Monday, January 5, 2009

37.5 ဘ၀အမောကြားက ပြုံးရယ်ဟား

ရွာက ကျွန်တော့် ဘော်ဒါတွေထဲမှာ စက်ဘီးဖာတဲ့ ကိုလှမင်းဆိုတာရှိတယ်..။ သူ့ဆိုင်က ရွာလယ်လမ်းမကြီးဘေး မေးတင်ဖွင့်ထားတာဆိုတော့ လူငယ်တွေ အတော်စုမိတဲ့ ဆိုင်ပဲ..။ လက်တောက်ခုံ (ဇယ်ခုံ) လည်း ရှိတော့ ကျောင်းပိတ်ရက်ဆို သူ့ဆိုင်မှာ ကျွန်တော်တို့တွေ တနေကုန် ရှိတတ်ကြတယ်..။ ဆိုင်ရှေ့ ၀ါးကွတ်ပျစ် ပေါ်ထိုင်ပြီး လူငယ်သဘာဝ ပေါက်တတ်ကရ၊ ရောက်တတ်ရာရာတွေ ပြောကြ၊ စကြ နောက်ကြ ရင်းပေါ့..။

တစ်ရက်လည်း မဟုတ်တော့ ကိုလှမင်းဘီးဖာတာကို ကူညီညာလုပ်ရင်း ကျွန်တော် ဘီးဖာတတ်သွားခဲ့တယ်..။ စတုံးကတော့ အလုပ်သင်သဘောမျိုးနဲ့ ကူလုပ်တာ ဆိုတော့ ပိုက်ဆံမရပါဘူး..။ နောက်မှ ကိုလှမင်းက ကျွန်တော့်ကို တစ်ရက်ခုနှစ်ကျပ်ပေးတယ်..။ စနေတနင်္ဂနွေ နှစ်ရက် လုပ်ရတယ်..။ ကျန်တဲ့ ရက်တွေမှာ ကျောင်းတဖက်နဲ့ဆိုတော့ မလုပ်နိုင်ဘူး..။

စက်ဘီးဖာတာကလည်း မြင်တော့သာ ဘာမှမဟုတ်တာ.. သိပ်တော့ လွယ်တဲ့အလုပ်မဟုတ်ဘူး..။ ကိုလှမင်း ဘီးဖာတာကို အကြိမ်များစွာ မြင်တွေ့နေခဲ့ပေမယ့် ကျွန်တော်ကိုယ်တိုင် ပထမဦးဆုံးအကြိမ် ဘီးဖာတော့ ပြသာနာတက်တော့တာပဲ..။ အဲဒီရက်က မှတ်မှတ်ရရ ကိုလှမင်း ရွာထဲသွားနေတုံး အဘိုးကြီးတစ်ယောက် စက်ဘီးလေး တွန်းလို့ ရောက်လာခဲ့တယ်..။

“ငါ့တူရေ.. ဘီးဖာချင်လို့ ” တဲ့..။ ဆိုင်ရှင် မရှိဘူး ခဏစောင့်ပါ လို့ ကျွန်တော်ပြောမလို့ ရှိသေး .. “ ဘီး ထားခဲ့မယ် ဖာထားလိုက်ပါ.. အပြန်မှ ၀င်ယူမယ် ” တဲ့..။ ပြောပြောဆိုဆိုနဲ့ အဘိုးကြီးက ထွက်သွားတယ်..။ ကဲ.. ဒါလက်စွမ်းပြဖို့ အခွင့်အရေးပဲ လို့ ကျွန်တော်တွေးပြီး ကိုလှမင်းပြန်လာတဲ့အထိ မစောင့်ဘဲ ကျွန်တော်ကိုယ်တိုင် ဘီးဖာဖို့ ပြင်ဆင်တယ်..။

ရေအင်တုံ ချ.. ကော်ပတ်ကို ရယ်ဒီလုပ်.. စက်ဘီးကို ခုံပေါ်တင်ပေါ့..။ ကိုလှမင်း လုပ်တာကိုင်တာတွေ တနေ့မဟုတ် တွေ့နေမြင်နေကျဆိုတော့

ဘာခက်တာလိုက်လို့..။ ပြားနေတဲ့ နောက်ဘီးကို မြှောက်.. ချက်တိုင်ကို ရှာလိုက်တယ်..။ ချက်တိုင်တွေ့တာနဲ့ tyre ကို လိမ်လှည့်ပြီး ချက်တိုင်အပြင်ရောက် အောင် ထုတ်လိုက်တယ်..။

နောက်.. tyre နဲ့ အထဲက tube (ကျွတ်) ကို ခွဲထုတ်ဖို့ ကလော်ထုတ်တဲ့ သံချောင်းနဲ့ ကလော်ချလိုက်တယ်..။ ဘေးက တစ်ယောက်ယောက်များ ရှိနေလို့ကတော့ ဒီကောင် လုပ်နေကိုင်နေတာ သိပ်ဟုတ်ပါ့လားလို့ ထင်မလားပဲ..။ ဒါပေမယ့် ပြသာနာက အဲဒီမှာ တက်တော့တယ်..။

tyre ကို ကလော်ထုတ်တာ လက်လွန်ပြီး အထဲက tube (ကျွတ်) ကို ဖိကြိတ်လိုက်သလို ဖြစ်ပြီး ကျွတ်က ပြဲထွက်သွားပါလေရော..။

တကိုယ်လုံး ဇောချွေးတွေဆိုတာ ချက်ခြင်းကို ပြန်ထွက်သွားတာပဲ..။ အပြဲက နည်းနည်းနှောနှောမဟုတ်ဘူး.. တစ်လက်မလောက် ရှိတယ်..။ စက်ဘီးပိုင်ရှင် အဘိုးကြီးများ အနားမှာ ရှိလို့ကတော့ ပွဲက ပြီးပြီ..။ ကွတ်ပျစ်ပေါ်က ကောင်တွေကလည်း သူတို့စကားနဲ့သူတို့ မျောနေကြလို့ တော်သေးတယ်..။ ဘယ်သူမှ မရိပ်မိခင် ကပျာကယာ ကျွတ်စကို ဆွဲထုတ်ပြီး အဲဒီအပြဲကို အရင်ဖာရတယ်..။

ပုံမှန်ဘီးဖာသလိုမျိုး အပြင်ထုတ်ထားတဲ့ ကျွတ်ကို လေပြန်ထိုး.. ရေအင်တုံထဲမြုပ်ပြီး အပေါက်ရှာ ဆိုတာမျိုးတောင် မလုပ်နိုင် တော့ပါဘူး..။ အပေါက်ကြီးက ရှာစရာမှ မလိုတာ..၊ ကိုယ်ထိုးလိုက်လို့ မျက်စိရှေ့မှာ ပြဲထွက်သွားတာဆိုတော့ သူ့ကို အရင်ဖာရပါတယ်..။ အဲဒါကြီး မဖာဘဲ လေထိုးရင်လည်း လျှာထွက်သေဖို့ ရှိတယ်..။ ထိုးသမျှ လေ.. အဲဒီအပြဲက တလဟော ပြန်ထွက်နေတာနဲ့ ဘယ်လိုလုပ် ထိုးရမှာလဲ..။

ကိုယ့်ကြောင့်ဖြစ်တဲ့ အပေါက် ဖာပြီးတာနဲ့ ကျွတ်ကိုလေထိုးပြီး တခြားအပေါက် လိုက်ရှာရတယ်..။ အဘိုးကြီးက သူ့စက်ဘီးပေါက်လို့ လာအပ်သွားတာ မဟုတ်လား။

တခြား အပေါက် ရှိရအုံးမှာပေါ့..။ လေထိုးထားတဲ့ ကျွတ်စကို ရေအင်တုံထဲ လှည့်ကာလှည့်ကာ နဲ့ နှစ်ရင်း ပလုံစီထလာမှာကို ပြူးပြဲ ကြည့်ရတယ်..။ တစ်ပတ်၊ နှစ်ပတ်၊ သုံးပတ်လောက်သာ ကျွတ်က လည်သွားတယ်..။ အပေါက်က ရှာလို့ မတွေ့..။

မျက်စိများ မှားလို့လားဆိုပြီး နောက်တစ်ခေါက် ထပ်စစ်ကြည့်တယ်..။ မတွေ့..။ အဖြစ်ကတော့ မနှစ်ကနဲ့ မတူဆိုတာမျိုးပဲ..။ ပေါက်နေတဲ့ စက်ဘီးကို ဖာတာမှာ ဖာတဲ့သူ ထိုးဖောက်လိုက်တဲ့ အပေါက်ပဲ တွေ့ပြီး တခြားအပေါက် ရှာမရဖြစ်နေခဲ့ရတယ်..။ ကဲ.. တခြားအပေါက်မတွေ့မှတော့ ဖာပြီးသွားပြီလို့ပဲ မှတ်လိုက်ရတော့ မှာပဲ..။ အဘိုးကြီး ပြန်မလာခင် ရယ်ဒီဖြစ်အောင် ကျွတ်စကို ပြန်ထည့် လုံး ရတယ်..။

အားလုံး ပြီးစီးတော့ စက်ဘီးကို လေပြန်ထိုး၊ ဒေါက်ထောက်ပြီး အဘိုးကြီးကို ခပ်တည်တည်နဲ့ ထိုင်စောင့်နေလိုက်တယ်..။ ဒါပေမယ့် ရတက်တော့ မအေးပါဘူး..။ ကိုယ်ဖာထားတဲ့ ဘီးကို မကြာခဏလည်း လှမ်းလှမ်းကြည့်ရသေးတယ်..။ ကိုယ်ရှာလို့မတွေ့တဲ့ အပေါက်က အဘိုးကြီးလာတော့မှ ပြားနေရင် ဒုက္ခ..။

စောင့်နေတာ ဆယ်မိနစ်လောက် ကြာတော့ အဘိုးကြီး ပြန်ရောက်လာတယ်..။ ငါ့တူ ပြီးပြီလားလို့ မေးတာကို အသံထိန်းပြီး “ ပြီးပြီ ” လို့ ပြန်ဖြေလိုက်တယ်..။ အဘိုးကြီးက ဖာထားတဲ့ နောက်ဘီးကို သူ့လက်နဲ့ နည်းနည်း ဖိကြည့်ရင်း “ ဘယ်နှစ်ပေါက်လဲ ” လို့ မေးတယ်..။ “ တစ်ပေါက်ထဲပါ.. အပေါက်ကတော့ အကြီးကြီး အဘရေ ” လို့ ကျွန်တော်ပြန်ပြောတော့ အဘိုးကြီးက သူ့အိပ်ထောင်ထဲက ကျပ်တန်နှစ်ရွက် ထုတ်ပေးတယ်..။

အဲဒီနေ့က စက်ဘီးစီးထွက်သွားတဲ့ အဘိုးကြီးရဲ့ နောက်ကျောကို ကြည့်ရင်း တခွိခွိနဲ့ ကျွန်တော် ရယ်နေခဲ့တယ်..။

5 comments:

Ko Boyz said...

အစ်ကိုကြီးရယ်...။ ဖြဲလိုက်တဲ့ အခြမ်းက ပေါက်တာ မဟုတ်ပဲ တစ်ခြားဘီးက ပေါက်နေရင်ကော...။
ဒုက္ခ...။

Life is for Success said...

a ko,

I think should be hole is from ur tear side. that why u can not find another hole. really enjoy life a ko....

Maw said...

ကဘွိုင်းဇ်ရယ်.. စက်ဘီးပေါက်တယ်ဆိုတာ..လေထိုးစီးပေ့မယ့် ဘီးပြားပြားသွားလို့..သိကြရတာ...။ များသောအားဖြင့်လဲ နောက်ဘီးကဖြစ်တာများတယ်။ ဘီးပေါက်လို့လာအပ်ရှင် ပြားနေတဲ့ဘီးဘက်ကပဲ ဖြစ်တော့မပေါ့........ ဟော့.. ဟော့...။
စက်ဘီးမစီးခဲ့ဘူးဖူးထင်ပါ့... ။စက်ဘီးနဲ့သွား၊ စက်ဘီးနဲ့လာလုပ်ခဲ့ရတဲ့ ငယ်ဘ၀ကို ခုမှ ပိုလွမ်းသွားတယ်။ ရန်ကုန်ရွှေမြို့တော်ကြီးမှာ.. မြို့ကြီးသူလာလုပ်ရကတည်းက စက်ဘီးများနဲ့ ဝေးခဲ့တာ..။

ငွေအိမ်စံ said...

တာယာကို ကလော်လိုက်တဲ့ ပရက်ရှာလေးနဲ့ ကျွတ်က ပြဲထွက်မသွားလောက်ပါဝူး....အကိုရယ်...
နဂိုကတည်းက ပြဲနေတဲ့ အပြဲကြီးနေမှာပါဗျာ...
အကိုကလော်လိုက်တဲ့ ပရက်ရှာကြောင့် ပြဲတာဆိုရင်တော့ ရွှေဒူဝံ နဲ့ ဝမ်ချိုင်း တို့ ဂျွန်းထိုးပီးငိုကြလိမ့်မယ်.... ဟိဟိ..
ဟုတ်တယ်ဟုတ် ?????

kyaw said...

ဟဟဟဟ..ပေါက်တဲ့ နေရာကိုဖြဲ ပစ်တာပေါ့လေ