မိဘ ညီအကိုမောင်နှမတွေ တားနေတဲ့ကြားက စစ်သင်တန်းတက်ဖို့ ရဲဘော်ဖြူ ဌာနချုပ်ရှိရာ ပုပ္ပားကို အဖေ စွတ်ရွတ်ထွက်လာခဲ့တယ်..။ ဒါပေမယ့် ပုပ္ပါး မရောက်ခင် တောင်သာနယ်ထဲက သနပ်ပင်ရွာမှာ အဖေတို့ရှစ်ယောက်အဖွဲ့ ထမင်းစားနေတုံး ကွန်မြူနစ်က ပစ်ဟယ်ခတ်ဟယ်နဲ့ ၀င်ဖမ်းပါတော့တယ်..။ အဖေ့မိတ်ဆွေ ကိုဘရွှေ သေနတ်မှန်ပြီး အဲဒီမှာသေတယ်..။ ကျန်တဲ့လူတွေကိုတော့ ကျောက်ပန်းတောင်းနယ် လှိုင်သာရွာက ကွန်မြူနစ်အချုပ်ဆီ ကြိုးတုပ်ပြီး ခေါ်သွားခံရတယ်..။
အဖေတို့ သိထားတာက ကွန်မြူနစ်နဲ့ ရဲဘော်ဖြူက တပ်ပေါင်းစုမဟာမိတ်တွေ..။ အချင်းချင်း နားလည်မှုလွဲပြီး ဖမ်းတယ်လို့ပဲ အဖေတို့က ထင်တယ်..။ အဲဒါကြောင့် အဖမ်းခံရပေမယ့် သိပ်ကြီး စိုးရိမ်လှတယ်တော့ မဟုတ်ဘူး..။ ဒါပေမယ့် နောက်မှ သိရတာက မြင်းခြံခရိုင်မှာ ကွန်မြူနစ်နဲ့ ရဲဘော်ဖြူက မတည့်နေလို့ မဟာမိတ်အဖြစ်က ရပ်စဲထားကြပြီ..။
အဲဒါနဲ့ပဲ ကွန်မြူနစ်အချုပ်ထဲမှာ အဖေတို့ ဘယ်နေ့အသတ်ခံရမလဲ လို့တွေးပူရင်း စိုးတထိတ်ထိတ်နဲ့ သုံးလလောက် ကြာသွားတယ်..။ ဒါပေမယ့် သေကံမရောက်ချင်တော့ ရဲဘော်ဖြူတပ်ရင်းတစ်ရင်းက သတင်းရပြီး အဖေတို့ကိုဝင်ကယ်တယ်..။ အဲသလိုနဲ့ ကွန်မြူနစ်အချုပ်ကနေ အဖေတို့ လွတ်မြောက်လာခဲ့တယ်..။
လွတ်မြောက်လာသူတွေထဲမှာ ရဲဘော်ဖြူမဟုတ်ဘဲ ကွန်မြူနစ်ကဖမ်းထားတဲ့ ရဲဌာနအုပ် ဦးဘရီနဲ့ ရာဇ၀တ်အုပ် ဦးကံညွှန့် ဆိုတာလဲ ပါလာခဲ့တယ်..။ ကယ်သူက ရဲဘော်ဖြူဆိုတော့ ဦးဘရီတို့လည်း အဖေတို့နဲ့ အတူ ရဲဘော်ဖြူဌာနချုပ်ဆီ လိုက်လာခဲ့ကြရတယ်..။ ဒါပေမယ့် လမ်းခုလတ်မှာ ဦးဘရီတို့က အစိုးရ၀န်ထမ်း ပဲ လုပ်စားတတ်လို့ အဖေတို့နောက် မလိုက်လိုဘဲ ဖဆပလ အစိုးရထံ ပြန်လိုကြောင်း မေတ္တာရပ်ခံတယ်..။
နောက်ဆုံး ဦးဘရီတို့အနေနဲ့ တကွေ့မဟုတ်တကွေ့ ရဲဘော်ဖြူတွေကို ဖမ်းမိရင် တတ်နိုင်သလောက် ကူညီပေးရမယ်ဆိုတဲ့ ကတိတောင်းပြီး လမ်းခွဲ လိုက်ကြတယ်။
တိုက်တိုက်ဆိုင်ဆိုင် နောင်တချိန် အဖေ့ကို ဖဆပလအစိုးရက ဖမ်းမိတော့ အဲဒီကတိကပဲ အဖေ့ကို ထောင်နန်းစံရမယ့်အရေးက လွတ်မြောက် စေခဲ့ပါတယ်..။
(အဲဒီ အကြောင်း နောက်မှ ရေးပါ့မယ်)
Subscribe to:
Post Comments (Atom)
3 comments:
ကိုနဗန ရေ
စာရေးတဲ့ အတွက် ကျေးဇူးပါ ဒါပေမဲ့ ဖတ်ရတာ မဝဘူးဖြစ်နေတယ် များများလေး ရေးပေးပါ
ခင်မင်စွာ စောင့်မျှော်လျှက်
ရွှေစင်ဦး
ကလောင် ပြန်ကိုင်ပြီဆိုတော့ ဆက်တိုက်ရေးပေးတော့မယ်ပေါ့ မျှော်လိုက်ရတာဗျာ
ဖတ်ရတာ ကလည်း စားကောင်းတုန်း ထမင်းကုန်သွားသလိုပါ့ဗျာ
ခင်မင်စွာဖြင့်
seesein
ဖွားတင် အမွေ ယူပြီး ကိုနဗန ဘယ်ပျောက်သွားလဲလို့။
မအယ်
Post a Comment