အဆောင်ထမင်းဟင်းအကြောင်းပြောရဦးမယ်..။
ထမင်းကို မိုးဗြဲဒယ်ကြီးတွေနဲ့ ချက်တယ်..။ အပေါ်က ဂုန်နီအိတ်စုတ်ကြီးနဲ့ အုပ်ပြီး နှပ်တယ်။ ထမင်းထဲ ရောပါလာတဲ့ ဂုန်နီအိတ်စကို အမဲသားမျှင် ထင်ပြီး ၀ါးဖူးသေးတယ်။
ထမင်းစားခန်းမှာ ခင်ရာခင်ရာ သူငယ်ချင်းတွေ စုထိုင်ပြီး စားလေ့ရှိတယ်။ အကြော်အလှော် အခြောက်အခြမ်းလေးတွေ ဖလှယ်စားရင်းပေါ့..။ ကျောင်းအသစ် ဆိုတော့ ထမင်းချက်တဲ့ဝန်ထမ်းတွေကလဲ အသစ်တွေပဲ။ သိပ်မကျွမ်းကျင်သေးတော့ ပျော့တူးမနပ်ဖြစ်တာတွေ မကြာခန ကြုံရတယ်။
ဟင်းဆိုရင်လဲ ကြိုချက်ထားတာပဲ။ ဥပမာ ငါးဟင်းဆိုရင် ငါးကို အရင်ကြော်ထားတယ်။ ဟင်းအနှစ်ကို သီးသန့်ချက်တယ်။ စားခါနီးမှ ငါးကြော်တစ်တုံးကို ဟင်းအနှစ်ထဲ ထည့်ပေးလိုက်တာပဲ။
တစ်ခါတုံးက ကြော်သိမ်းထားတဲ့ ငါးကြော် ဒိတ်လွန်ပြီး လောက်(ကောင်) ပါလာတယ်။ အဲဒီ လောက် ပါတဲ့ ဟင်းခွက်က ကံဆိုးပြီး ကျွန်တော်တို့ ၀ိုင်းလာကျတယ်။
ထမင်းစားတာ ရပ်ပြီး ကျောင်းသားအားလုံး လောက်ပါတဲ့ဟင်းခွက်ကိုင်ကာ ပါမောက္ခချုပ်ဆီ ချီတက်ကြတယ်။ ထမင်းစားဆောင်နဲ့ ပါမောက္ခအိမ်က အတော်ဝေးတယ်။ လမ်းမှာ လောက် က ဟင်းခွက်နခမ်းပေါ် တက်လာလို့ ပြန်တွန်းချရသေးတယ်။
ပါမောက္ခအိမ်ရောက်တော့ အဆောင်မှုးပါ အဆင်သင့်တွေ့လိုက်ရတယ်။ ပစ္စည်းသက်သေ လူသက်သေ အစုံအလင်ပဲ ။ ပွဲကြီးပွဲကောင်းပေါ့။ ဟင်းခွက်ထဲ လောက်ပါလာတဲ့အကြောင်း ပါမောက္ခချုပ်ကို ပြောနေချိန်မှာ အဆောင်မှုးခမျာ မျက်နှာကြီးကို မဲလို့။ ပါမောက္ခချုပ်ကတော့ အဆောင်မှုးကိုပါ ပြင်းပြင်းထန်ထန် အပြစ်တင်တယ်။ ကျောင်းသားတွေရှေ့မှာ မို့လို့လားတော့ မသိဘူး။
တစ်လက်စထဲ အဆောင်ရေမလာတာ.. အိမ်သာတွေ ပိတ်နေတာ.. တီဗွီမရှိတာ.. စတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ၀ိုင်းပြောကြတယ်။
အားလုံးစိတ်ချမ်းသာစေရမယ် ဆိုတဲ့ ပါမောက္ခချုပ်ရဲ့ ကတိနဲ့ ပြန်ခဲ့ကြတယ်။

1 comment:
အဲ့တုန်းက ပါချုပ်က ဆရာကြီးဦးသိန်းတန်လား အစ်ကို
Post a Comment