Tuesday, May 15, 2012

49.1 ကျမကို ချစ်ရင်တဲ့.. အံ့ရော



ဘလော့ဂ်ကို မရေးဖြစ်တာ အတော်ကြာပါပကော..။ အဓိကကတော့.. မအားနေတာရယ်.. အင်တာနက်နဲ့ အလှမ်းဝေး နေတာရယ်ကြောင့် မရေးဖြစ်တာပဲ..။ ဒီကြားထဲ ကျန်းမာရေးကလည်း.. နည်းနည်း လေး ယိုယွင်းချင်လာတယ်..။ ယွင်းပြီပေါ့..။ အသက်ကလည်း.. လေးဆယ်ကျော်ခဲ့ပြီ..။ အနေအထိုင်အစားအသောက်ကလည်း.. မဆင်မခြင် အရင်အတိုင်း ကိုး..။

အရက်ဆိုတာကလည်း.. ဘယ်ကနေဘယ်လို.. ရှောင်ရမှန်းကို မသိဘူး ဖြစ်နေတယ်..။ ပေါင်းနေသင်းနေတာကလည်း.. ပုလင်းတူဗူးဆို့တွေ..။ ထွက်လိုက်ရတဲ့ ခရီးဆိုတာကလည်း.. အိမ်မှာ နေရတယ်ကို မရှိဘူး..။ ကြာလာတော့.. ဟိုနားက နာသလိုလို- ဒီနားကနာသလိုလိုနဲ့- မော်တော်ကားစကားနဲ့ ပြောရရင်.. အင်ဂျင်ကကျနေပြီ..။

မဒမ်ကတော့.. တဖွဖွပြောရှာတယ်..။ ဆေးလေးဘာလေး စစ်ပါလားတဲ့..။ စစ်မနေချင်ပါဘူးအေ.. ရောဂါသိရတော့လည်း ကုနိုင်တာလိုက်လို့.. လို့ ဘာရယ်မဟုတ် ပြန်ပြောမိတယ်..။ အဲသလိုနဲ့.. နေခဲ့တာ.. လေးငါးနှစ်လောက် ရှိခဲ့ပြီ..။ ပြီးခဲ့တဲ့ သုံးလေးလလောက်ကတော့.. ရင်ဘတ်ထဲက အောင့်သလိုလိုရှိတာနဲ့ ဆရာဝန်သွားပြဖြစ်တယ်..။

စစ်လိုက်ရတဲ့ ဆေး..။ ကိုးဆယ့်ခြောက်ပါးလုံး ကုန်ရော..။ နောက်ဆုံးတော့ အဖြေထွက်တယ်..။ အသည်းရောင်နေတယ်..။ ကိုလက်စရောများနေတယ်..။ LDL က ရှိသင့်တာထက် သုံးဆလောက်ဖြစ်နေသတဲ့..။ ဆရာဝန်က ပြောရှာတယ်..။ ခင်ဗျားကို နဂိုရ်က.. တစ်နေ့ လေးပက်လောက်တော့ သောက်ခွင့်ပေးမလို့ တဲ့..။ အခု ဆေးစစ်ချက်ထွက်လာတော့.. လုံးဝသောက်လို့ မဖြစ်တော့ဘူးတဲ့..။

အနည်းဆုံး ဆေးသုံးလလောက် စွဲသောက်ပြီး.. အခြေအနေကောင်းမှ ပြန်သောက်ပါ လို့ မှာတယ်..။ ဒါပေမယ့်.. သို့သော်.. ဘယ်လိုပြောရမလဲ.. ခက်သားကလားကိုး.. ဆရာဝန်မှာတမ်း အသာဘေးချပြီး.. ရံဖန်ရံခါတော့လည်း.. သောက်နေမိတာပဲ..။ အရင်လောက်တော့.. မသောက်ဖြစ်တော့ပါဘူး..။

ဆရာဝန်ချိန်းတဲ့ follow up မကြာခင်က သွားပြဖြစ်တယ်..။

ခင်ဗျားကြည့်ရတာ.. ကောင်းလာသလိုပဲလို့ ဆရာ၀၀န်က ပြောတယ်..။ အော်-အင်း-ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ပေါ့..။ ဆရာဝန်က ထုံးစံအတိုင်း.. ဟိုစမ်းဒီစမ်းလုပ်ပြီး.. နောက်တစ်ကြိမ် follow up အတွက် ရက်ချိန်းပေးတယ်..။ လာမယ့် July လ.. 19 ရက်နေ့ တစ်ခေါက်ပြန်ပြပါတဲ့..။ ဆယ့်ကိုး ဂျုလိုင်ပေါ့..။

သူ့ရက်ချိန်း ကြားတော့.. ဘာရယ်မဟုတ် ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်.. သူ့ရည်းစားဆီက အဖြေတောင်းတာ.. သွား သတိရမိတယ်..။ ကောင်မလေးကို proposed လုပ်ပြီး.. အဖြေတောင်းတော့.. ကောင်မလေးက.. စဉ်းစားအုံးမယ်.. တစ်လပြည့်တဲ့နေ့ အဖြေပေးမယ်လို့ ပြောလွှတ်လိုက်တယ်..။ သူ proposed လုပ်တဲ့ ရက်က.. ဇွန်လဆယ့်ကိုးရက်နေ့..။

ဆိုတော့.. သူ့ကို အဖြေပေးမယ့်နေ့က.. ဂျုလိုင်ဆယ့်ကိုး ဖြစ်နေတယ်..။ သူကတော့ မသိရှာပါဘူး..။ သူငယ်ချင်းတွေ စုနေတဲ့ တိုက်ခန်းပြန်ရောက်တော့.. အဲဒီအကြောင်း သူဖောက်သည်ချတယ်..။ အဲဒီမှာ.. ငလုံး ဆိုတဲ့ကောင်က.. ဟ-မင်းကို အဖြေပေးမယ့်ရက်က.. ဆယ့်ကိုးဂျုလိုင်ဖြစ်နေတယ်..။ အဲဒီနေ့က အာဇာနည်နေ့ကွ..။ တို့ တတိုင်းပြည်လုံး ၀မ်းနည်းရတဲ့နေ့..။ မင်းလည်း အခြေအနေကောင်းမှာ မဟုတ်ဘူးလို့ ထပြောတယ်..။

အဲဒီကျမှ.. သကောင့်သားလည်း.. ကောင်မလေးဆီ တစ်ခေါက်ပြန်သွားပြီး.. အဖြေကို.. တစ်ရက်စောပြီး ပေးချင်ပေးပါ..။ ဒါမှ မဟုတ်.. တစ်ရက်နောက်ကျပြီး ပေးချင်ပေးပါလို့ .. တောင်းဆိုတယ်..။ ကောင်မလေးက.. တစ်ရက်နောက်ဆုတ်ပြီး ဂျုလိုင်နှစ်ဆယ်ရက်နေ့ အဖြေပေးမယ်လို့ သဘောတူလိုက်တယ်..။

အဲဒီရက်ရောက်တော့.. သကောင့်သား အစောကြီး အခန်းကနေ ထွက်သွားတယ်..။ ပြန်လာတော့ မျက်နှာက မသာမယာနဲ့..။ ဘာဖြစ်လာတာလဲ- အဆင်မပြေခဲ့ဘူးလားလို့ အားလုံးက ၀ိုင်းမေးတော့.. တစ်ဝက်ပြေ-တစ်ဝက်မပြေ လို့ မပွင့်တပွင့် နဲ့ ပြန်ဖြေတယ်..။

မချစ်နိုင်ဘူးလို့ ပြောလွှတ်လိုက်လို့လား ဆိုပြန်တော့လည်း မဟုတ်ဘူးတဲ့..။ ဒါဖြင့်ရင်.. နောက်ထပ် ရက်ချိန်းထပ်ပေးလို့လား ဆိုပြန်တော့လည်း.. မဟုတ်ဘူးတဲ့..။ ဒါဆိုရင် -မင်းဟာက ဘာလဲကွာ လို့ သူငယ်ချင်းတွေက.. စိတ်မရှည်တဲ့ လေသံနဲ့ မေးတော့မှ.. ကောင်မလေးက.. အချက်နှစ်ချက် တောင်းဆိုလိုက်လို့ဟေ့ လို့.. သကောင့်သားက ပြောတယ်..။

အင်း ပြောစမ်းပါအုံး.. သူက ဘာတွေတောင်းဆိုလိုက်လို့လဲ.. လင်းစမ်းပါအုံး ဆိုတော့.. သကောင့်သားက.. ပြောရခက်နေတယ်..။ သက်ပြင်းကို အတွဲလိုက်ချ- အခန်းမျက်နှာကျက်ကို အကြောင်းမဲ့အကြာကြီးမော့ကြည့်- နောက်တော့မှ အသက်ဝအောင် ရှုပြီး အခုလိုပြောတယ်..။

"ကောင်မလေးက သူ့ကို ကြိုက်ရင် အရက်ဖြတ်ရမယ်" တဲ့..။

ဟ-ဒါများ.. ဖြတ်မယ်ပြောလိုက်ပေါ့..။ ညားပြီးမှ ပြန်သောက်-အဲဒီအချိန်ကျ သူလည်း ဘာတတ်နိုင်တာမှတ်လို့ - ဆိုပြီး ငလုံးက ထပြောတယ်..။ ကျန်တဲ့လူတွေကလည်း.. ဟုတ်သားပဲ-အဲဒါများကွာ ပေးလိုက် ကတိ၊ ဆိုပြီး ၀ိုင်းပြောကြတယ်..။

အေး.. ငါကိုယ်တိုင်လည်း.. အဲဒီအချက်တော့.. လိုက်လျောနိုင်ပါတယ်..။ ဒါပေမယ့်..နောက်တစ်ချက် ရှိသေးတယ်..။ အဲဒါက သဘောတူဖို့ တော်တော်ခက်တယ်ကွ ဆိုပြီး.. " သက်ပြင်းတွေ အတွဲလိုက်ချ- မျက်နှာကျက်မော့ကြည့် " လုပ်နေပြန်တယ်..။

ဟ- ဘာကတိမို့လို့လဲ လို့ အားလုံးက ၀ိုင်းမေးကြတယ်..။ သူတော်တော်နဲ့ မဖြေဘူး..။ သူငယ်ချင်းများက.. လုပ်ပါ.. ငါတို့လည်း ၀ိုင်းစဉ်းစားပေးလို့ရတာပေါ့..။ နို့မို့ရင် မင်းဇာတ်လမ်းက.. လိပ်ခဲတင်းတင်းဖြစ်နေမှာ.. ဆိုပြီး မရမက အတင်း အစ်အောက်တော့မှ..

" သူ့ကို ချစ်ရင် ငါ့ သွားခေါ ကို ပြင်ပေး ရမယ် တဲ့ ကွာ " တဲ့..။ အဖြေက ထွက်လာတယ်..။

မိန်းမများ တောင်းဆိုစရာ ရှားလို့..။ အဲဒီသကောင့်သားကလည်း သွားက တော်တော်လေး ခေါရှာတယ်..။ မွေးရာပါ ခေါ တာ။ အဲဒါကြီး သွားပြုပြင်လို့ ဘယ်ဖြစ်မလဲ..။ အဲဒါက.. သူ့ရဲ့ trade mark ..ပဲ..။ ငယ်တုံးက.. ပြင်ခိုင်းရင်လည်း တော်သေး။ တသက်လုံး ခေါ လာတဲ့ သွား.. ချစ်သူအလိုကျအောင်.. ရိုက်ချိုးပြုပြင်လိုက်ဖို့ ဆိုတာ လွယ်တာမှတ်လို့..။

ဟေ့ အဲဒါတော့.. အဲဒီကောင်မ လွန်တယ်။ မကြိုက်ရင်လည်း နေပစေ..။ မင်း trade mark တော့ အပျက်မခံနဲ့..။ ဆိုပြီး တချိန်လုံးငြိမ်နေတဲ့ ကလေးသား သန်းဝင်းနိုင်က မှတ်ချက်ဝင်ပေးတယ်..။

အခုတော့လည်း.. အဲဒီ သွားခေါ လက်မောင်းကို ကနွဲ့ကယျချိတ်ပြီး.. ကလေးတစ်ယောက်နဲ့ မိသားစုလိုက် ကြွချီလာတာ.. ဟိုးတစ်ရက်က.. မင်္ဂလာဆောင်တစ်ခုမှာ တွေ့လိုက်ရတယ်..။

သွားက အရင်ထက်တောင် ပိုခေါ လာ သလိုပဲ..။ အဲဒီနေ့က..။



Friday, April 22, 2011

48.1 မြေဇာမြက်တို့ဖြင့် ယက်လုပ်ထားသော သပွတ်အူတို့အကြောင်း

၁၉၉၆ မှာ ကျောင်းပြီးတယ်..။ ကျောင်းပြီးလို့ သိပ်မကြာခင်ပဲ.. လှိုင်သာယာ စက်မှုဇုံမှာ အလုပ်ရတယ်..။ အဲဒီကစလို့ လှိုင်သာယာမြေက မခွါနိုင်တော့တာ.. အခုဆို ဆယ့်လေးငါးနှစ်ရှိခဲ့ပြီ...။ အဲဒီနှစ်ကာလတွေမှာ နေထွက်က နေ၀င်၊ ခေါက်ရိုးကျိုးနေတဲ့ ဘ၀ပုံဟန်တွေကြား ကိုယ်ကိုယ်တိုင်လည်း ဟိုတွန်းဒီတိုက်နဲ့ ရွေ့ရွေ့မျောပါ ခဲ့ရတယ်...။

လောကဓံသံပါတ်တင်းထားတဲ့ အနာဂါတ်မဲ့ နရီစီးချက်တွေကိုလည်း နေ့စဉ်နဲ့အမျှ ကြားယောင်ခဲ့ရတယ်..။

မထိခလုတ်၊ ထိခလုတ် တစ်ယောက်နဲ့တစ်ယောက် ငြိကြတာတွေ၊ ဆတ်ဆတ်ထိမခံ ရွှေပန်းကန် ဖြစ်ကြတာတွေ၊ ၀ိဒေဟရာဇ်ပုတ်သင်လို မရှိမဲ့ရှိမဲ့ မာန်မာန နဲ့ ထလက်ခမောင်း ခတ်ကြတာတွေ၊ မထူးတော့တဲ့ ဘ၀တွေမို့ မထူးဇာတ်ခင်းကြတာတွေ၊ ထိရှလွယ်သလောက် မေ့ပျောက်လွယ်တာတွေ၊ အမိသော်လည်း သားတော်ခဲ တာတွေ စတဲ့ ဒိတ်လွန်လူ့ကျင့်ဝတ်တွေကလည်း ကိုယ့်မျက်စိအောက်မှာပဲ မမြင်ချင်တဆုံး ရှိခဲ့တယ်..။

တကယ်တော့ လူ့လောကဟာ.. မြစ်လယ်မှာ မျောနေတဲ့ ပုရွက်ဆိတ်အုံလို- ရေပေါ်က ပုရွက်ဆိတ်တချို့ ရှင်သန်ဖို့အတွက်.. ရေအောက်မှာ ပုရွက်ဆိတ်ပေါင်း ထောင်သောင်းမက ယက်ကန်ယက်ကန်နဲ့ အနစ်မွန်းခံနေကြရတာမျိုးပါပဲ..။

အဲဒါဟာ.. ဘယ်တော့မှမရိုးနိုင်တဲ့ လူသားရဲ့ ဂန္တ၀င်ပြကွက်တစ်ခုဆိုပေမယ့် ကျွန်တော့်အတွက်တော့.. ထိထိခိုက်ခိုက် မွန်းမွန်းကျပ်ကျပ်လေး မခံစားဘဲ မတတ်နိုင်အောင် ဖြစ်ရပါတယ်..။

အဲဒီခံစားချက်တွေ စုမိရာက ဒီစာကို မွေးဖွားမိပါတယ်..။ ဒီစာဟာ.. မြင်တွေ့ကြားသိရတဲ့ လောကဓံရဲ့လုပ်ရပ်ကို ပုတ်ခတ်တဲ့ စာမဟုတ်ပါ..။ မြုပ်ဇာတ်ကို ပေါ်စေချင်တဲ့ စေတနာနဲ့ ဖွဲ့သီထားတဲ့ စာပါ..။

48.2 ပါရာစီတမော- အရည်တစ်ရာဖိုး



အကြိမ်ကြိမ်ကိုယ့်ကိုကိုယ် အားပေးမဲတင်းပြီးလာခဲ့တယ်ဆိုပေမယ့်. တကယ်တမ်း မန်နေဂျာအခန်းရှေ့ရောက်တော့..ကိုညိုတစ်ယောက် တံခါးခေါက်ဖို့ လက်က မ၀ံ့..။ ဒီနေ့မှ အလုပ်ပြန်ဆင်းတယ်- ဒီနေ့ပဲ ခွင့်ထပ်တင်ပြန်ပြီဆိုရင်.. မန်နေဂျာက “ မင်း ထွက်တော့ ” လို့ ပြောတော့မှာ သူကြိုသိနေတယ်..။

ဒီလထဲ သူအလုပ်ပျက်ပေါင်း များပြီ..။ ရှိသမျှ ခွင့်ကုန်လို့ လစာမဲ့ခွင့်ယူတာကိုပဲ ကိုးရက်..။ ဒီနေ့ပါ ထည့်တွက်ရင် ဆယ်ရက်..။ သေချာတယ် ။ သူ့ကို ဘယ်နည်းနဲ့မှ ခွင့်ထပ်ပေးတော့မှာ မဟုတ်ဘူး..။ မန်နေဂျာကလည်း အပေါက်က ခပ်ဆိုးဆိုး..။ အထက်ဖား အောက်ဖိ မန်နေဂျာ...။

ဘယ်အလုပ်သမားကမှ သူ့ကို သိပ်နှစ်မြို့လှတာတော့မဟုတ်ဘူး..။

တွေးရင်း တွေးရင်း ကိုညို စိတ်မောလူမောနဲ့ မွန်းကျပ်လာတယ်..။

ဒါပေမယ့် ခွင့်ကလည်း မယူလို့မဖြစ်..။ အဆောင်မှာက နေမကောင်းတဲ့ သားလေးကတစ်ယောက်ထဲ...။ ဖျားနေတာ လေးငါးရက် ရှိပြီ..။ ဖြစ်စ ကတည်းက လမ်းထိပ်ဆေးဆိုင်က စပ်ပေးတဲ့ ဆးတိုက်နေတာ.. သက်သာသလိုလိုနဲ့ အခုထိ အဖျားက မပျောက်..။ သားက အခုမှ အခါလည် သာသာပဲ ရှိသေးတယ်..။

မွေးစတုံးက ပါးစုံဖောင်းဖောင်း မဲမဲလုံးလုံး နဲ့ သိပ်ချစ်ဖို့ ကောင်းတဲ့ကောင်..။ အခုတော့.သူ့ခမျာအရိုးပေါ် အရေတင်မျက်တွင်းဟောက်ပက်နဲ့..။

သားအကြောင်းတွေးမိတော့.. ခွေးမ မိနွဲ့ကြည် အကြောင်း ကိုညို့ခေါင်းထဲ ရောက်လာပြန်တယ်..။ ကိုညိုက အညာသား..။ စစ်ကိုင်းတိုင်း မြောင်မြို့နယ်..သောင်ကြီးဆိုတဲ့ ရွာက..။ ရွာမှာ ပေါက်တူးပေါက်.. လယ်စိုက်.. သူရင်းဌားလိုက်တာ စိတ်ကုန်လို့ ရန်ကုန်တက်လာခဲ့တာ..။

ရန်ကုန်ရောက်တော့.. စက်မှုဇုံက သစ်အချောကိုင်စက်ရုံမှာ လုပ်ရင်း.. မိနွဲ့ကြည်နဲ့ တွေ့တယ်..။

မိနွဲ့ကြည်က.. အောက်သူ..။ ဟင်္သာတဖက်က...။ သူလည်း ရေကြည်ရာ မြက်နုရာရှာရင်း ရန်ကုန်ရောက်လာခဲ့တာပဲ..။ မိနွဲ့ကြည်က ကိုညိုတို့အဆောင်နဲ့ မျက်နှာခြင်းဆိုင် အဆောင်မှာနေတယ်..။ အဆောင်လို့သာ ဆိုတာပါ..။ ၈ ပေပတ်လည် ကျောချင်းကပ် အခန်း ဆယ်ခန်းလောက်ပါတဲ့ ထရံကာ ဓနိမိုး ၀ါးကြမ်းခင်း တန်လျားပဲ..။

အခန်းခက.. တစ်လကို နှစ်သောင်း..။ ဒါတောင် ဈေးအချိုဆုံး အဆောင်မို့လို့..။ အဲဒီအခန်းကိုပဲ လေးငါးယောက် စုနေကြရတယ်..။ ၈ ပေပတ်လည် အခန်းမှာ.. လေးငါးယောက်စုနေတယ်ဆိုလို့လည်း မအံ့သြနဲ့..။ ညအိပ်လို့ ကျောတခင်းစာ ရရင် သူတို့နေလို့ ရတာပဲ..။

အဲသလိုမနေလို့.. တစ်ယောက်ထဲ တစ်ခန်း ငှားနေဖို့ဆိုတာ တော်ရုံမဖြစ်နိုင်ဘူး..။ ရတဲ့လခ လေးငါးသောင်းထဲက အဆောင်ကြေး နှစ်သောင်း နှုတ်ရင် ဘာနဲ့ သွားစားမလဲ..။

အခုလိုနေတာတောင်မှ တစ်လတစ်လ အလျင်က မှီချင်တာ မဟုတ်ဘူး..။ နေ့ပြန်တိုး- ရက်တိုး- လတိုးတွေနဲ့ လုံးချာလည် လိုက်နေကြရတာ..။

မိနွဲ့ကြည်က အထည်ချုပ်စက်ရုံမှာ လုပ်တယ်..။ မိနွဲ့ကြည်က ဖြူဖြူနွဲ့နွဲ့နဲ့ ရွက်ကြမ်းရေကျို သိပ်မဆိုးတဲ့ ရုပ်ရည်ရှိတယ်..။ သူ့ကိုကြိုက်တဲ့သူလည်း သိပ်မနည်းလှဘူး..။ ကိုညိုနဲ့မညားခင်က မီးသွေးကားနောက်လိုက် ခင်မောင်ဆိုတဲ့ ကုလားနဲ့ ညားဖူးတယ်..။

အဲဒီကုလားကလည်းတမျိုး..။ကုလားမို့ အသားမည်းရတဲ့ကြား.. မီးသွေးကားနောက်လိုက်တယ်..။ဒီကြားထဲ.. လက်ဖျံမှာ ကျီးကန်းရုပ် ဆေးမင်ကြောင်က ထိုးထားသေးတယ်..။ ဘယ်တရုပ်- ညာတရုပ် နဲ့ သိပ်ကျက်သရေတုံးတယ်..။ မိနွဲ့ကြည်.. ဘာကြည့်ပြီး ဒီကောင့်ကို ကြိုက်ခဲ့သလဲ မသိ..။

မိန်းမတွေက သိပ်နားလည်ရခက်တယ်..။ အထူးသဖြင့် မိနွဲ့ကြည်..။ ကိုညိုနဲ့ ညားခါစက ကိုညို့ကို တုန်နေအောင် သူချစ်တယ်..။ တနေ့ တနေ့ ကိုညို့မျက်နှာကို အရိပ်တကြည့်ကြည့်နဲ့..။ သားလေး မွေးလာတော့လည်း.. သဲသဲကိုလှုပ်လို့..။ ဟော အခုတော့လည်း.. သူချစ်လှပါတယ် ဆိုတဲ့.. ကိုညိုတို့သားအဖကို ထားပစ်ခဲ့ပြီး နောက်လင်နောက် ပါသွားပြန်ပြီ..။

သူကတော့.. နောက်လင်နဲ့ အခုဆို ပျော်လို့မော်လို့..။ ကိုညို့မှာသာ.. သားကတစ်ဖက်-အလုပ်ကတစ်ဖက်နဲ့ သွက်ချာပါဒ လိုက်နေရတော့တယ်..။ ဒီကြားထဲ သားက နေမကောင်းတော့ ပိုဆိုးပြီပေါ့..။ လူခွဲမရှိ- ကူညီမယ့်သူ မရှိ..။ အားလုံးလိုလိုကလည်း..ကိုယ့်အပူနဲ့ကိုယ်-သူ့အပူနဲ့သူ..။ တောင်မင်း မြောက်မင်း မကယ်နိုင်တဲ့ ဘ၀တွေ..။

နောက်ဆုံးတော့ ခွင့်တွေ တစ်ရက်ပြီး တစ်ရက် ယူရင်းနဲ့ အခုလို.. မန်နေဂျာနဲ့ ထိပ်တိုက်တွေ့ဖို့ ဖြစ်လာတော့တာပဲ..။ အခုတော့ ပေါက်တဲ့ နဖူး မထူးတော့ဘူး..။ လာမယ့်ဘေး ပြေးတွေ့မယ်..။ ခွင့်ပေးရင်ပေး.. မပေးတော့လည်း ဘာအရေးလဲ..။

နဖူးပေါ်စီးကျလာတဲ့ ဇောချွေးကို သုတ်ရင်း ကိုညို ထွေထွေထူးထူး သိပ်မတွေးတော့ဘဲ.. အခန်းတခါးကို ဆွဲဖွင့်လိုက်တယ်..။ ထင်တဲ့အတိုင်း မန်နေဂျာရဲ့ ကျက်သရေမရှိတဲ့ မျက်နှာက ကိုညို့ကိုတွေ့တော့ ရှုံ့တွသွားတယ်..။

“ ခင်ဗျားတို့ အလုပ်သမားတွေ ကျုပ်အခန်းကို တခါးအရင်မခေါက်ဘဲ မ၀င်ရဘူး လို့ ပြောထားတယ် မဟုတ်လား ”

ထုံးစံအတိုင်း မန်နေဂျာက ဒေါသတကြီးနဲ့ ဆီးဟောက်တယ်..။ ကိုညို မကြားသလိုနဲ့ အခန်းတခါးကို ဒုန်းကနဲ့ ဆောင့်ပိတ်ပစ်လိုက်တယ်..။
ပုဆိုးကို တင်းတင်း တိုတို ပြင်ဝတ်တယ်..။ မာတောင့်တောင့် ကိုယ်ဟန်နဲ့ ခြေသံပြင်းပြင်း လျှောက်ရင်း.. မန်နေဂျာစားပွဲရှေ့က ခုံမှာ ၀င်ထိုင်လိုက်တယ်..။

အဆီပြန်နေတဲ့ မန်နေဂျာရဲ့ မျက်နှာကတော့.. ခရမ်းချဉ်သီးပုပ်တစ်လုံးလို နီညိုရောင် သမ်းနေပြီ..။ ပြူးထွက်နေတဲ့ မျက်လုံးနှစ်လုံးကလည်း ..မျက်မှန်ကိုင်းပေါ်ကနေ ပုဇွန်မျက်လုံးလိုမျိုး ငေါထွက်နေတယ်..။ အခန်းထဲက စာရေးမတချို့ကတော့ လုပ်လက်စအလုပ်တွေ ရပ်ပြီးကိုညို့ကို အံ့သြမင်သက်မိစွာနဲ့ ကြည့်နေကြတယ်..။

ကိုညို အတွေးထဲမှာတော့ အိမ်မှာကျန်ခဲ့ရှာတဲ့ သားငယ်ရဲ့မျက်နှာနဲ့ လင်ငယ်နဲ့ ပျော်မြူးနေတဲ့ မိနွဲ့ကြည်ရဲ့ မျက်နှာပဲ တလှည့်စီ မြင်ယောင်နေတယ်..။

မုန်တိုင်း မလာခင် ပင်လယ်ဟာ ငြိမ်သက်သွားသလိုမျိုး တခန်းလုံး ဆယ်စက္ကန့်လောက် တိတ်ဆိတ်သွားတယ်...။

“ ကျုပ် ခွင့်လိုချင်တယ် ”

မတိုးလွန်း.. မကျယ်လွန်း.. သွားကြားကထွက်လာတဲ့ လေသံနဲ့ ကိုညို တုံးတိတိ ပြောချလိုက်တယ်..။ မန်နေဂျာကြီးရဲ့ ၀ဖိုင့်ဖိုင့်ခန္ဓာကိုယ် ဆတ်ကနဲ တုန်သွားတယ်..။

“ ဘာ... ”

မန်နေဂျာရဲ့ ဟိန်းဟောက်သံမဆုံးလိုက်ခင်မှာပဲ ကိုညို ထပ်ပြောလိုက်တယ်..။

“ ကျုပ် ဒီနေ့ ခွင့်လိုချင်တယ် ”

မန်နေဂျာက ဟက်ကနဲ လုပ်ရယ် တစ်ချက် ရယ်တယ်..။ နောက် ကိုညို့မျက်နှာကို သနားစရာ သတ္တ၀ါတစ်ကောင်ကို ကြည့်သလိုမျိုး စေ့စေ့ကြည့်ရင်း တခွန်းခြင်း ပြောတယ်..။

“ ခင်ဗျား ဘာကောင်လဲ..။ ခင်ဗျားကို အရေးယူမယ်.. တစ်- ကျုပ်အခန်းကို တခါးမခေါက်ဝင်ခွင့်မတောင်းဘဲ ၀င်တယ်၊ နှစ်- အထက်အရာရှိကို မချေမငံ မလေးမစား ဆက်ဆံတယ်..။ သုံး- အလုပ်ဆင်းရက်မှာ ယူနီဖောင်းမ၀တ်ဘဲ စက်ရုံကိုလာတယ်..။ ”

“ဒါကြောင့် ကျုပ် ခင်ဗျားကို ပြင်းပြင်းထန်ထန် အရေးယူမယ် ”

သူ့စကားအဆုံးမှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ကိုညိုထိုင်ရာကနေ ၀ုန်းကနဲ ထရပ်လိုက်တယ်..။

“ ခင်ဗျားအရေးယူမှာတွေ ကျုပ်စိတ်မ၀င်စားဘူး.. ကျုပ် ဒီနေ့ခွင့်မရရင်.. ထွက်တယ်၊ ခင်ဗျားတို့စက်ရုံကနေ ကျုပ်ထွက်တယ် ”

ပြောပြောဆိုဆိုနဲ့ ကိုညို အနားမှာရှိနေတဲ့ ကုလားထိုင်ကို ကန်ထုတ်ပစ်လိုက်တယ်..။ ကုလားထိုင်က ဒလိမ့်ခေါက်ကွေးနဲ့ လွင့်စင်သွားတယ်..။

“ ဟေ့ စာရေးမတွေ ဂိတ်ကိုဖုံးဆက်စမ်း.. လုံခြုံရေးတွေကိုခေါ်.. ရဲစခန်းပါဆက်.. ဒီကောင့်ကို ဖမ်းချုပ်မယ် ”

တခန်းလုံး ကမ္ဘာပျက်သလို ဗြောင်းဆန်သွားတော့တယ်..။ သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးရင်း တလစပ်အော်ဟစ်နေတဲ့ မန်နေဂျာကြီးရဲ့ နေရာမှာ.. မိနွဲ့ကြည်ရဲ့ လင်ငယ်မျက်နှာ ပေါ်လာတယ်..။ ကိုညို ဘာကိုမှ မမြင်တော့..။

လက်တကမ်းအကွာမှာ ရှိနေတဲ့ မန်နေဂျာကြီးရဲ့ အင်္ကျီကော်လာကို လှမ်းဆောင့်ဆွဲလိုက်တယ်..။

နောက်.. ခွပ်ကနဲ.. အားပါးတရ လက်သီးနဲ့ ထိုးချပစ်လိုက်တယ်..။ အားကနဲအော်ပြီး မန်နေဂျာကြီး ဖင်ထိုင်ကျသွားတော့တယ်..။
စာရေးမတွေရဲ့ “အမယ်လေး သေပါပြီ ” ဆိုတဲ့အသံတွေက တခန်းလုံးကို ဖုံးလွှမ်းသွားတယ်..။ အဲဒါတွေကို ကျောခိုင်းပြီး ကိုညို ချာကနဲ လှည့်ထွက်လာခဲ့တော့တယ်..။

------ --------- -------------- ---------------- ------------------- ----------------- --------------------- ---------------

“ ဟေး ကိုညို- ဒီနေ့အလုပ်ဆင်းတာ စောလှချည်လား ”

ခပ်သုတ်သုတ်လျှောက်လာတဲ့ ကိုညို့ကိုမြင်တော့.. လမ်းဘေးအရက်ပုန်းဆိုင်ထဲကနေ လှအေး လှမ်းအော်နှုတ်ဆက်တယ်..။ လှအေးမြင်တော့
ကိုညို ဆိုင်ဖက်ကို ခြေဦးလှည့်လိုက်တယ်..။ လှအေးနဲ့ သူနဲ့က.. သောက်ဖော် သောက်ဖက်တွေ..။ လှအေးက ဆိုက်ကားနင်းတယ်..။ သူလည်းအညာသားပဲ..။ ကျောက်ပန်းတောင်းဖက်က..။

“ သူငယ်ချင်း ဘာဖြစ်လာတာလဲ.. မျက်နှာလည်း မကောင်းပါလား ”

ဆိုင်ထဲရောက်ရောက်ခြင်း.. လှအေးက .. ကိုညို့မျက်နှာအရိပ်အကဲကြည့်ပြီး တန်းမေးတယ်..။

“ ငါ မန်နေဂျာကို လက်သီးနဲ့ထိုးပြီး အလုပ်ထွက်လာခဲ့ပြီ ”

“ ဟာ.. ကွာ ၊ မင်းတော့ ဒုက္ခပဲ ”

ကိုညို့စကားအဆုံးမှာ လှအေး အလန့်တကြား ထအော်တယ်..။

“ မတတ်နိုင်ဘူုး.. ငါလည်း အကြောင်းတွေစုံသွားတော့.. စိတ်က လွတ်သွားတယ်ကွာ.. ”

ကိုညိုလည်း စိတ်ပျက်လက်ပျက်နဲ့ ပြောပြောဆိုဆို.. လှအေးသောက်နေတဲ့ခွက်ကို လှမ်းယူပြီး တရှိန်ထိုးမော့ပစ်လိုက်တယ်..။ လှအေးကအလိုက်တသိ နောက်တစ်ခွက် ထပ်ငှဲ့တယ်..။ ငှဲ့လို့မှ မဆုံးသေးဘူး..။ ကိုညိုက ယူမော့ပစ်လိုက်ပြန်တယ်..။

“ ဟေ့ကောင်.. ဖြေးဖြေးသောက်ပါဟ.. လခွီးတဲ့မှ.. နောက်က ရဲလိုက်လာတဲ့အတိုင်းပဲ ”

ရဲဆိုမှ ကိုညို သတိရသွားတယ်..။ အခုအချိန်ဆို သူ့ကိုလည်း ရဲတွေ လိုက်ရှာနေလောက်ပြီ..။ အထိုးခံရတဲ့ မန်နေဂျာက ဒီအတိုင်းတော့ နေမှာမဟုတ်ဘူး..။ ရဲတိုင် အမှုဖွင့်တာလောက်တော့ လုပ်ကိုလုပ်မှာ..။ ကဲ.. ခုမှတော့ မထူးတော့ဘူး..။ လုပ်ချင်ရာ လုပ်တော့..။ မူးအောင်သောက်ပြီးမှ အဆောင် ပြန်တော့မယ်..။ ဖြစ်ချင်ရာ ဖြစ်တော့..။

ကိုညို မထူးဇာတ်ခင်းပြီး.. တစ်ခွက်ပြီးတစ်ခွက် .. သောက်နေတာ.. ဘယ်နှစ်ခွက်မှန်းမသိတော့..။ လူကလည်း အတော့်ကို မူးနေပြီ..။ လှအေးလည်း ခေါင်းကြီး ငိုက်စိုက်ကျလို့..။ သားအတွက် ဆေးဝယ်မယ်ဆိုပြီး .. ချေးလာတဲ့ ပိုက်ဆံလည်း အရက်ဖိုးပေးလိုက်ရတာနဲ့ ကုန်ပြီ..။
လက်ထဲမှာ ဆိုင်ရှင်ကို မရမကတောင်းပန်ပြီး ပြန်တောင်းထားတဲ့ တစ်ရာပဲ ကျန်တော့တယ်..။

ပြန်တော့မယ်ဆိုပြီး ကိုညို ဒယီးဒယိုင်နဲ့ထရပ်တော့.. ဆိုင်အပြင်ဖက်မှာက အလင်းရောင် မရှိသလောက်ဖြစ်သွားပြီ..။ လမ်းမပေါ်မှာတော့အလုပ်သွားအလုပ်ပြန်.. ဈေးသွားဈေးပြန်တွေနဲ့ စည်ကားလို့..။ လှိုင်သာယာမှာက.. မနက်စော အလုပ်သွား- ညနေမိုးချုပ်မှ.. အလုပ်ပြန်ကြတာ ဆိုတော့.. နေ၀င်ရီတရောဆိုရင်.. လမ်းမတိုင်းမှာ လူတွေက ကြိတ်ကြိတ်တိုးနေလေ့ ရှိတယ်..။

ဟင်းရွက်-ကန်ဇွန်းရွက်.. တိုလီမိုလီ.. ဆီဆန်ဆား.. ငါးပိငါးခြောက်..ဘီး-ဖျာ-အိုးခွက်.. အ၀တ်အထည်အတိုအစ.. ရောင်းတဲ့သူတွေကလည်းအဲဒီအချိန်မှ လမ်းပုခုံး မေးတင် ရောင်းကြတာ..။ တချို့လည်း အလုပ်ပြန်မှ.. ကမန်းကတန်း.. ဆန်တဗူး- ဆီငါးကျပ်သား- မီးသွေး တစ်ရာဖိုး အပြေးအလွှားဝယ်ပြီး ညစာ ချက်ကြရတာ.. ဆိုတော့.. လမ်းမပေါ်မှာက ရှုပ်ယှက်ကို ခတ်လို့ ပေါ့...။

ဒီကြားထဲ ဆိုက်ကား-စက်ဘီး-ဂါလီ-ရေစည်လှည်း တွေကလည်း.. ဟိုဟိုဒီဒီ ဥဒဟို သွားလို့ လာလို့..။ ဒါ့အပြင် ကားကြီး-ကားငယ် ဆိုင်ကယ်စတာတွေကလည်း ကြိုကြားကြိုကြား လမ်းထဲ ၀င်ဝင်လာပြန်တယ်..။

အဲသလောက် စည်ကားလှတဲ့ လမ်းမပေါ်မှာ ကိုညိုလည်း.. ဟိုလူ့တိုး- ဒီလူ့တိုက်နဲ့ သိုင်းကွက်နင်းပြီး ပြန်လာခဲ့တယ်..။ လမ်းထိပ် ဆေးဆိုင်ရောက်တော့.. ကိုယ့်ကိုယ်ကို အနိုင်နိုင်ရပ်ရင်း.. သားအတွက် ဆေးစပ်ပေးပါလို့ ကိုညို ဗလုံးဗထွေးနဲ့ ပြောတယ်..။

ဆိုင်ရှင်က.. စိတ်မသက်မသာနဲ့ကြည့်ရင်း.. ပိုက်ဆံကောပါရဲ့လား.. အရင်အကြွေးတွေလည်း များလှပြီ ကိုညို လို့ မပွင့်တပွင့် ပြန်ပြောတယ်..။

ကိုညို့ပါးစပ်က.. အယုတ္တ-အနတ္တ အဆဲမျိုးစုံ ထွက်လာတော့တယ်..။ နောက် အရက်ဆိုင်က ပြန်တောင်းလာတဲ့ တစ်ရာတန်ကိုဆေးကောင်တာ ပေါ် ပစ်တင်လိုက်တယ်..။ တဆက်တည်း.. “ ပါရာစီတမော- အရည်တစ်ရာဖိုးပေး ” လို့ လျှာလေးအာလေးနဲ့ ကိုညိုပြောလိုက်တယ်..။

ဆိုင်ရှင်က ဘာမှပြန်မပြောတော့ဘဲ.. တပုလင်းခြောက်ရာတန် ကယ်လ်ပေါတံဆိပ် ပါရာစီတမော ပုလင်းအဖုံးကို ဖွင့်လိုက်တယ်..။ နောက်အဲဒီအဖုံးထဲ ဆေးရည်အပြည့်ဖြည့်.. ပလတ်စတစ်အိပ်ထဲ ထည့်.. သရေပင်နဲ့ ချည်ပြီး ကိုညို့ကို လှမ်းပေးတယ်..။ ကိုညိုလည်း အဲဒီဆေးထုပ်လေးကို ကျစ်ကျစ်ပါအောင် ကိုင်ပြီး အဆောင်ပြန်လာခဲ့တော့တယ်..။

အဆောင်ရောက်တော့.. သားငယ်က ပက်လက်...။ အခန်းထဲက ဖျာစုတ်ပေါ်မှာ.. ဖုတ်လှိုက်ဖုတ်လှိုက်နဲ့..။ သူ့အဖေ ပြန်လာတာတောင်..သိဟန် မတူတော့..။ ပါလာတဲ့ ဆေးထုပ်ကို ကပျာကယာဖြည်ပြီး.. ကိုညို သားကို တိုက်တယ်..။ ဒါပေမယ့်မူးနေတော့..လက်ကလိုရာမရောက်၊ ဆေးက ဖိတ်တစ်ဝက်-စင်တစ်ဝက်..။ ကလေးငယ်ကလည်း.. ပါးစပ်ထဲဝင်လာတဲ့ ဆေးကိုတောင်မှ.. အသိရှိရှိ မျိုမချနိုင်တော့..။

အဲဒီညက သားကို တင်းတင်းပွေ့ချီရင်း ကိုညို တအစ်အစ်နဲ့ ငိုနေခဲ့တယ်..။

............. .................... ..................... ......................