Friday, June 6, 2008

11.5 တိုင်ဝမ်အစစ်ဖရဲသီး

အချိန်ဆိုတာ.. အကောင်းဆုံးမေ့ဆေးပါ.. လို့ စိုင်းထီးဆိုင်ကတော့ ဆိုတယ်..။ ညလေးအပေါ်ထားတဲ့.. အချစ်စိတ်ကလဲ... ခွေးလျက်တဲ့ ထန်းလျှက်ခဲလိုပါပဲ..။

ခြေမကိုင်မိလက်မကိုင်မိ.. အလွမ်းနေ့များဟာ.. ၁၉၉၆ခုနှစ်နောက်ပိုင်း ပြက္ခဒိန်တွေထဲမှာ.. မတွေ့ရသလောက်ဆိုပါတော့..။

ဒါပေမယ့်.. အနာမကျက်ခင်တုံးကတော့.. သိန်းတိုးကို မရမကခေါ်ပြီး သမတရုံကို ရုပ်ရှင် သွားကြည့်ဖြစ်သေးတယ်..။ ဘာကားဖြစ်ဖြစ်.. ညလေးကို လွမ်းလို့ ကြည့်မှာ ဆိုပြီး သိန်းတိုးကို ဒရွတ်ဆွဲခေါ်ခဲ့တယ်..။

ဖြစ်ချင်တော့.. အဲဒီနေ့က ကုလားကား ပြနေတယ်..။ သိန်းတိုးကလဲ တရုတ်.. ကျွန်တော်ကလဲ.. တရုတ်ရုပ်နဲ့..။ မထူးဘူးဆိုပြီး ကုလားကားဝင်ကြည့်ကြတယ်..။ တရုံလုံးနီးပါး ကုလားတွေချည်းပဲ..။

အမှုအရာကြောင့် ရယ်ရတဲ့ ဇာတ်ကွက်တွေမှာ.. ကျွန်တော်နဲ့ သိန်းတိုးလည်း ရယ်ကြတယ်..။ ဒါပေမယ့်.. စကားကြောင့်.. ရယ်ရတဲ့ ဇာတ်ကွက်တွေမှာတော့.. ကျွန်တော်တို့နှစ်ယောက်က.. ကုလားစကား နားမလည်တော့.. ငူငူကြီးထိုင်နေရတယ်..။ တရုံလုံးကတော့.. အုံးအုံးကြွက်ကြွက်ရယ်နေကြတယ်..။

သူတို့နဲ့ငါတို့ ပိုက်ဆံအတူတူပေးကြည့်တာ.. သူတို့ချည်းရယ်နေလို့ ဘယ်ရမလဲ.. သူတို့ရယ်ရင်.. ငါတို့လဲ နားလည်လည် မလည်လည် လိုက်ရယ်ကြမယ် လို့ နှစ်ယောက်သားတိုင်ပင်ပြီး.. ရုပ်ရှင်မကြည့်ဘဲ.. ကုလားတွေကိုပဲ ကြည့်ပြီး သူတို့ရယ်ရင် ကျွန်တော်နဲ့သိန်းတိုး လိုက်ရယ်ကြတယ်..။

အစမှာတော့.. လုပ် ရယ် ကြတာပဲ..။ ဒါပေမယ့်.. အဲဒီလိုမျိုးလုပ်ရယ်တာကို.. ပြန်တွေးမိပြီး အဟုတ် ရယ်မိကြတယ်..။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်လိုက်ကြတာ.. ကုလားတွေအရယ် ရပ်တာတောင် ကျွန်တော်တို့နှစ်ယောက်.. မရပ်ဘူး..။

ရုပ်ရှင်အပြီးမှာ..ညလေးကို သတိရတယ်ကွာလို့ ကျွန်တော်ကပြောတော့.. ရောဂါကလည်း ဖောက်လာပြီလို့ သိန်းတိုးက ပြန်ပြောတယ်..။ အချိန်တွေကြာရင် မေ့သွားကောင်းမေ့သွားနိုင်ပေမယ့်.. အခု လောလောဆယ်တော့.. သတိရစရာတွေက သိပ်များနေတယ်လို့ ကျွန်တော်ကဆက်ပြောတော့.. သိန်းတိုးက ရယ်တယ်..။

ရုပ်ရှင်တော့ကြည့်ပြီးပြီ.. အောင်ဆန်းကွင်းဘေးနားကဆိုင်မှာ.. တီး ပိတ်ရင်း အီကြာကွေး သွားစားမလား ရှိသမျှ သတိရစရာကုန်သွားတာပေါ့.. လို့ သိန်းတိုးက.. ရယ်ကျဲကျဲနဲ့ စတယ်..။

ငါက တကယ်သတိရနေတာကွ.. သိပ်မစနဲ့ .. လို့ ကျွန်တော်က မျက်နှာတည်နဲ့ ပြောတော့မှ အေးပါကွာ.. အဲဒီလောက်ဖြစ်နေရင်လည်း မစတော့ပါဘူး လို့ ပြောပြီး သိန်းတိုးက ကျွန်တော့်ပုခုံးကို လှမ်းဖက်တယ်..။

နှစ်ယောက်သား တစ်ယောက်ပုခုံးတစ်ယောက်ဖက်ရင်း.. မြို့တော်ခန်းမဘေးနားက.. အင်းစိန်ဆူးလေ စီးဖို့ လမ်းလျှောက်ခဲ့ကြတယ်..။ ကားဂိတ်နားရောက်ခါနီးမှာ.. ဖရဲသီးရောင်းတဲ့ ချာတိတ်တစ်ယောက် က..ဖရဲသီးဗန်းကို အတင်းထိုးပြီး.. ထိုင်ဝမ်ဖရဲသီးတွေ သိပ်ချိုတယ်.. ၀ယ်သွားပါအုံး.. တစ်ခါစားမိရင် တစ်သက်စွဲသွားမယ့် ထိုင်ဝမ်အစစ်ဗျ.. လို့ တတွတ်တွတ် ပြောနေတော့.. သိန်းတိုးက.. တခွိခွိနဲ့ ရယ်တယ်..။

သိန်းတိုးကို.. ဂျိုကြည့်ကြည့်ရင်း ကျွန်တော်လည်း မနေနိုင်ဘူး.. ရယ်မိတယ်..။

1 comment:

kyaw said...

ထိုင်ဝမ် ဖရဲ သီး တို့ ထိုင်ဝမ်ပြောင်းဖူးတို့ ကို
အဲဒီထဲကစိတ်နာသွားတာပေါ့ ..ဟုတ်လားဗျ