Sunday, March 23, 2008

7.3 ထန်းသမားတို့ဘဝ

ရွာမှာ ပျားအုံသိပ်ပေါတယ်။ ထန်းရည်ချိုပေါတော့ သစ်ပင်တိုင်းလိုလို ပျားအုံရှိတယ်။ ညီအကိုတတွေ အားရင် ပျားလည်ဖွပ်တယ်။ အဘွားကတော့ " တံငါတသက် ပျားတဖွပ် " လို့ အမြဲပြောတယ်။

ပျားတစ်ခါဖွပ်ရင် နောင်ဘ၀မှာ တံငါတစ်သက်လုပ်ရမယ်လို့ အဘွားတို့က ယုံကြည်တယ်။ ကျွန်တော်ကတော့ တံငါလုပ်ရတာကမှ တော်သေးတယ်။ အဘွားတို့ရွာကလူတွေလို ထန်းသမားမဖြစ်ရင်တော်ပြီ လို့ ပြန်ပြောတော့ ဒီကောင်လေး လူကြီးစကား အကောင်းမထင်ဘူး လို့ အဘွားက မြည်တွန်တောက်တီးတယ်။

တကယ်လဲ ထန်းသမားဘ၀ သိပ်ပင်ပန်းတယ်။ တနေ့တနေ့ ထန်းအပင် လေးငါးဆယ်ကို မနက်ည နှစ်ကြိမ်တက်ရတယ်။ အခန့်မသင့် ထန်းပင်ပေါ်က ပြုတ်ကျ တယ်။ သေတာပဲ။ ဒီလောက် အမြင့်ကြီးကနေ ပြုတ်ကျတာ မသေ ခံနိုင်ရိုးလား။ အဲဒီလိုမျိုး ထန်းပင်ပေါ်က ပြုတ်ကျသေတာကို ထန်းလျှောတယ်လို့ အရပ်ခေါ် ခေါ်ကြတယ်။

ဘယ်သူတော့ ထန်းလျှောလို့.. တဲ့ ဆိုတာကြားရင် ကျွန်တော်တို့ ညီအကိုတွေ ပျော်တယ်။ ရွာထုံးစံအရ.. လူသေရင် .. ထမင်းကျွေးတယ်။ အလှူတွေလိုဟင်းကောင်ကောင်းနဲ့ကျွေးတာပဲ။ ရွာကခေါင်တော့ အစားအသောက်ဆင်းရဲတယ်။ အဲဒီလိုမျိုး အဖြစ်အပျက်ရှိမှ ထမင်းဟင်း ကောင်းကောင်း စားရတယ်။ ငယ်သေးတော့လဲ နားမလည်ဘူးပေါ့။ ထမင်းဟင်းကောင်း ကောင်းစားရတာကိုပဲ ပျော်နေကြတာ။

အဲဒီလို ထန်းလျှောပြီး သေတဲ့ အဖြစ်တွေက.. အခုထိလဲ ရှိနေဆဲပဲ။ သိပ်ဝမ်းနည်းစရာကောင်းတယ်။ အားလုံးကံကြောင့်လို့ ယုံကြည်နေကြတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်က ရွာက အမျိုးတွေ ကျွန်တော်တို့အိမ်လာလည်ကြတယ်။ ဘယ်သူတော့ ထန်းလျှောလို့ သေသွားပြီ။ ကလေးဘယ်နှစ်ယောက် ကျန်ခဲ့တယ်.. နဲ့ အမေ့ကို ပြောနေသံကြားတယ်။ အမေကတော့ စုပ်တသပ်သပ်နဲ့ပေါ့။

ကျွန်တော်မနေနိုင်ဘူး။ ထန်းတက်တာ ဒီထက်ပိုပြီး လုံခြုံဘေးကင်းအောင် လုပ်သင့်တယ်လို့ ၀င်ပြောမိတယ်။ ထန်းလျှက်ဈေးတွေ ဒီလောက်တောင်ကောင်းနေတာ.. ၀ါးလုံးလှေခါး (ရင်းထောင်) ကြီး အစား အလူမီနီယံလှေခါး ၀ယ်သုံးပါ့လားလို့ အကြံပေးမိတယ်။ ၀ိုင်းရယ်ကြတယ်။ တောက်တီးတောက်တဲ့ကွာ.. တသက်လုံးဝါးလှေခါးနဲ့ ထန်းတက်လာတာ ဖင်မွှေးဖြူနေပြီလို့ ဦးလေးလုပ်တဲ့သူက ပြောတယ်။

"ဦးလေးတို့က ထန်းလျှက်ဈေးလေးကောင်း ငွေပိုငွေလျှံလေး ရှိလာရင် အလှူလုပ်ဖို့ ဆိုင်ကယ်ဝယ်စီးဖို့လောက် အားထုတ်နေတာပဲ။ အလူမီနီယံလှေခါး ၀ယ်ထားရင် တစ်သက်လုံးသုံးရော့ပဲ။ ဦးလေးတို့ ၀ါးလှေခါးကြီး လျှော်ဆွေးပြီးပြတ်ကျသေတဲ့လူတွေ တောင် ရှိတယ်မဟုတ်လား... ထန်းပင်ပေါ်မှာ ထန်းပြင်ရင်လဲ ဘေးအန္တရာယ်ကင်းခါးပတ် ဆိုတာမျိုးလေး တွေ ပတ်ထားရင် မသကာ ခြေချော်လက်ချော်ဖြစ်ဦးတော့ အသက်မသေဘူးပေါ့ " လို့ ကျွန်တော်ကထပ်ပြောတယ်။

ကဲပါ မောင်ရာ.. ကံစီမံရာပေါ့ .. တဲ့။ ဦးလေးက ပြန်ပြောတယ်။ အချိန်တန်တော့လဲ ဦးလေးတို့ ရွာပြန်သွားကြတယ်။ ကျွန်တော့်မှာတော့ တနုံ့နုံ့နဲ့။

No comments: