Monday, January 5, 2009

37.8 ဆရာနဲ့ ပထမဦးဆုံး ဆုံခဲ့စဉ်က

ဆရာနဲ့ ကျွန်တော် စတွေ့တာ ၁၉၈၂ ခုနှစ်.. ကျွန်တော်ငါးတန်းနှစ်မှာပဲ..။ ကျွန်တော်တို့ခေတ်မှာ သူငယ်တန်းကနေ လေးတန်း အထိ အင်္ဂလိပ်စာ မသင်ရသေးဘူး..။ ငါးတန်းမှ A,B,C ဆိုတာကို စသင်ရတာ..။ ကျွန်တော်ကသာ ငါးတန်း ရှိသေးတာ..။ ဆရာ့အသက်က အဲဒီကတည်းက ၇၆ နှစ် ရှိနေပြီ..။ ကျန်းမာရေးက ဒေါင်ဒေါင်မြည်လို့ ပြောလို့ရပေမယ့် ဆရာနားတော့ နည်းနည်းလေးနေပြီ..။

လုံးဝ မကြားရတာမျိုးတော့ မဟုတ်ပါဘူး..။ ဆရာနဲ့ စကားပြောရင် ပုံမှန်ထက် နည်းနည်းလေး အော်ပြောရတာလောက်ပေါ့..။ မှတ်မှတ်ရရ အမနဲ့အကို က သူ့ကျုရှင် တက်နှင့်နေတာမို့ ကျွန်တော်လည်း လိုက်တက်တယ်..။ ရှေ့မှာ ပြောခဲ့သလို တန်းခွဲမရှိဘဲ အားလုံး အတူတူသင်တော့ ဆရာ့ကျုရှင်မှာ ကျွန်တော်က အငယ်ဆုံး ပေါ့..။

အင်္ဂလိပ်စာဆိုတာကို တခါမှလည်း မသင်ခဲ့ရဖူးတဲ့အပြင် ကိုယ့်ထက် အတန်းကြီးတွေနဲ့ အတူတက်ရတော့ ကျွန်တော့်မှာ အိုးနင်းခွက်နင်း ကိုဖြစ်လို့..။ ဆရာပေး တဲ့ မီးနင်းကအစ.. ကျွန်တော့်မှာ အတော့်ကို ခက်ခက်ခဲခဲ ကျက်မှတ်ခဲ့ရတယ်..။ တရက်.. မီးနင်း ရှစ်လုံးလောက် ကျက်ခိုင်းတယ်..။ ရတဲ့ကောင် ပြန်..၊ မရတဲ့ ကောင် မပြန်နဲ့ ဆိုပြီး ဆရာက တစ်ယောက်ချင်းကို အလွတ်ပြန်ခိုင်းတယ်..။

တစ်ယောက်ပြီးတစ်ယောက်.. ဆရာ့နားသွား ပြန်ပြပြီး လစ်သွားကြတယ်..။ ကျွန်တော့်မှာ.. အလွတ်ရဖို့ ဝေးလို့ စာလုံးပေါင်းတောင် မနည်းကြည့်ဖတ်နေရတုံး..။ ကြာတော့ အကိုတော်နဲ့ အမတော်က ဆရာက နားသိပ်ကြားတာ မဟုတ်ဘူး နောက်ကနေ ထောက်ပေးမယ်.. နို့မို့ဆို မင်းပြန်ရမှာမဟုတ်ဘူး သွားဆိုတာနဲ့ ကြောက်ကြောက်နဲ့ ဆရာ့နား သွားရတယ်..။

ဆရာကတော့ ကျွန်တော့်ကို တချက်ကြည့်ပြီး “ ရပြီလား ” လို့ မေးတယ်..။ နဂိုရ်ကတည်းက မရသေးဘဲ .. လာတဲ့ကောင်ဆိုတော့ နှုတ်ကမဖြေရဲဘူး.. ခေါင်းပဲငြိမ့် ပြမိတယ်..။ “ အေး အဲဒါဆို ရွတ် ” လို့ ဆရာကပြောပြီး မျက်စိမှေးပြီး နားထောင်နေတယ်..။ ကျွန်တော့်မှာ တော်တော်နဲ့ အသံက မထွက်နိုင်ဘူး..။ မဟုတ်တာ လုပ်နေတာဆိုတဲ့ အသိနဲ့ ကလေးဆိုတော့ လန့်ဖြန့်ပြီး အအကြီးလို ဖြစ်နေခဲ့တယ်..။

နောက်မှ အားတင်းပြီး ခပ်တိုးတိုး စရွတ်တယ်..။

C r o c o d i l e...........

အင်္ဂလိပ် လို ချောချောမောမော ပြီးသွားပေမယ့် မြန်မာလိုကျ မသိတော့ ခရိုကိုဒိုင်းဒိုင်းဒိုင်းဒိုင်း ... နဲ့ ဒိုင်းကို သံရှည်ဆွဲပြီး ရပ်နေပါရော..။ ဆရာက မှေးထားတဲ့ မျက်လုံးကိုဖွင့်ပြီး “ ခရိုကိုဒိုင်း ” ဘာတုံး လို့ မေးငေါ့ပြီး မေးတယ်..။ လူက ခြေဖျားလက်ဖျားတွေ အေးနေပြီ..။ နောက်က ထောက်ပေးမယ်ဆိုတဲ့ အကိုနဲ့အမခမျာ လည်း ဆရာကြားမှာစိုးလို့ သိပ်အော်ကြီးဟစ်ကျယ် မထောက်ရဲဘူး..။ ခပ်တိုးတိုး.. တကယ့်ကို တိုးတိုးလေး “ မိကျောင်း.. မိကျောင်း ” နဲ့ လှမ်းအော်တယ်..။

အခြေအနေက အားလုံး ခိုးကြောင်ခိုးဝှက် ကြောက်ကြောက်နဲ့ ဆရာ့ကို မလိမ့်တပတ်လုပ်တာဆိုတော့ .. သူတို့အော်တဲ့ “ မိကျောင်း ” ကို “ မီးသွေး ” လို့ ဒီကကောင်က ကြားပါလေရော..။ အဲဒါနဲ့ပဲ “ခရိုကိုဒိုင်း.. မီးသွေး” လို့ အော်ချပစ်လိုက်တယ်..။ အမနဲ့အကိုတင်မက.. ကျန်နေသေးတဲ့ သူတွေလည်း မျက်လုံးတွေပြူး..၊ ဆရာလည်း ထိုင်နေတဲ့ ပက်လက်ကုလားထိုင်ကို လက်နှစ်ဖက်စုံကိုင်ပြီး ငေါက်ကနဲ မတ်ရင်း..

“ခရိုကိုဒိုင်း ဘာရယ် ” တဲ့..။ သူများ နားကြားလွဲသလားလို့ သေချာအောင် ဆရာထပ်မေးတယ်..။ ကျွန်တော့်မှာလည်း တခြားဖြေစရာမှ မရှိတာ..။ “ မီးသွေး” လေ ပေါ့..။

“ ဟာ ဟ ” တဲ့..။ ဆရာ ရယ်တယ်..။ ကျွန်တော့်ကို စေ့စေ့ကြည့်ပြီး ရယ်တာ..။ နောက်မှ ကျွန်တော့်ခေါင်းကို ပုတ်ပြီး မင်းပြန်လို့ ရပြီလို့ ဆရာ ဆက်ပြောတယ်..။ တကယ့်ကို အမှတ်တရ အခုထိ မျက်စိထဲက မထွက်တဲ့ .. ကျွန်တော်နဲ့ ဆရာရဲ့ ပထမဦးဆုံး တွေ့ဆုံမှု ပေါ့ဗျာ..။

ကဲ.. ကျွန်တော့်ကျေးဇူးရှင် ဆရာကြီးရဲ့ ရှားရှားပါးပါး ဓါတ်ပုံ တင်ပေးလိုက်ပါတယ်..။ ကြည်ညိုရင်း မှီခိုခဲ့ရတဲ့ ရှားမှရှားတဲ့ ကျွန်တော့်ဆရာ ပေါ့..။

3 comments:

Life is for Success said...

ko navana,

if convience please makeconculsion post what ur teacher taught for you for living....

P.Ti said...

crocodile မီးသွေးကို အားရပါးရရယ်သွားပါတယ်...

ရှေးခေတ်ဆရာများ တကယ်ပဲ လေးစားလောက်ပါပေတယ်...

တက်တူ said...

ကျွန်တော်ကျောင်းတုန်းက ဆရာက မီးနင်းအလုံး ၃၀ ကျော်ကိုအစဉ်တိုင်းပြန်ခိုင်းတာ၊ ကျွန်တော်က အလုံး ၃၀ လုံးအစဉ်တိုင်းတော့မရဘူး ဒါပေမဲ့ကြိုက်တာမေးလို့ပြောတာကို သူပြောသလို အစဉ်တိုင်းမဆိုနိုင်လို့ အတန်းရှေ့မှာ ရိုက်ခံရတာ ခုထိမှတ်မိသေးတယ်။ နောက်ပြီး ပုံနှိတ်မှာ မျဉ်းတားထားတာကို ဗလာစာအုပ်မှာ ချောကူးပြီး မကျက်လို့လည်းရိုက်ခံရဖူးတယ်။ တခါတလေ ဘာလို့မလိုအပ်တဲ့ အပိုတွေကိုမှတ်ခိုင်း လုပ်ခိုင်းတာလဲမသိဘူး။ မြန်မာပြည်မှာ အဲဒီလိုဆရာတွေအစား ကိုနဗနရဲ့ ဆရာလိုမျိုး များများရှိသင့်တယ်။