ်ပြန်ခရီး

နောက်တော့.. မိုးတွေဖြှိုင်ဖြိုင်ကျလာခဲ့တယ်..။ ဖားကန့်ရတနာမြေကို.. နှုတ်ဆက်ရမယ့်အချိန် ရောက်လာ ခဲ့တယ်လို့ ပြောရမှာပဲ..။ ကျွန်တော်ပြန်တော့မယ့်အကြောင်း.. ဦးဇင်းနာရဒကို လျှောက်ထား တော့.. ဦးဇင်းက.. ပိုက်ဆံတစ်သောင်းခွဲ .. ရော့ ဆိုပြီး ပေးတယ်..။

ကျွန်တော့်ဆရာမောင်ရွှေကျီးက.. ငါတတ်နိုင်တာကတော့ ဒါပဲ ဆိုပြီး ပိုက်ဆံတစ်ထောင့်ငါးရာ ကျွန်တော့် လက်ထဲ ထည့်ပေးတယ်..။ ပါစင်ဂျာခ ရတာလေးတွေ စုထားတာနဲ့ ပေါင်းလိုက်တော့..ကျွန်တော့်လက်ထဲမှာ.. ငွေနှစ်သောင်းလောက် ရှိသွားခဲ့တယ်..။

အပ်ရှောင်ကို နှုတ်ဆက်.. ဦးဇင်းကို ကန်တော့.. ကိုရွှေကျီးကို.. တာတာ့လုပ်ပြီး.. ကျောပိုးအိတ်တစ်လုံးနဲ့.. မိုးကောင်းကို.. ကျွန်တော်ထွက်လာခဲ့တယ်..။ နှုတ်ဆက်ခဲ့ပြီ.. ရတနာမြေ..။

မိုးကောင်းရောက်တော့.. ဘူတာမှာ.. လက်မှတ်ရရေး.. လုံးပမ်းရတယ်..။ ထုံးစံအတိုင်း လက်မှတ်ကကုန်ပြီ..။ ကျောင်းသားကဒ်ကလေးအားကိုးနဲ့.. ရုံပိုင်ဆိုတဲ့သူကို.. ၀င်တွေ့ရတယ်..။ စကားတွေအများကြီး ပြောပြီးနောက်မှာ.. ရရာ ရထားနဲ့ လိုက်မယ်ဆိုရင်တော့.. တစ်နေရာစီစဉ်ပေးမယ်ဆိုတဲ့.. ကတိတစ်ခု ကျွန်တော်ရတယ်..။

ရထားလာတော့.. တိုးခွေ့တက်ပြီး.. ရတဲ့ ထိုင်ခုံမှာ.. လုယက်ထိုင်ရတယ်..။ ခြေချစရာတောင်မရှိဘူးဆိုတဲ့.. စကားလုံးကို.. လက်တွေ့သိခဲ့ရတဲ့ ခရီးစဉ်ပဲ..။

ကျွန်တော့်ထိုင်ခုံက.. အိမ်သာရှေ့တည့်တည့်မှာ..။ ခရီးဝေးသွားတဲ့ ရထားက.. ရန်ကုန်က ဘတ်စ်ကားကျပ်နည်းကျပ်နေတယ်..။ အိမ်သာထဲမှာတောင် ခရီးသည်တစ်ယောက်ရှိတယ်..။

ခြေထောက်အောက်ချထိုင်လို့ မရတာကြောင့်.. ခက်ခက်ခဲခဲ ရလာတဲ့ ထိုင်ခုံလေးပေါ်.. မနူဿီဟလို စောင့်ကြောင့် ထိုင်ပြီး လိုက်လာခဲ့တယ်..။ ခြေထောက်အောက်က.. လူတွေကို.. ငြူစူရအောင်ကလည်း.. ဖားကန့်အပြန်.. ငှက်စီးလာတဲ့သူဆိုတော့.. မပြောရက်ဘူး..။

အရိုးပေါ်အရေတင်ရုပ်နဲ့.. ငှက်ဖျားမိလာတဲ့ လူနာနဲ့ မတွက်ကပ်တော့ပါဘူးလို့ တွေးရင်း.. ရထားကြီး သယ်ဆောင်ရာ.. ကျွန်တော်လိုက်ပါခဲ့တော့တယ်..။

ရထားတစ်တွဲလုံးမှာ.. အနိဌာရုံတွေနဲ့ ပြည့်နေခဲ့တယ်..။ ခရီးသည်တွေရဲ့ မျက်ဝန်းတွေဟာ.. ရီဝေမှုန်မှိုင်းနေကြတယ်..။ ငှက်ဖျားဝေဒနာခံစားနေတဲ့ လူနာတွေရဲ့ ညည်းသံက.. ရထားတွဲကို လွှမ်းခြုံ နေတယ်..။

လောကငရဲဆိုတာ.. ဒါမျိုးနေမှာပဲ လို့ ကျွန်တော်တွေးနေခဲ့တယ်..။ အန္တရာယ်မလွယ်နိုင်လို့.. အပေါ့အပါး သွားချင်တိုင်း.. အိမ်သာထဲက.. လူကို..အပြင်ခနထွက်ခိုင်းရတယ်..။

ဘူတာတစ်ခုရောက်တိုင်း လက်မှတ်စစ်ဆိုသူတွေ တက်လာကြတယ်..။ မှတ်ပုံတင်စစ်တဲ့ ရဲတွေလည်း.. မကြာမကြာတက်လာကြတယ်..။ သူတို့ရဲ့ ပြစ်တင်ကြိမ်းမောင်းခြိမ်းခြောက်သံတွေ.. ခရီးသည်တွေရဲ့ တောင်းပန်တိုးလျှိုး ခယ သံတွေကို.. မကြားချင်ပေမယ့်..ကျွန်တော်ကြားနေခဲ့ရတယ်..။

မြန်မာလူမျိုးတွေဟာ.. ယဉ်ကျေးသိမ်မွေ့ပြီး တစ်ဦးကိုတစ်ဦးအင်မတန် ကူညီရိုင်းပင်းကြတယ် ဆိုတဲ့.. ဓလေ့တွေ.. တစ်စစီကြေမွ ပျက်စီးနေတဲ့.. ပြယုဂ်တွေကို.. ကျွန်တော်မမြင်ချင်ပေမယ့်.. မြင်နေခဲ့ရတယ်..။

နောက်ဆုံးမှာတော့.. အနိဌာရုံတွေကို.. အိပ်မက်တစ်ခုလို ဖြတ်သန်းရင်း.. မန္တလေးရွှေမြို့တော်ကြီးကို.. ကျွန်တော်ပြန်လည်ရောက်ရှိလာခဲ့ပါတော့တယ်..။

မန္တလေးရောက်ရောက်ခြင်း.. ညီမအငယ်ရှိရာ... သူနာပြုဆောင်ဖက်.. ထွက်လာခဲ့တယ်..။ အဲဒီတုံးက.. ညီမက.. သူနာပြုသင်တန်း ဒုတိယနှစ်တက်နေခဲ့တယ်..။

အဆောင်အောက်ကပါလာမှာ.. ကျွန်တော်ထိုင်စောင့်နေတုံး.. အဆောင်အပေါ်ကနေ.. ညီမနဲ့ သူ့သူငယ်ချင်း တစ်သိုက်.. အပြေးတစ်ပိုင်းဆင်းလာခဲ့ကြတယ်..။ သူ့အကို.. စက်မှုတက္ကသိုလ် ကျောင်းသားကြီးနဲ့.. မိတ်ဆက် ပေးချင်ဟန်တူပါရဲ့..။ ညီမတော်က.. သူ့သူငယ်ချင်း လေးငါးယောက်ကို ခေါ်လာခဲ့တယ်..။

အိပ်ရေးပျက်ပြီး.. မျက်တွင်းကဟောက်ပက်.. ဖားကန့်ကာမိုင်း မိုင်လေးဆယ်ကို ဂျမ်းတုံးကိုင်လိုက်ခဲ့တဲ့ဒဏ်ကြောင့် အသားအရည်က မွဲခြောက်ခြောက်.. ဒီဇယ်ဆီအမဲဆီ တွေကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေတဲ့.. ရာဘာဖိနပ် နဲ့ ကျွန်တော့်ကို မထင်မှတ်ဘဲ တွေ့လိုက်ရတဲ့ ညီမငယ် ပါးစပ်အဟောင်းသားနဲ့.. တော်တော်ကြာတဲ့အထိ.. စကားမပြောနိုင်ဖြစ်နေခဲ့တယ်..။

သူ့ရဲ့ သူငယ်ချင်းများကတော့.. ဒါလားဟဲ့ .. စက်မှုတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားကြီး .. လမ်းထိပ်က ဆိုက်ကားဆရာကမှ.. သားနားသေးတယ်လို့.. ထင်ကောင်းထင်နေခဲ့မလား မသိဘူး..။

ပါလာတဲ့ ပိုက်ဆံနှစ်သောင်းထဲက.. တစ်သောင်းကို.. အိမ်ပြန်ပို့ပေးလိုက်လို့ ပြောပြီး.. အဲဒီနေ့ ညနေရထားနဲ့ပဲ ရန်ကုန်ကို ဆင်းလာခဲ့တယ်..။ နောက်နေ့မနက်ရန်ကုန်ရောက်တော့ ကျောင်းဖွင့်နေတာ.. နှစ်ပတ် ရှိသွားပြီတဲ့..။

2 comments:

ဂျူနို said...

တစ်ကယ် ကိုယ်ချင်းစာပါတယ်။
မအယ်တို့ က ဒီလို မပင်ပန်းခဲ့၇ပါဘူး။
မအယ်အဖေကတော့ တောထဲ ထင်းခုတ် ဂေါက်သီးကောက်ပြီး ကျောင်းတက်ခဲ့ရတာ။
ခက်ခက်ခဲခဲ ပညာသင်ခဲ့တဲ့ ကို နဗန ကိုလေးစားပါတယ်။
မအယ်အမျိုးသားလည်း အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ခဲ့တယ်။
ဒီမှာဆိုတော့ နဗန လို ဘယ်ပင်ပန်းမှာလည်း။
လေးစားပါတယ်။

kyaw said...

ဖားကန့်် တို့  မိုင်းရှုးက ဘ၀တွေ ကသိပ်ကိုသနားစရာကောင်းပါတယ် အကိုေ၇...