Sunday, June 8, 2008

11.3 ချိုမြိန်သော နေ့ရက်များ

နီနီလှနဲ့ တွေ့ဆုံခဲ့ကြတဲ့ ရက်များဟာ.. ဘ၀ရဲ့ အပျော်ရဆုံး အချိန်တွေထဲက တစ်ခုပဲ..။ ရထားပေါ်က အစပြုခဲ့တဲ့ ခင်မင်မှုကနေ နောက်ပိုင်းမှာ သူမက ကျွန်တော့်ကို ကိုလေးလို့ ခေါ်တဲ့အထိ ဖြစ်သွားခဲ့တယ်..။ သူကိုယ်သူကျတော့ ညလေးတဲ့..။

အဲဒီနှစ်ပိုင်းတွေမှာ ကြို့ကုန်းကနေ အာစီတူးကို ဖြတ်တဲ့ ၅၀ ဘစ်စ်ကားဒရိုင်ဘာများကတောင် ကျွန်တော့်ကို.. မျက်မှန်းတန်းမိတဲ့အထိပဲ..။ ညနေကျောင်းဆင်းတာနဲ့ ညလေးရဲ့ အဆောင်ရှေ့မှာ ကိုလေး ရောက်နေခဲ့တယ်..။ တစ်ခါတစ်ရံ အတန်းအတူတူလစ်ကြတယ်..။

ချစ်သူတွေဖြစ်သွားပြီးနောက် ကျွန်တော့်မှာ အဖေ ငုတ်တုတ်ကြီး ရှိနေသေးကြောင်း ရထားပေါ်မှာ သူမကို လိမ်ခဲ့ကြောင်း ကျွန်တော်ဝန်ခံတော့.. ကိုလေးက သိပ်နောက်တာပဲ .. လူဇိုး.. ဆိုပြီး ကျွန်တော့်ကျောပြင်ကို သူမလက်ကလေးနဲ့ အသာရိုက်တယ်..။ အချစ်ဆိုတာ အဲဒါပဲလားတော့ မသိဘူး..။


တစ်ခါတစ်ရံအတန်းလစ်ပြီး ကျွန်တော်တို့နှစ်ယောက် ရုပ်ရှင်သွားကြည့်ကြတယ်..။ သမတ ရုံမှာ ကြည့်ဖြစ်တာ များပါတယ်..။ ကျွန်တော်က မြန်မာကားဆို သိပ်ကြည့်ချင်တာမဟုတ်ပေမယ့် ညလေးအလိုတော်အတိုင်း မြန်မာကားကြည့်ရတယ်..။

ပြောရဦးမယ်..။ ကျွန်တော့်ဘတ်ဂျက်အခြေအနေက.. ချစ်သူတစ်ယောက်တောင် တင့်တောင့်တင့်တယ်မထားနိုင်တဲ့ ဘ၀ပဲ..။ ဒါပေမယ့် သမိုင်းဝင်းကနေ သမတအထိ ဘတ်စ်ကားခကို ယောက်ျားပီသစွာနဲ့ ကျွန်တော်ကပဲ မားမားမတ်မတ် တာဝန်ယူလေ့ရှိတယ်..။

ရုံဝင် လက်မှတ်ဖြတ်ရင်တော့ လေဒီဖတ်စ်ပဲ..။ ညလေးကို.. ဦးစားပေးလိုက်တယ်..။ ဟဲဟဲဟဲ..။ ချစ်သူတွေဖြစ်သွားပြီးနောက်မှာတော့.. ကျွန်တော့်မိသားစုအခြေအနေကို အူမချေးခါးမကျန် ညလေး ကို ပေးသိထားလိုက်တယ်..။

ကျွန်တော်ဘယ်လောက်ဆင်းရဲကြောင်းကို ပထမဦးဆုံးအကြိမ် သူမကြားရတုံးက ထုံးစံအတိုင်း မျက်လုံးလေးအပြူးသားနဲ့ မယုံတ၀က်ယုံတ၀က် ဇဝေဇ၀ါမျက်လုံးတွေနဲ့ ကျွန်တော့်ကို သူမကြည့်နေခဲ့တယ်..။ နောက်တော့ ကျွန်တော်အတည်ပြောနေမှန်း သေချာသွားတော့မှ ကျွန်တော့်လက်ကို တင်းတင်းဆုပ်ရင်း.. ညလေး .. အဲဒါတွေ နားလည်ပါတယ်.. ကိုလေးရယ်.. ဘ၀ဆိုတာ.. ကြိုးစားရင် တနေ့ အောင်မြင်လာမှာပေါ့.. လို့ အားပေးစကားဆိုတယ်..။

သူမရဲ့ အားပေးစကားများကို ကျွန်တော်အခုအချိန်အထိ ကြားယောင်နေဆဲပဲ..။

ကျွန်တော့်လက်ကို.. တင်းတင်းဆုပ်ထားတဲ့.. သူမရဲ့ လက်ကလေးတွေကို ပြန်လည်ဆုပ်ကိုင်ရင်း ညလေးရဲ့ ဘ၀ကိုလဲ ကိုလေး သိပ်သနားတာပဲ လို့ ခပ်တိုးတိုးလေး ကျွန်တော်ပြောတော့.. ဟင်.. ဘာဖြစ်လို့ သနားတာလဲ လို့ သူမက ပြန်မေးရှာတယ်..။

ညလေးဆိုတာ.. ဗျည်းသုံးဆယ့်သုံးလုံးထဲမှာ မပါတာကို တွေးမိတိုင်း စိတ်မကောင်းဖြစ်ရတယ်..။ ညလေးအစား ညကြီးလို့ ကိုလေးပြောင်းခေါ်မယ်နော်.. ။ လို့ ကျွန်တော်ဆက်ပြောတော့.. ကြည့်.. အကောင်းပြောနေရင်း ဖောက်လာပြီ .. ဆိုပြီး.. ကျွန်တော့်ရင်ဘတ်ပေါ်ကို သူမရဲ့ လက်သီးဆုပ်ကလေးတွေ လေထီးနဲ့ ဆင်းလာတယ်..။

ကြုံတုံး ရုပ်ရှင်ကြည့်တဲ့အကြောင်းပြောရဦးမယ်..။ ဟဲဟဲဟဲ..။

အဲဒီအချိန်တုံးက သမတရုံမှာ အခုလို Double seat ဆိုတာ မရှိသေးဘူး..။ ရှိလည်း.. ကျွန်တော်တို့ နှစ်ယောက်ထိုင်ဖြစ်မယ် မထင်ပါ.. ( ယုံချင်ယုံမယုံချင်နေ)

လက်မှတ်ဖြတ်ပြီး ရုံထဲမ၀င်ခင် ညလေးက နေကြာစေ့ နှစ်ထုတ်လောက် ၀ယ်လေ့ရှိတယ်..။ ရုံထဲမှာ ထုံးစံအတိုင်း နိုင်ငံတော်အလံ အလေးပြု.. ထွေလာကြည့်ပြီးတော့ ဇာတ်ကားကြီးပြတယ်...။ ပိတ်ကားပေါ်က ဇာတ်ကားကြီးနဲ့ အပြိုင် ရုံထဲမှာလဲ အချစ်ဇာတ်လမ်းအတိုလေးတွေ တပြိုင်နက်ပြတယ်..။

ပိတ်ကားပေါ်က အလင်းရောင်ပဲ ရှိတော့ပေမယ့်.. ညလေးဘေးက အတွဲ.. အကြင်နာအယုအယတွေ ဖလှယ်နေတာကို.. ၀ိုးတ၀ါး မြင်နေရတယ်..။ သူတို့ သိပ်ချစ်နေကြတယ်..။ သူ့ဘေးက အတွဲကြောင့် ညလေး နေရထိုင်ရခက်နေဟန်ရှိတယ်..။ သက်ပြင်းခိုးချပြီး ကျွန်တော့်ဖက်ကို သူမ ခပ်ရွံ့ရွံ့ လှည့်ကြည့်တယ်..။ မသိချင်ယောင်ဆောင်ပြီး သူမလက်ထဲက နေကြာစေ့ထုတ်ကို ကျွန်တော်လှမ်းယူလိုက်တယ်..။

သူမရဲ့ လက်ကလေးတွေ အေးစက်နေတယ်..။ အဲဒီအေးစက်စက် လက်ကလေးတွေကို မလွှတ်တမ်း ကိုင်ထားရင်း..

"ည.. လေး.."

" ... .. "

" ည .. လေး.. "

" အင်... "

" ကိုလေးကို ဖက်ချင်ရင် အားမနဲ့နော် .. "

" သေ လိုက် .. "

" အား.. " ( ကျွန်တော့်ဗိုက်ခေါက်ကို သူမက ဆွဲလိမ်တယ် )

" ခွိခွိခွိခွိခွိ.. "

ပြနေတဲ့ မြန်မာကားက နှဲကြီးမှုတ်နေတဲ့အခန်း...။ အဖေလုပ်တဲ့ အဘိုးကြီးက သေခါနီး နောက်ဆုံးမှာတမ်းချွေနေတဲ့ ဇာတ်ကွက်ပေါ့...။ တစ်ရုံလုံးက ဇာတ်လမ်းထဲ စီးမျောပြီး.. လွမ်းဆွေးနေတဲ့ အချိန် ကျွန်တော်တို့နှစ်ယောက်က တခွိခွိနဲ့ ရယ်နေကြတော့ ဘေးနားက လူတွေက လှည့်ကြည့်ကြတယ်..။

နှစ်ယောက်သား မျက်နှာပိုးသပ်ပြီး ဟန်မပျက်ရုပ်ရှင်ဆက်ကြည့်ကြတယ်..။ သူမလက်ကလေးတွေကိုတော့ မလွှတ်တမ်းကိုင်ထားလျက်ပေါ့..။ ခနနေတော့ ညလေးက စကားစတယ်..။

" ကို လေး.. "

" ဘာ လဲ .. "

" နေကြာစေ့ စားမလား.. "

" အင်း.. "

" အဲဒါဆို နေကြာစေ့ထုတ်ပြန်ပေး ညလေး အခွံနွှာပေးမယ်.. "

ရော့ ဆိုပြီး သူမလက်ထဲ နေကြာစေ့ထုတ်ပြန်ပေးလိုက်တယ်..။ မလွှတ်တမ်းကိုင်ထားတဲ့ လက်ကလေး ကိုပါ..ပြန်လွှတ်ပေးလိုက်ရတယ်..။ ဒါပေမယ့်.. ရောသောဖောသောနဲ့ သူမရဲ့ ပုခုံးလေးပေါ် ကျွန်တော့်လက် တစ်ဖက်တင်လိုက်တယ်..။ တွန့်ကနဲ ဖြစ်သွားတဲ့ ခံစားချက်ကို.. လက်ကနေတဆင့် ကျွန်တော်ရလိုက်တယ်..။

ကျွန်တော့်ပါးစပ်နားကို သူမရဲ့ လက်ကလေး ရောက်လာတယ်..။ ပါးစပ်ဟပြီး သူမခွံ့ကျွေးတဲ့ နေကြာစေ့ကို အလိုက်သင့် ၀ါးတယ်..။ တစ်စေ့ နှစ်စေ့ သုံးစေ့ .. ညလေးက တခွိခွိရယ်တယ်..။ ကျွန်တော်လဲ လိုက်ရယ်ရင်း ၀ါးလက်စ နေကြာစေ့ကို ထွေးထုတ်လိုက်ရတယ်..။

ထွေးမထုတ်လို့လဲ မဖြစ်တော့ဘူး..။ ကျွန်တော့်ကို ညလေး ခွံ့နေတာက အခွံတွေချည်းပဲ..။ ပထမတစ်စေ့လောက်တုံးကတော့.. မတော်တဆလို့ ထင်ပြီး ဟန်မပျက်ဝါးနေမိတယ်..။ သုံးလေးစေ့လောက်ဝါးပြီးမှ သက်သက်မဲ့ အခွံတွေ ခွံ့နေမှန်း သိတော့တာပဲ..။


ညလေး မကောင်းဘူး.. ကိုယ့်ကို အခွံတွေကျွေး တယ်.. လို့ ပြောရင်း သူမပုခုံးပေါ်က ကျွန်တော့်လက်ကို မသိမသာ အားထည့်လိုက်တယ်..။ စပရိန်တစ်ချောင်းရဲ့ တုန့်ပြန်မှုမျိုးနဲ့ ညလေးရဲ့ကိုယ်လုံးလေး ကျွန်တော့်ဖက်ကို ယိုင်လာတယ်..။

သင်းသင်းညက်ညက် သနပ်ခါးနံ့လေးကို ကျွန်တော်ခံစားလိုက်ရတယ်...။

" ကို.. လေး" လို့တုန်တုန်ရီရီနဲ့ ခပ်တိုးတိုးလေး သူမခေါ်တယ်..။

နောက်ဆုံး ကျွန်တော်တို့ ဦးခေါင်းနှစ်လုံး ထိကပ်သွားတယ်..။ သူမရဲ့ အသက်ရှုသံကို ကျွန်တော်ကြားနေရတယ်..။ ကျွန်တော့်ရဲ့ ရင်ခုံသံတွေ သိပ်မြန်နေခဲ့တယ်..။

ကျွန်တော့်ခေါင်းနဲ့ သူမရဲ့ ဆံနွယ်လေးတွေကို.. တိုးထိ ပွတ်သပ် လုပ်နေမိတယ်..။

အဲဒီလိုလုပ်တာ ညလေးမကြိုက်ဘူးလို့ သူမက တီးတိုးပြောတယ်..။ အဖြစ်သည်းလိုက်တာ.. ခေါင်းချင်းထိတာလေးများ ညလေးရယ်.. လို့ ကျွန်တော်ပြန်ပြောတော့.. သန်းတွေကူးကုန်ရင် ဘယ်နှယ့်လုပ်မလဲ လို့ တခွိခွိရယ်ရင်း ပြန်ပြောတယ်..။

ဇာတ်ကားက လွမ်းချက်ဆွေးချက် ကမ်းကုန်တဲ့ကား..။ ဒါပေမယ့် ကျွန်တော်နဲ့ ညလေးက ဟာသကားကြည့်နေသလားအောက်မေ့ရတယ်..။ တခွိခွိနဲ့ ရယ်ပြီးရင်းရယ်နေလေတော့.. နောက်ခုံက မိန်းမက ချောင်းဟန့်တယ်..။ ချောင်းဟန့်သံကြောင့် ခပ်ရွံ့ရွံ့ ဖြစ်သွားတဲ့ ညလေးကို အဲဒီမိန်းမ ပါးစပ်အားလို့ ချောင်းဆိုးတာပါ.. ဂရုစိုက်မနေနဲ့ လို့ ကျွန်တော်ကပြောတော့ တခွိခွိနဲ့ ရယ်မိကြပြန်တယ်..။

အဲဒီနေ့က ဘတ်စ်ကားပေါ်ရောက်တဲ့အထိ နှစ်ယောက်သား မျက်နှာပိုးမသေချင်ကြသေးဘူး..။ သမိုင်းဝင်းထဲအေ၇ာက်မှာ ညလေးကို မဆင်းနဲ့အုံး ကိုလေးတို့ကျောင်းမှာ တစ်ခုခုစားပြီးမှ ပြန်ပေါ့လို့ ပြောပြီး ကြို့ကုန်းခေါ်လာခဲ့တယ်..။

ကျောင်းကန်တင်းရောက်တော့ ကံဆိုးစွာ သိန်းတိုးတို့အဖွဲ့နဲ့ ပက်ပင်းတိုးတော့တာပဲ..။

အခုမှတော့ မထူးတော့ပါဘူးဆိုတဲ့ စိတ်နဲ့ ရင်ကော့ခေါင်းမော့ပြီး သူတို့ဝိုင်းမှာ နှစ်ယောက်သား ၀င်ထိုင်လိုက်တယ်..။ မနက်စောက ၀မ်းချုထားတာမှန်သွားပြီ လို့ ကြွေးကြော်ရင်း သိန်းတိုး ဆီချက်ခေါက်ဆွဲမှာတယ်..။

ကျန်တဲ့ကောင်တွေကလဲ အသီးသီးအသသ အမဲဖျက်သလို မှာကြတယ်..။

စားပွဲထိုးလာချပေးတဲ့ ဆီချက်ပန်းကန်ကို မြှောက်ပြီး ကိုလေးနဲ့ညလေး ကိုယ်လေးလက်ဝင်.. အဲလေ.. ကိုယ်ရောစိတ်ပါ ချမ်းသာပါစေလို့ ပါးစပ်ကရွတ်ရင်း ဆီချက်ပန်းကန်ထဲကို သိန်းတိုး ထွီကနဲ တံတွေးထွေးထည့်လိုက်တယ်..။

ဟယ်.. ညစ်ပတ်လိုက်တာ အရမ်းပဲ ဆိုပြီး ညလေးက နှာခေါင်းရှုံ့တယ်..။

မယ်မင်းကြီးမ နှာခေါင်းရှုံ့မနေနဲ့.. အခုလို တံတွေးထွေးထည့်မထားရင်.. ကျန်တဲ့ကောင်တွေ ၀ိုင်းတီးတာနဲ့ ငါတောင် စားရမှာမဟုတ်ဘူးလို့ ပြောရင်း တံတွေးဆီချက်ကို တူနဲ့မွှေပြီး သိန်းတိုး ပယ်ပယ်နယ်နယ်စားတယ်..။

ဟေ့ကောင်သိန်းတိုး ကော်ရည်လိုသေးရင် ငါ့ဆီကယူ လို့ အောင်နိုင်ထွန်းက အော်ရင်း.. ခူး ခဲ နဲ့ သလိပ်ခြစ်ထုတ်တယ်..။ သိန်းတိုးက ကပျာကယာ ဆီချက်ပန်းကန်ကို လက်နဲ့ အုပ်တယ်..။

သူတို့နှစ်ယောက်ဖြစ်ပျက်နေတာကို ကြည့်ပြီး ကျွန်တော်တို့ တဖွဲ့လုံး ပွဲကျနေကြတယ်..။ ရယ်ရလွန်းလို့ အူတွေတောင်နာနေပြီလို့.. ညလေးက ပြောတယ်..။

ခနနေတော့ ကျွန်တော်နဲ့ညလေးအတွက် ထမင်းပွဲရောက်လာတယ်...။ ညလေးစားလေ ဆိုပြီး ၀က်သားတစ်တုံး ညလေးပန်းကန်ထဲ ခပ်ထည့်ပေးလိုက်တယ်..။ ဟင်.. ဒီမှာ ဆံပင်ချည်ကြီး လို့ညလေးက ၀က်သားတုံးပေါ်က အမွှေးတစ်ချောင်းကို လက်ညှိုးထိုးပြတယ်..။

အဲဒီအမွှေးကို တူနဲ့ညှပ်ပြီး ကွန်ပလိန်းလုပ်ဖို့ ဆိုင်ရှင်ဦးလေးကြီးကို ခေါ်လိုက်တယ်..။

တူနဲ့ညှပ်ထားတဲ့ အမွှေးကို သေချာကြည့်ပြီး ဦးလေးကြီးက

" မင်းကလဲကွာ.. မကောက်ပါဘူးကွ.. စားစမ်းပါ.. ဆံပင်ချည်နေမှာပါ.."

လို့ ပြန်ပြောတယ်..။

ငိုအားထက်ရယ်အားသန်ဆိုတာမျိုးပဲ..။

1 comment:

Unknown said...

ဒါလည်း ကျွန်တော့်အဖွဲ နဲ့ တူနေပြီဗျို
ငတ်ကြီးကျတွေကများတာကိုး
အကို့ စာတွေဖတ်ပြီး...သူငယ်ချင်းတွေကိုသတိရလိုက်တာဗျာ