Friday, March 21, 2008

7.5 ကျောင်းဆရာပေါက်စကျွန်တော်

ဆယ်တန်းအောင်ပြီး လေးငါးလလောက် ယောင်ချာချာဖြစ်နေခဲ့တယ်..။ ဒါပေမယ့် ဆယ်တန်းကို နှစ်နှစ်ဖြေခဲ့တဲ့ အကျိုးကျေးဇူးက ကျုရှင်ဆရာဖြစ်ဖို့ ဖန်လာခဲ့တယ်..။ ရွာက အသစ်ဖွင့်လိုက်တဲ့.. အမက မှာလဲ.. လုပ်အားပေး ကျောင်းဆရာလေး ဖြစ်လာခဲ့တယ်..။

အဲဒီကျောင်းမှာ တရားဝင်ခန့်ထားတဲ့ အမြဲတမ်း ဆရာဆရာမတွေက.. ကျွန်တော်တို့လို လုပ်အားပေးဆရာလေးတွေကို မြှောက်ပေးပြီး ကျောင်းလုံးဝမတက်တော့ဘူး..။ တခြားစီးပွားရေးကိုသာ ဦးစားပေး လုပ်နေကြတယ်..။ ကျွန်တော်နဲ့ ၀င်းနိုင်ဦးခမျာ.. လူမမယ်ကလေးငယ်များနဲ့ နပမ်းလုံး နေရတော့တာပဲ။ သူငယ်တန်းကနေ လေးတန်းအထိ .. လိပ်ခေါင်းထွက်မတတ် စာသင်ပေးရတယ်။

အထူးသဖြင့် သူငယ်တန်းကလေးတွေကို သင်ရတာ အတော်ပင်ပန်းတယ်။ ဒီနေ့ ကကြီးခခွေး သင်ပြီးလို့ နောက်နေ့ အသစ်တက်သင်မယ် စိတ်မကူးနဲ့။ နောက်နေ့လဲ အစကနေ ပြန်သင်ရတယ်။

သူငယ်တန်းဖတ်စာမှာ တစ် ကနေ တစ်ဆယ်အထိ ကို ကဗျာလေးနဲ့ သင်ရတယ်..။

"တစ်နှစ် ဖူးပုရစ်၊ သုံးလေး လေချိုသွေး၊ ငါးခြောက် ပန်းတွေကောက်၊ ခုနှစ်ရှစ် တေးဆိုဟစ်၊ ကိုးတစ်ဆယ် ဥယျာဉ်ဝယ်..။ " ဆိုတဲ့ ကဗျာလေးပေါ့။

ကျွန်တော်က ရှေ့ကနေ ချပေးတယ်..။ ကလေးတွေက သံပြိုင်လိုက်အော်ကြတယ်။ အလွတ်ရသွားကြတယ်။ ဒါပေမယ့်နောက်နေ့ ပြန်မေး.. ဘယ်သူမှ မရတော့ဘူး။ သိပ်စိတ်ပိန်ဖို့ကောင်းတယ်..။

အဲဒါနဲ့.. teaching technique ပြောင်းမှ ဖြစ်တော့မယ်လို့ ကျွန်တော်စဉ်းစားမိတယ်။ ကလေးတွေခမျာ ဖူးပုရစ်ဆိုတာ ဘယ်သိမလဲ။ ပုရစ်ဖူးလေးတွေ ဝေစီနေ တယ်ဆိုတဲ့ စကားလုံးဟာ.. လူကြီးတွေတောင် တော်တန်ရုံသိတာမဟုတ်ဘူး..။ သုံးလေး လေချိုသွေး လို့ အော်သာအော်နေကြတာ..။ လေချို ဆိုတာ ဘာမှန်းမသိကြဘူး။ လေကြီးက ချိုသတဲ့ လို့ တွေးနေကောင်းတယ်။ တောကလေးတွေ ဥယျာဉ်ဆိုတဲ့ စကားလုံး လဲ နားဝေးတာပဲ..။ အဲဒါကြောင့် အဲဒီကဗျာကို သူတို့ အရခက်နေကြတာပဲ..။

အဲဒါနဲ့ ကဗျာကို.. အခုလို ကျွန်တော်ပြင်လိုက်တယ်။

" တစ်နှစ် အီးတဘစ်ဘစ်၊ သုံးလေး အီးတွေဆေး၊ ငါးခြောက် အီးတွေပေါက်၊ ခုနှစ်ရှစ် အီးတွေညှစ်၊ ကိုးတစ်ဆယ် အီးရှုမယ်..။ "

ကဲ.. သံပြိုင်လိုက်ဆိုကြဆိုပြီး ရှေ့က ချပေးလိုက်တယ်။ အော်လိုက်ကြတာ.. ကျောင်းတောင်တုန်တယ်။

နောက်နေ့ ပြန်သင်စရာမလိုတော့ဘူး။ ကာလီဒါသရဲ့ မိုးစေတမန် လို ကမ္ဘာမကျော်ပေမယ့် ရွာကျော် အီးစေတမန်ကဗျာတော့ ဖြစ်သွားခဲ့တယ်။ ကလေးတွေက ရပ်ကွက်ထဲမှာလဲ တကြော်ကြော်အော်ဆိုတဲ့ ကဗျာတစ်ပုဒ်ပေါ့။

နောက်ဆုံး ကျောင်းသားမိဘများကတောင် ဆရာလေးရယ် ပေါက်ပေါက်ရှာရှာ လို့ ပြောလာကြတဲ့အထိပဲ။

အတန်းလေးတန်းကို ကျွန်တော်နဲ့ ၀င်းနိုင်ဦး နှစ်ယောက်ထဲ သင်နေရတာ ပင်ပမ်းလွန်းတယ်။ အဲဒါနဲ့ ကျောင်းစောင့် ဖိုးနီတာကို တစ်ခါတစ်ရံ သူငယ်တန်းသင်ခိုင်းရတယ်။ ဖိုးနီတာက လေးတန်းတောင် အောင်တဲ့ကောင်မဟုတ်ဘူး။ အသက်ကတော့ ကျွန်တော်တို့နဲ့ ရွယ်တူပဲ။ သူလဲ အနန္တဂိုဏ်းဝင် ဆရာဖိုးနီတာဖြစ်လာခဲ့တယ်။ ဒါပေမယ့် သူ့ကြောင့်မကြာခန ပြဿနာတက်တယ်။

စနေ တနင်္ဂနွေက ထုံးစံအတိုင်းကျောင်းပိတ်တယ်။ တနင်္လာ သောကြာ ငါးရက်ဖွင့်တယ်။ တနင်္လာနေ့မှာ ဆရာဖိုးနီတာကို သူငယ်တန်းကလေးတစ်ယောက်က မေးတယ်။

"ဆရာဖိုးနီတာ မနက်ဖန်ကျောင်းပိတ်လား " တဲ့..။

စနေတနင်္ဂနွေ နှစ်ရက်ပိတ်ပြီးလို့ ဒီနေ့မှာ ကျောင်းပြန်ဖွင့်တယ်.. မနက်ဖန်ကျောင်းပိတ်သလားလို့ လာမေးရ ကောင်းလားဆိုပြီး ဆရာဖိုးနီတာက.. ဒေါကြီးမောကြီးနဲ့..

" ငါ့ -..ီး ပိတ် " လို့ အဲဒီကလေးကို အော်သတဲ့။

သူ့ကလေးကို ဖိုးနီတာ ဆရာလုပ်နေတာတောင် လွန်လွန်းနေပြီ.. အခုတော့ ငါကိုင်တုတ်တဲ့အဆင့်အထိ ရောက်လာပြီ.. ဖိုးနီတာ ဆက်သင်ရင်.. ကျောင်းမထားတော့ဘူး ဆိုပြီးကျောင်းသားမိဘတွေက အရေးဆိုကြတယ်။ ကျောင်းပစ်ပြီး ရွာဈေးမှာ ဆန်ဆီထွက်ရောင်းနေတဲ့ ကျောင်းအုပ်ကြီးပါ တောင်းပန်ရတယ်။ နောက်တော့ ဖိုးနီတာကို ပင်စင်ပေးလိုက်ရတယ်။

ကျွန်တော်နဲ့ ၀င်းနိုင်ဦးကတော့ ဒုံရင်းဒုံရင်းပေါ့။ နောက်တော့ အသားကျလာခဲ့တယ်။ စာသင်လို့ ပျင်းရင် ကလေးတွေကို အုပ်စုနှစ်စုခွဲပြီး သီချင်းဆိုပြိုင်ခိုင်းတယ်။ နပမ်းလုံးခိုင်းတယ်။ အဲဒီတုံးက ကော်နီရဲ့ ကိုကိုချစ် သီချင်းက ဟော့နေတဲ့ အချိန်ပေါ့။ စာသာမရတာ.. အဲဒီသီချင်းကို ကလေးအားလုံး အလွတ်ရတယ်။

ရွာမှာ အထက်တန်းကျောင်းကြီး တစ်ကျောင်းရှိတယ်။ ကျွန်တော်လုပ်အားပေးတဲ့ မူလတန်း ကျောင်းကလေးက အသစ်ဖွင့်လိုက်တာပဲ။ အမက (၂) ပေါ့။ ကျောင်းသစ်က ဆောက်လုပ်စဲ ဆိုတော့ ရွာက တံတားပေါ်က ဇရပ်နှစ်ဆောင်မှာယာယီ သင်ရတယ်။

အထက်တန်းကျောင်းကြီးက ကျောင်းဆင်းလာရင် အဲဒီဇရပ်ရှေ့က ဖြတ်ပြန်ကြရတယ်။ အဲဒီတုံးက ခင်မျိုး ဆိုတဲ့ ဆယ်တန်းကျောင်းသူက အတော်လှတယ်။ ကျွန်တော့်ထက်တော့ ငယ်တယ်။ ဒါပေမယ့် ဆယ်တန်းကျောင်းသူဆိုတော့.. အပျိုဝင်စလေးပေါ့။ အဲဒီကောင်မလေးကို ကျွန်တော် မျက်စိကျတယ်။ သူတို့က ကျောင်းဆင်းရင် သူငယ်ချင်းသုံးယောက် အတူပြန်လေ့ရှိတယ်။ ကျွန်တော်စာသင်တဲ့ ဇရပ်နားကို သူတို့ ရောက်တာနဲ့ ကလေးတွေက..

"အမကြီးမခင်မျိုး အလွန်လှ၏... ဆရာလေးက ကြိုက်နေသည်.. တချက်လောက် လှည့်ကြည့်ပါ.." လို့ သံပြိုင်အော်ကြတယ်။

မအော်တဲ့ကောင် အရိုက်ပဲ လို့.. ကျွန်တော်က ကြိမ်းထားတာ။ ( အဟတ်ဟတ် )

ခင်မျိုးက ဒေါကြီးမောကြီးနဲ့ လှည့်ကြည့်ရင် ကလေးတွေက.. ဟေး .. လို့ ၀ိုင်းအော်ကြတယ်။ ကျွန်တော်ကတော့ အရှက်မရှိတဲ့ မျက်နှာနဲ့စပ်ဖြဲဖြဲ လုပ်နေလိုက်တယ်။ နောက်တော့ ကျွန်တော်တို့ ဇရပ်ရှေ့က မပြန်ဘဲ တခြားလမ်းက ပြန်တယ်။ ကျွန်တော်တို့လဲ ကျောင်းဆောင်သစ်ကို မကြာခင်မှာ ပြောင်းကြရတယ်။

အဲဒီလိုနဲ့ တက္ကသိုလ်တွေ ဖွင့်ပြီလို့ သတင်းရောက်လာတယ်။ ကလေးတွေနဲ့ ခွဲခွါရဖို့ ဖြစ်လာခဲ့တယ်။ ပူဇော်ထိုက်သူကို ပူဇော်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်သည်နှင့်အညီ ဆရာကန်တော့ပွဲလုပ်ဖို့ ပြင်ဆင်ကြတယ်။

ဆရာကန်တော့ပွဲဖြစ်မြောက်ရေးကော်မတီကတော့ ကျွန်တော်နဲ့ ၀င်းနိုင်ဦးပဲ။ (ဟဲဟဲ)

(ကိုယ့်အလှည့်တုံးကတော့ ဆရာတွေကို ဘာကြောင့်ကန်တော့ရတာလဲလို့ မချေမငံ ပြန်မေးခဲ့တဲ့ ကျွန်တော်.. ဒီတစ်ခါတော့.. ကိုယ်က ဆရာလုပ်ပြီး အကန်တော့ခံဖို့ လုပ်တယ်။ အတော်တရားတဲ့ကောင်ပဲ.. ဟဲဟဲ။)

ကလေးတွေ ငိုယိုပြီးတောင်းလာတဲ့ ပိုက်ဆံလေးတွေစုပြီး ကိုယ်ကြိုက်ရာကိုယ်ဝယ် ထိုင်အကန်တော့ခံပြီး တက္ကသီလာမြကျွန်းသာကို ကျွန်တော်ထွက်ခွါလာခဲ့တယ်။

တကယ်တော့ ကျောင်းသားမိဘတွေကိုယ်နှိုက်က ကြည်ကြည်ဖြူဖြူရှိလှပါတယ်...။ အဲဒီ မူလတန်း ကျောင်းလေးမှာ လုပ်အားပေး ကျောင်းဆရာလုပ်နေသလို.. ညနေတိုင်း ဆယ်တန်း ကျောင်းသား ကျောင်းသူတွေကို ဓါတုဗေဒ ကျုရှင်ပေးပါတယ်။ ခင်မျိုးနဲ့ သူ့သူငယ်ချင်းများကလွဲလို့ ရွာမှာရှိတဲ့ ဆယ်တန်းကျောင်းသားကျောင်းသူတော်တော်များများ ကျွန်တော့်ကျုရှင်မှာတက်ကြတယ်။

ရွာမှာ ကြီးကြီးငယ်ငယ် ကျွန်တော့်ကို ဆရာ လို့ ခေါ်ကြတယ်။ ကျုရှင်လခမယူဘူး..။ ကျွန်တော်တက္ကသိုလ် သွားခါနီး ၀ိုင်းဝန်းကန်တော့ကြတယ်။ လုံချည်.. အင်္ကျီစ.. ဆပ်ပြာခဲ.. သွားတိုက်ဆေး.. ဖိနပ်.. နဲ့ ပိုက်ဆံ တွေပါတယ်..။ ကန်တော့ခံ ပိုက်ဆံထဲက တချို့ကို မိဘများ ပြန်ကန်တော့ခဲ့ရတယ်။ ကျန်တဲ့ပိုက်ဆံဟာ ကျွန်တော့်ရဲ့ တစ်နှစ်စာ ကျောင်းစားရိတ်ပဲ။

No comments: