Monday, March 10, 2008

6.7 ဗလာဇာတ်ပွဲ ၀ုန်းဒိုင်းကြဲ

အဲဒီလောက် သူ့အဖေ ဦးသိန်းနှိပ်ကွပ်တာတောင် ညဆို ဇာတ်ခုံရှေ့ဆုံးနားမှာ မော်ချိုတို့အဖွဲ့ရောက်နေပြီ။ မင်းသားမောရင် သောက်ဖို့ အချိုရည် ဗူးကြီးဗူးငယ်နဲ့ပေါ့။ မင်းသား ကရင်းတန်းလန်း မော်ချိုက စင်ပေါ်တက်ပြီး လစ်ပိုတက်တိုက်တယ်။ ဇာတ်ခုံအောက်က အပျိုတွေက ဟေး.. ဟေး.. နဲ့ လက်ခုပ်သြဘာ ပေးကြတယ်။

မော်ချိုကို ကြိုက်နေတဲ့ မြင့်လွင်က လစ်ပိုဗူးထဲ ရွံ့တွေထည့်ပြီး လှမ်းပစ်တယ်။ မင်းသားရင်ဘတ် ဒါရိုက်ဟစ်ပဲ။ မင်းသားခမျာ ခွေကျသွားတယ်။ မင်းသားကို ခိုက်နေတဲ့ ရွာကအပျိုကြီးတွေက ဆဲနည်းမျိုးစုံနဲ့ ပစ်တဲ့ကောင်ကို မေတ္တာပို့ကြတယ်။

မီးသတ်တွေ ရဲတွေ ဘုန်းကြီးတွေ အလုပ်ရှုပ်ကုန်ကြတယ်။ ဒါပေမယ့် ဘယ်မိမလဲ။ ဘယ်သူ ပစ်မှန်းတောင်မသိဘူး။ ကျွန်တော်တို့ကသာ အချင်းချင်းတွေမို့ သိတာ။ ပွဲကို ခနရပ်ထားရတယ်။ ဦးဇင်းတစ်ပါး စင်ပေါ်တက်လာတယ်။ မိုက်ကိုင်ပြီး မိုက်တဲ့ကောင်ထွက်ခဲ့။ ဦးဇင်းတို့က ပိုမိုက်တယ်။ မိလို့ကတော့ အသေပဲနဲ့ ကြိမ်းတယ်။

ပရိတ်သတ်ထဲက "ဦးဇင်း ကြိမ်းချည်းမနေပါနဲ့ ဆွမ်းလေး ဘာလေး ထစားပါဦး" နဲ့ အသံထွက်လာတယ်။ ပွဲခင်းတစ်ခုလုံးပွဲကျသွားတယ်။

တစ်နာရီလောက်ကြာတော့ ပွဲဆက်ကတယ်။ မင်းသမီးက အေရိုးဘစ်ကပြတယ်။ ဘောင်းဘီအရှည် ခပ်ကျပ်ကျပ်နဲ့ တီးလုံးမြူးမြူးနဲ့ဆိုတော့ ရွာသားများအကြိုက်ပေါ့။ မင်းသမီးကနေတုံး ရွာသားတစ်ယောက် စင်ပေါ်တက်လာပြန်တယ်။ မင်းသမီးနားမှာရပ်ပြီး စီးကရက်တစ်လိပ် ထုတ်ပေးတယ်။ မင်းသမီးက လှမ်းယူတယ်။ ရွာသားက မီးခြစ်ထုတ်ပြီး မီးညှိပေးတယ်။ ပြီးမှ မင်းသမီးကို ကျော်ဟိန်းစတိုင်နဲ့ အလေးပြုတယ်။ မင်းသမီးက ပြန်အလေးပြုတယ်။ ပရိတ်သတ်က လက်ခုပ်တီးတယ်။ ပရိတ်သတ်ကို လက်ပြပြီး ရွာသားပြန်ဆင်းသွားတယ်။

ခနနေတော့ နောက်တစ်ယောက် တက်လာပြန်တယ်။ မင်းသမီးကို ဆုချမလို့ တက်လာတာပဲ။ သူ့လက်ထဲမှာ ပိုက်ဆံတွေကိုင်ထားတယ်။ မင်းသမီးကို ပိုက်ဆံကမ်းပေးတယ်။ မင်းသမီးက လက်လှမ်းတယ်။ ဘသားချောက လက်ထဲမထည့်ဘဲ မင်းသမီးဘောင်းဘီဘေးအိတ်ထဲကို အတင်းထိုးထည့်တယ်။

ကတာရပ်ပြီး မင်းသမီးထွက်ပြေးတယ်။ စင်အောက်တီးဝိုင်းက ဇာတ်သမားတစ်ယောက်က လင်ကွင်းချမ်းနဲ့ အဲဒီရွာသားကို လှမ်းပစ်တယ်။ အဲဒီမှာ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်ပြီး ပွဲပျက်သွားရော..။

No comments: