Monday, January 5, 2009

37.3 ဆိုရှယ်လစ်က ထုဆစ်ခဲ့တဲ့ ဘ၀များ

ပါတီကောင်စီ နဲ့ သမ၀ါယမ ကြီးစိုးတဲ့ ခေတ်ထဲ ကျွန်တော်တို့မောင်နှမတတွေ လူလားမြောက်ခဲ့ကြတယ်..။ အဲဒီခေတ်ကြီးထဲမှာ သမဆိုင်ကနေ အိမ်ထောင်စုလူဦးရေ အတိုင်း ဆန်ထုတ် ပေးတယ်..။ တစ်ယောက်ကို တစ်လ နှစ်ပြည်နှုန်းလောက် ထုတ်ပေး ထင်ပါရဲ့..။ တခါတရံ ရွှေဝါဆပ်ပြာ တစ်တောင့် တစ်ပိုင်း ရတတ်သေးတယ်..။ ဆေးဆိုး ပန်းရိုက် ရွှေတောင်ထည် ပလိပ်တည် အတိုအစလေးတွေလဲ တစ်နှစ်ကို တစ်ကြိမ်လောက် တန်းစီတိုးထုတ်ခဲ့ဖူးတယ်..။

ထုတ်ပေးတဲ့ ဆန်က ကောင်းရင်.. ဈေးမှာ ပြန်ရောင်းပြီး .. အောက်စဆန် မကောင်းတကောင်းကို ပြန်ဝယ်၊ ပိုထွက်လာတဲ့ ငွေအသပြာနဲ့ ဟင်းချက်စရာ ၀ယ်ချမ်း ချက်ပြုတ်စားသောက်ခဲ့ရတယ်..။ ဆန်ကောင်းရဖို့ကလည်း ထင်သလောက်မလွယ်ဘူး..။ တန်းစီထပ်ထားတဲ့ ဆန်အိတ်တွေထဲက ကိုယ့်အလှည့်မှာ ကျတဲ့ အိတ်ထဲက ဆန်ပဲ ရတာမျိုးဆိုတော့ ကောင်းကောင်းမကောင်းကောင်း ရရာပဲ ယူကြရတယ်..။

ဒါပေမယ့် ဆန်ချင်တဲ့သူနဲ့ ပြေလည်ရင်တော့ ကိုယ့်အလှည့်မှာ သူတို့ကြိုရွေးထားတဲ့ ဆန်အိတ်ကိုဖောက်ထည့် ပေးတယ်..။ သူုတို့ကတော့ ဘယ်အိတ်က ဆန်ကောင်း တယ်..၊ ဘယ်အိတ်က ဆန်ညံ့ ဆိုတာ သိတယ်..။ ကောင်းတဲ့အိတ်ကို တံချုနဲ့လိုက်ထိုး မှတ်ထားမှတော့ သိပြီပေါ့..။ တတ်နိုင်တဲ့သူတွေကတော့ အဲဒီဆန်ချင်တဲ့ သူတွေကို မုန့်ဖိုး ပဲဖိုး ပေးပြီး သူတို့အလှည့် ဆန်ကောင်းရရေး လုပ်ထားကြတယ်..။

ကျွန်တော်တို့လို နင်းပြားဘ၀တွေကတော့ ဘယ်လိုလုပ် မုန့်ဖိုး ပေးနိုင်မှာလဲ..။ တုံးအောက်ကဖားတွေ ဆိုတော့ ဂျာအေးသူ့အမေရိုက် ဇာတ်ပဲ ကကြရတယ်..။ ဆန်ကြမ်းရတာလည်း တမျိုးတော့ ကောင်းပါတယ်..။ ဆန်ကြမ်းဆိုတော့ အစားခံတယ်..။ ဆန်ချောက အ၀င်ကောင်းတော့ စားမလောက်ဘူး..။

ကြီးနိုင်ငယ်ညှင်း လုပ်ခံရတာ၊ ရေနစ်သူ ၀ါးကူလို့အထိုးခံရတာ၊ မျက်နှာမွဲမို့ အနှိမ်ခံရတာ၊ မရှိခိုးနိုး အထင်ခံရတာ စတဲ့ လူ့သဘောသဘာဝ မှန်သမျှ ရွာ..ရွာအလျှောက် ရှိတာပါပဲ..။ နေပူကျဲတောက်ထဲ ချွေးတလုံးလုံးနဲ့ သူလိုငါလို တန်းမစီဘဲ.. ကိုယ့်ရှေ့ကနေ ကျော်တက် ..အခုလာအခုထုတ်သွားတာ တွေကလည်း မမြင်ချင်မှ အဆုံးပေါ့..။

ရွေ့ရွေ့ ရွေ့ရွေ့ နဲ့ ကိုယ့်အလှည့် ရောက်ခါနီးလို့ ပျော်နေတုံး ဘယ်ကပေါ်လာမှန်းမသိတဲ့ မိုးကျရွှေကိုယ်တွေကို အလှည့်ပေးလိုက်ရလို့ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရတာတွေလည်း ဘယ်နည်းမလဲ..။ ဒါပေမယ့် အဲဒါတွေဟာ ဖြစ်လေ့ဖြစ်ထ ရှိတာတွေပဲ လို့ ရွာသားအားလုံးက လက်ခံထားခဲ့ကြတော့ ကိုယ့်အလှည့် ရောက်ရေးပဲ ပေကပ်စောင့်ကြ ပေါ့..။

မတရား တာ၊ တရားတာ..၊ ဖြစ်သင့်တာ.. မဖြစ်သင့်တာ၊ အနိုင်ကျင့် ခံရတာ.. အကျောခံရတာလို့ ဘယ်သူမှ ထပြီးအော်ဟစ် ကန့်ကွက် နေတာတော့ မတွေ့ခဲ့ရသလောက်ပါပဲ..။ စိတ်ဓါတ်တွေဟာ စံနစ်က ပုံသွင်းထားတဲ့ အတိုင်း အသားကို သေလို့..။ ဘ၀တွေကလည်း စံနစ်က ပုံဖော်ထားတဲ့ အတိုင်း ပိန်လိမ် ခြောက်ကပ် လို့..။

ခေတ်က ဆိုရှယ်လစ်ခေတ်.. အလုပ်သမားလူတန်းစားကို မြှောက်ပေးတဲ့ ခေတ် ဆိုတော့ ပျံ့လွင့်လာတဲ့ သီချင်းကအစ “ မောင်.. အလုပ်သမား ဆိုရင်. .ပျိုကပင်.. စတင် .. ချစ်. ချစ်ပါရစေ ရှင် ” တဲ့..။ လိုက်လိုက်ရတဲ့ လုပ်အားပေး ပွဲတွေဆိုတာလည်း မပြောပါနဲ့တော့..။ တော်ကြာနေ တစ်အိမ်တစ်ယောက် မလိုက်မနေရ..၊ မလိုက်ရင် အရေးယူမယ်.. ဘာလုပ်ပစ်မယ် ညာလုပ်ပစ်မယ် ဆိုလို့ ကျောင်းဖွင့်ရက်ဆို ကျောင်းဖျက်ပြီး လိုက်ရတယ်..။ လူစား ငှားထည့်ဖို့ကလည်း ငွေအသပြာက နတ္ထိလေ..။

တစ်အိမ်ထောင်ကို မြေကြီး တစ်ကျင်း တာဝန်ကျတယ်ဆိုလို့ ပေါက်လိုက်ရတာ..။ အလျားဆယ်ပေ၊ အနံဆယ်ပေ၊ အနက်တစ်ပေ.. လက်တွေဆို စုတ်ပြတ်လို့..။ ကိုယ်တာဝန်ကျတဲ့ နေရာက မြေမာ ဆိုရင်တော့ ပြီးပါလေရော..။ မြေပျော့ မြေပွတဲ့နေရာလေး ရဖို့ဆိုတာကလည်း သူ့လူနဲ့သူ..၊ လည်သလိုလုပ်စား မြန်မာပြည်သား များကြား လူစွမ်းလူစ ညံ့သူမို့ မြေကြီးကိုသာ ပေါက်တူးနဲ့ ကုန်းကုန်းပြီး အားကုန် ပေါက်ခဲ့ရတာပေါ့..။

ဘေးဘယ်ညာက ကိုယ်လိုသူလို လူတွေ အလျားကမပြည့်၊ အနံကတို၊ အနက်က ခပ်တိမ်တိမ် နဲ့ သူတို့တာဝန်တွေ ပြီးမြောက်သွားပေမယ့် ကိုယ့်အလျားအနံအမြင့် ကတော့ စစ်ဆေးသူအလိုကျ၊ အတိအကျ ဖြစ်ကို ဖြစ်မှ..။

ဒါတွေဟာ ကံတဲ့..။ ခါးစီးသာ ခံကြတဲ့..။ မြန်မာပြည်မှာ လူလာဖြစ်တာ ကံကောင်း လို့ တဲ့..။ စတဲ့ တရားသံတွေ ဒီကြားထဲ ဟိုဟိုဒီဒီက နာရပြန်တယ်..။

ဦးနှောက်ကို မေ့ဆေးပေးပြီး စိတ်ဓါတ်ကို ထုံဆေးထိုးထားတော့ ဆင်ခြင်တုံတရားဆိုတာ ဆိုရှယ်လစ်မှိုင်းအောက်မှာ မူးဝေအော့အန်ရင်း.. စုတ်ပြတ်နုံချာတဲ့ ဘ၀တွေကို ဒုလ္လဘ တရားတစ်ခုအဖြစ် ခံယူရင်း.. ပေါ့။

8 comments:

uk9 said...

ဦးနှောက်ကို မေ့ဆေးပေးပြီး စိတ်ဓါတ်ကို ထုံဆေးထိုးထားတော့ ဆင်ခြင်တုံတရားဆိုတာ ဆိုရှယ်လစ်မှိုင်းအောက်မှာ မူးဝေအော့အန်ရင်း.. စုတ်ပြတ်နုံချာတဲ့ ဘ၀တွေကို ဒုလ္လဘ တရားတစ်ခုအဖြစ် ခံယူရင်း.. ပေါ့။

How about nowadays bro?
There is worse day by day in our country.
Because of that Dogs.Who can kill them?

Aung San said...

ဦးနှောက်ကိုမေ့ဆေ့ပေး....xxx မှိုင်းအောက်မှာ မူးဝေအော့အန်ရင်.. ဟော. သဘောကျတဲ့စာပိုဒ်လေးကို ကိုးကားပြောမလို့ကြံနေတုံး..သူများဦးသွားပြီ။

စနစ်က ထုဆစ်တဲ့ဘ၀များ ဆိုတာတော့သွေးထွက်အောင်ကိုမှန်လှတယ်။ လူ့သဘာဝအရ ကိုယ့်ကိုယ်ကို ပြန်မကြည့်ပဲ သူများကိုကြည့်ပြီး ဥပမာပြအုံးမယ် (ကိုယ့်ကိုယ်ကိုကြည့်ပြောရင် ပဲရေကြဲနဲ့ ငပိစိမ်းစားတုံး နံ့နဲနဲထွက်လာလို့ :P) ။ ကိုရီးယားလူမျိုးချင်း တူပါလျက်
ခေါင်းဆောင်ကြီး ကင် ဦးဆောင်မှုအောက်မှာ ညီညီညာညာ ပိပိပြားပြား သေသေ၀ပ်ဝပ်လေး နေရတဲ့ မြောက်ပိုင်းက လူတွေကတော့ ဘ၀တွေလဲ မွဲ၊မျက်နှာရော စိတ်ဓါတ်တွေပါမွဲသွားကြပြီး။ ပိုမိုလွတ်လပ်ပြီး လူသားအဖြစ်ရပိုင်ခွင့် တွေထွန်းကား၊ အများညီမှဆုံးဖြတ်ချက် ချနိုင်တဲ့တောင်ပိုင်းသားတွေမှာတော့..ကမ္ဘာမှာမော်ကြွား၊ သွားလေရာ အောက်မကြို့ရပဲ။ မျက်နှာပွင့်နေပုံ နှိုင်းယှဉ်ကြည့်ပါလေ။ လူစွမ်းလူစမှာဖြင့် တောင်နဲ့မြောက် ဘာများကွာမှာလဲ။

ဒါဟာ စံနစ်…စံနစ်…စံနစ်…။

M.Y. said...

ဒီပို့ စ်လေးတန်ဖိုးရှိတယ်ဗျာ..
ကျေးဇူးပါ။

kkma said...

" စိတ်ဓာတ်တွေဟာ စံနစ်က ပုံသွင်းထားတဲ့ အတိုင်း အသားကို သေလို့..။ ဘဝတွေကလည်း စံနစ်က ပုံဖော်ထားတဲ့ အတိုင်း ပိန်လိမ် ခြောက်ကပ် လို့..။ "
ဘယ်တော့များမှ အသားပြန်တက်ပြီး၊ လူလူတူတူ ဖြစ်လာကြမှာပါလိမ့်လို့ နေ့နေ့ညည အတွေးပွားနေမိပါတယ်..။ ကျနော်တို့တတွေ မသေခင် ဒီတသက် 'နလံထူစဘဝတွေ' အမြန်ဆုံး ပြန်လည်ပိုင်ဆိုင်နိုင်ကြပါစေ

strike said...

ဖတ်ရတာမောမောလာတယ်ဗျာ၊ဟ ဟ(ဖြစ်ညှစ်ပြီးရီသံ)

Htoo Myat said...

လက်ဝဲ အယူအဆဟာ တော်လှန်တဲ့ အချိန်မှာသာ ကောင်းတယ်။ အာဏာရရင်တော့ လက်ယာကို ပေးအုပ်ချုပ်ခိုင်း သင့်တယ်လို့ မြင်ပါတယ်။

ဂျူနို said...

စိတ်ဓါတ်ကို မေ့ဆေးပေး ဦးနှောက်ကို ထုံဆေးထိုးထားရင်း
ကောင်းလိုက်တဲ့ စာစုတွေ။
မအယ်တို့ လည်း ဒီလိုပဲ ခံခဲ့ရတာပါပဲ။
ခုလည်း ခံနေရတုန်းပါပဲ။
အတော်သဘောကျမိပါရဲ့ 

kyaw said...

စနစ်လည်းကောင်း..လူလည်းကောင်းမှဖြစ်မှာပေါ့ ဗျာ