Thursday, July 22, 2010

47.1 မြေတိုင်းစာရေးကြီး ဦးဘိုးလှိုင်

အဖေ့အကြောင်း ရေးတော့ ဘွားတင်ရဲ့အဖေ ဦးဘိုးလှိုင် အကြောင်းပါ ထည့်ရေးမှ ပြည့်စုံမယ်လို့ တွေးမိတယ်..။ ဘာဖြစ်လို့လည်း ဆိုတော့ အဖေက ဦးဘိုးလှိုင်ရဲ့ အချစ်ဆုံးမြေး..။ ဦးဘိုးလှိုင်က ကိုလိုနီခေတ် အစိုးရ၀န်ထမ်း၊ တစ်လကို လစာ သုံးကျပ်ခွဲရတဲ့ မြေတိုင်းစာရေးကြီး..။ မြေတိုင်းစာရေးဆိုတာ ကိုလိုနီခေတ် တောင်သူလယ်သမားတွေရဲ့ ကောက်ပဲသီးနှံစိုက်ပျိုးဖြစ်ထွန်းမှုကို လယ်ခင်းယာခင်းအရောက် ကိုယ်တိုင် သုံးသပ်လေ့လာပြီး အစိုးရကိုယ်စား မြေခွန်တော် စည်းကြပ်ကောက်ခံရသူပဲ..။

သီးနှံအထွက်နှုန်းကောင်းတဲ့ လယ် ကို အခွန်လျော့ပေါ့ ကောက်ခံတာတို့၊ ပုံမှန်လောက်သာထွက်တဲ့ လယ်ကို အခွန်စည်းကြပ်မှု လျှော်ပစ်တာတို့ ဆိုတာ ဦးဘိုးလှိုင်ရဲ့လက်ဖျား ငွေသီးစေတဲ့ လုပ်ပိုင်ခွင့်တွေပေါ့...။ ရာသီအလိုက် သီးနှံရိတ်သိမ်းချိန် ရောက်တိုင်း ဦးဘိုးလှိုင်က.. ဆူးဖြူးကုန်း နယ်တကျောက လယ်ယာမြေ တွေကို စနည်းနာ ထွက်လေ့ရှိတယ်..။

အဲသလို စနည်းနာ မထွက်ခင် ညမှာ “ မနက်ဖန်.. မနက်၊ ရုံးရင်းတောအပိုင်း အကွက်အမှတ် (----- မှ ------ အထိ) မြေတိုင်းစာရေးကြီး ဦးဘိုးလှိုင်မှ ကွင်းဆင်း စစ်ဆေးမည်ဖြစ်ပါသဖြင့် သက်ဆိုင်ရာ အခင်းရှင်များအနေဖြင့် မိမိတို့ ယာကွက်မှ အသင့်စောင့်ဆိုင်းနေကြပါရန် အသိပေးနှိုးဆော်အပ်ပါတယ် .. ဗျို့ ” ဆိုပြီး ဗျို့ဟစ်မောင်းထုလေ့ ရှိပါတယ်..။

မောင်းသံ ကြားတာနဲ့ တချို့အခင်းရှင်တွေက ဦးဘိုးလှိုင်အိမ် လာပြီး.. သူတို့အကွက် အခွန်တော် လျော့ပေါ့စေရန် အလို့ငှာ အသပြာ ငွေတစ်မတ်ကို ဦးဘိုးလှိုင်ရှေ့ချထားတဲ့ ကွမ်းအစ်ထဲ ထည့်ပါတယ်..။ တစ်ယောက် တစ်မတ်ဆိုပေမယ့် တောင်သူတစ်ရာ မတ်တစ်ရာ..။ မတ်တစ်ရာ ငွေနှစ်ဆယ့်ငါးကျပ် ဆိုတော့ တစ်လတစ်လ လစာ သုံးကျပ်ခွဲရတဲ့ မြေတိုင်းစာရေးကြီးရဲ့ ၀င်ငွေကို တွက်သာကြည့်ပေတော့..။

ဒီကြားထဲ ဦးဘိုးလှိုင်က ရလာသမျှ ၀င်ငွေအားလုံးကို ရင်းနှီးမြုပ်နှံမှုအဖြစ် လယ်ယာမြေတွေပဲ ပြန်ဝယ်တော့ ဧက ထောင်ချီပိုင်တဲ့ မြေပိုင်ရှင်ကြီး ဖြစ်လာ ခဲ့တယ်..။ ဒါတင်မက ပိုင်ဆိုင်သမျှ လယ်မြေအားလုံးကို မြေစုမြေငှားချလိုက်ပြန်တော့ ဦးဘိုးလှိုင်ရဲ့ စီးပွားရေးက ဒီလှိုင်းတွေလိုဆပွားတိုးလာခဲ့တော့တယ်။

မြေစုမြေငှားချတယ်ဆိုတာ.. ကိုယ့်မြေကို တကယ်လယ်လုပ်မယ့်သူဆီ အငှားချပြီး ထွက်ရှိလာတဲ့ ကောက်ပဲသီးနှံကို မြေရှင်နဲ့ မြေငှား အချိုးကျ ခွဲဝေ ယူကြတာပါပဲ..။

မြေရှင်က သီးနှံစတင်စိုက်ပျိုးချိန်မှာ မျိုးစေ့ စိုက်ထုတ်မပေးရရင် ထွက်လာတဲ့ သီးနှံရဲ့ သုံးဆယ်ရာခိုင်နှုန်း ဝေစုရပြီး၊ မျိုးစေ့ စိုက်ထုတ်ပေးရရင်တော့ ငါးဆယ်ရာခိုင်းနှုန်း မြေစုပြန်ရပါတယ်...။

ဘွားတင်က ဦးဘိုးလှိုင်ရဲ့ တစ်ဦးတည်းသော သမီးဖြစ်တာမို့ ဦးဘိုးလှိုင် ရှာသမျှ စည်းစိမ်တွေဟာ အဖေတို့ ညီအကိုမောင်နှမ ဆယ့်သုံးယောက်အတွက် ပိုလျှံတာထက်ကို ပြည့်စုံစေခဲ့ပါတယ်..။

47.2 အုံးဖေ (သို့) ကုန်းဖေ

အဖေ့ကို ကျန်တဲ့ညီအကိုမောင်နှမတွေက နာမည်ရင်း အုံးဖေ အစား ကုန်းဖေ လို့ ခေါ်ကြပါတယ်..။ အဖေက အတိုင်အတော အလွန်ထူတဲ့အပြင် ကုန်းချော ကုန်းတိုက်ကလည်း မောင်နှမတွေကြား အလွန်လုပ်လို့ ကုန်းဖေ နာမည်တွင်ခဲ့ဟန် ရှိပါတယ်..။ အဘိုးဖြစ်သူ ဦးဘိုးလှိုင်အလိုလိုက်တာကြောင့်လဲ အဖေ စိတ်ကြိုက်ဆိုးခွင့်ရခဲ့ဟန် ရှိပါတယ်..။

ဦးဘိုးလှိုင်ကလည်း အဖေ့ကို သည်းသည်းလှုပ်မျှ ချစ်ပါတယ်..။ ညတိုင်း အဖေက သူမအိပ်မချင်း ဦးဘိုးလှိုင်ကို “ အဘ ” “ အဘ ” နဲ့ ခေါ်ပါတယ်..။ ဦးဘိုးလှိုင်ကလဲ “ ဗျ ” “ဗျ” နဲ့ ခေါ်သမျှ တခွန်းမကျန် ပြန်ထူးလေ့ရှိပါတယ်..။ တခါတရံ အဖေ အိပ်ပျော်သွားပြီး ခေါင်းရင်းခြံက ဆိတ်တွေ “ပဲ” “ပဲ” နဲ့ အော်နေတာကိုတောင် ဦးဘိုးလှိုင်က သူ့မြေး ခေါ်သံထင်ပြီး “ဗျ” “ဗျ” နဲ့ ပြန်ထူးနေတတ်ပါသေးတယ်..။

နောက်ဆုံး ဘွားတင်က “ အဖေ့မြေးက အိပ်သွားတာ ကြာပေါ့ ” “ ခေါင်းရင်းခြံက ဆိတ်အော်သံကို မြေးခေါ်သံ ထင်မနေနဲ့ အိပ်တော့ ” ဆိုမှ ဦးဘိုးလှိုင် က စိတ်ချလက်ချ အိပ်တယ်လို့ ဆိုပါတယ်..။ တကယ်တော့ အဖေတို့ ညီအကိုမောင်နှမတတွေဟာ အဘိုးဖြစ်သူ ဦးဘိုးလှိုင်ရဲ့ စောင့်ရှောက်မှုနဲ့ ကြီးပြင်း လာခဲ့ကြရတယ်ဆိုရင် မမှားပါဘူး..။

ဦးဘိုးလှိုင်က သတ္တိဗျတ္တိနဲ့လည်း ပြည့်စုံတယ်လို့ ဆိုပါတယ်..။ အဖေ့ရဲ့ စိတ်ဓါတ်တော်တော်များများဟာ ဦးဘိုးလှိုင်ဆီက အမွေရခဲ့ဟန် တူပါတယ်..။

အဖေတို့ လူလားမြောက်တဲ့အချိန်က မြန်မာ့ပြည်တွင်းရေး အရှုပ်ထွေးဆုံး အချိန်ဆိုတော့ မြို့ မြို့အလျောက်၊ တော..တောအလျောက် သိပ်ကြီးငြိမ်းချမ်းလှတယ်လို့ မဟုတ်ပါဘူး..။ ဂျပန်က အပြေး၊ အင်္ဂလိပ်က တကျော့ပြန်အ၀င်.. ဂျပန်တွေ ကျန်ခဲ့တဲ့ သေနတ်တွေဆိုတာကလဲ ရွာတိုင်း အိမ်တိုင်းနီးနီးလောက်မှာ ဖောချင်းသောချင်း ရှိကြတာဆိုတော့ ဓါးပြတိုက်တယ် လူသတ်တယ်ဆိုတာ အတော့်ကို လွယ်လွယ်နဲ့ လုပ်နေကြတဲ့ အချိန်ပေါ့..။

အဖေတို့အိမ်မှာကို သေနတ် သုံးလက်ရှိတယ်လို့ ဆိုပါတယ်..။ ဦးဘိုးလှိုင်က တစ်လက်၊ အဖေ့ရဲ့အကိုအကြီးဆုံး ဦးခင်မောင်ကိုင်တာက တစ်လက်နဲ့ အဖေ့အထက်ကပ်လျက် ဦးဟန်စိန်က တစ်လက်.. ပေါင်းသုံးလက်ပေါ့..။ အဖေကတော့ အဲဒီအချိန်က ဆယ့်နှစ်နှစ်၊ဆယ့်သုံးနှစ်လောက်ပဲ ရှိသေးတာမို့ သေနတ်ကိုင်ခွင့် မရသေးပါဘူး..။

သေနတ်ကိုင်ချင်ရင် သူ့အကိုအကြီးဆုံး ဦးခင်မောင်ရဲ့ သေနတ်ကို ခိုးခိုးကိုင်ရလေ့ရှိပါတယ်..။ ဒါပေမယ့် ဦးခင်မောင်က အိမ်သိပ်မကပ်တော့ အဖေ့အနေနဲ့ တရားဝင် သာ သေနတ်ကိုင်ခွင့်မရတာ သေနတ်ကိုတော့ ကောင်းကောင်း ပစ်တတ်နေခဲ့ပါပြီ..။ အဲသလို သေနတ်ခိုးကိုင်တဲ့ အကျိုးကျေးဇူးက အဖေ့ဘ၀ လောကဓံခရီးမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်..။

တစ်ရက် အဖေတို့အိမ် ဓါးပြ အတိုက်ခံရပါတယ်..။ ဓါးပြတွေက ညဆယ့်နှစ်နာရီလောက် အိမ်ကိုဝင်စီးပြီး ဓါးစာခံအဖြစ် အဖေ့မိဘနှစ်ပါးနဲ့ ညီအကိုမောင်နှမ တချို့ကို ဖမ်းလိုက်ကြပါတယ်..။ အဖေက အဲဒီညက ဦးဘိုးလှိုင်နဲ့ အိမ်ပေါ်မှာ အိပ်တာမို့ အဖမ်းမခံရဘူး..။ အဖေ့အကို ဦးခင်မောင်က အဲဒီအချိန် တခြားရွာ ခရီးလွန်နေလို့ အိမ်မှာမရှိဘူး..။

အဲဒါနဲ့ အဖေက ဦးခင်မောင် သေနတ်ယူပြီး အဘိုးဖြစ်သူ ဦးဘိုးလှိုင်နဲ့ အိမ်အပေါ်ကနေ ဓါးပြတွေကို ခံ ပစ်ကြတယ်..။ အဖေ့အထက်က ဦးဟန်စိန် ကလည်း ၀ိုင်းထဲက ပဲမှော်တိုက်အောက်ကနေ ဓါးပြတွေကို ပစ်တယ်..။ ဓါးပြတွေက အဲသလို အပစ်ခံရတော့ ဘွားတင်ကို အကျပ်ကိုင်ပြီး အော်ခိုင်းတယ်။ “ အမေတို့ကို မိထားပြီ.. အုံးဖေတို့ ဟန်စိန်တို့ မပစ်ကြပါနဲ့ ” ပေါ့..။

ဒါပေမယ့် အဖေတို့က နားမထောင်ဘူး..။ အော်လေ တွန်းပစ်လေ ပဲ..။ နောက်ဆုံး ဓါးပြ လေးယောက်သေပြီး ဓါးပြတွေ ထွက်ပြေးကြတော့တယ်..။

နောက်နှစ်ရက်အကြာ.. အဲဒီသတင်းကြားတဲ့ မြို့က အာဏာပိုင်တွေ ရောက်လာပြီး ဓါးပြတွေကို ခံချတဲ့ အဖေတို့ ညီအကိုနှစ်ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ မြင်းစီးရိုင်ဖယ် နှစ်လက် ဆုချတယ်..။

အဲဒီကစပြီး ပစ်ချင်ခတ်ချင်၊ တိုက်ချင်ခိုက်ချင်တဲ့စိတ်က အဖေ့ဆီမှာ သန္ဓေတည်သွားခဲ့ပါတော့တယ်..။

47.3 အုံးဖေ တောခိုပြီ

မြန်မာပြည်က ဂျပန်ပြေးတော့ အဖေ နွားထိုးကြီးမြို့ပေါ်တက်ပြီး ကျောင်းနေတယ်..။ ကျောင်းက အင်ဂလိုဗနီကူလာ ဆိုတဲ့ အင်္ဂလိပ်စာသင်ကျောင်း ပဲ..။ အဖေကျောင်းနေစဉ်မှာ ဖဆပလအစိုးရနဲ့ ကွန်မြူနစ်၊ရဲဘော်ဖြူ ကွဲပြဲပြီး သူတလူ ငါတမင်း ကိုယ်ပိုင်ရာပိုင်ရာ နယ်မြေတွေ အုပ်ချုပ်ပြီး ဗိုလ်လုပ်ကြ တော့တယ်..။

နွားထိုးကြီးမြို့ကို အဲဒီတုံးက ဖဆပလ အစိုးရက အုပ်ချုပ်နေတယ်..။ အုပ်ချုပ်တယ်သာ ဆိုတယ်.. မြို့ပေါ်ကွက်ကွက်ကလေးလောက်သာ.. ဖဆပလ အာဏာစက်ရှိတယ်..။ နယ်ထဲက ရွာတွေကတော့ ကွန်မြူနစ်ရွာ ဖြစ်တဲ့ရွာကဖြစ်၊ ရဲဘော်ဖြူ ရွာဖြစ်တဲ့ရွာကဖြစ်နဲ့ ဖြစ်ချင်သလို ဖြစ်နေခဲ့တယ်..။ တဖွဲ့နဲ့ တဖွဲ့ အယောင်ဆောင် အပြစ်ဖို့ လုယက် ဓါးပြတိုက်တာတွေကလဲ မိုးလုံးပြည့်ပေါ့..။

ဖဆပလ အစိုးရ ဘက်တော်သားတွေ ကိုယ်နှိုက်က လစ်ရင်လစ်သလို ဓါးပြတိုက် လူသတ်လုပ်တယ်..။ လုပ်ပြီး ရဲဘော်ဖြူ လွှဲချတယ်..။ အဲဒါကို မခံနိုင်တဲ့ ရဲဘော်ဖြူရဲမေ မတင်က အဖေ့ကို မြှောက်ပေးတယ်..။ “ ရဲဘော် ဓါးပြလော၊ ဘမောင် ဓါးပြလော ” ဆိုတဲ့ စာရွက်တွေ နွားထိုးကြီး တမြို့လုံးမတင်မြှောက် ပေးတာနဲ့ အဖေလိုက်ကပ်တယ်..။

ဘမောင် ဆိုတာက ဖဆပလ လူကြီး..။

အကျိုးဆက်အနေနဲ့ ဖဆပလက အဖေနဲ့ မတင်ကို လိုက်ဖမ်းတော့တယ်..။ မတင်ကလည်း အုံးဖေ နင်.. ဒီအတိုင်းနေလို့ မရတော့ဘူး..။ ရဲဘော်ထဲ ၀င်ရင် ၀င် မ၀င်ရင် နင့်ကို ကာကွယ်နိုင်မှာ မဟုတ်တော့ဘူးနဲ့ ဆွယ်တယ်..။ တချိန်တည်းမှာ ဦးဘိုးလှိုင်တို့ ဘွားတင်တို့ ပိုင်ဆိုင်တဲ့ မြေတွေယာတွေ အိမ်တွေကို ရဲဘော်ဖြူက သိမ်းရုံမက အသက်ကိုပါ ရန်ရှာချင်နေပြီ..။

အဲဒီမှာ အဖေစဉ်းစားတယ်..။ သူ ရဲဘော်ဖြူထဲဝင်လိုက်ချင်းအားဖြင့် သူ့မိသားစုကို ကာကွယ်နိုင်မယ်..။ ဖဆပလကလည်း သူ့ကို လိုက်ဖမ်းနေပြီ..။ ဒီကြားထဲ သေနတ်ကိုင်ပြီး ပစ်ချင်ခတ်ချင် စိတ်ကလည်း ထိမ်းမနိုင်သိမ်းမရ ကြွထနေတယ်..။ အဲဒါနဲ့ပဲ ရဲဘော်ဖြူထဲ ၀င်ဖို့ ဆုံးဖြတ်လိုက်တော့တယ်..။

အဲသလိုနဲ့ အသက်ဆယ့်ခြောက်နှစ်သား မောင်အုံးဖေတစ်ယောက် သူပုန်ဖြစ်သွားခဲ့ရပါတော့တယ်..။