Monday, January 5, 2009

37.7 စာတင်မက ဘ၀ကိုပါသင်တဲ့ဆရာ

2001 ခုနှစ် ဧပြီလ 17 ရက်နေ့ မှာ ဆရာသိုက်ကို ကျွန်တော်တို့ တပည့်ဟောင်းတွေ ပေါင်းစုပြီး ပူဇော်ကန်တော့ပွဲလေး လုပ်ကြတယ်..။ ရွာဖက်မှာတော့ နှစ်တိုင်းလိုလို ဆရာ့ကို ကန်တော့ကြပေမယ့် ရပ်ဝေးရပ်နီးက တပည့်ဟောင်းတွေ ပေါင်းပြီး သိုက်သိုက်မြိုက်မြိုက်လေး စလုပ်ဖြစ်တာကတော့ 1999- 2000 လောက်က စထင်တာပဲ..။ နှစ်တိုင်း နှစ်ဆန်းတစ်ရက်နေ့မှာ ကန်တော့ကြတယ်..။ 2001 ပွဲလုပ်တော့ ဆရာ့အသက်က ၉၄ နှစ်ရှိနေခဲ့ပြီ..။ ကျွန်တော် တက္ကသိုလ် နောက်ဆုံးနှစ်တက်နေတဲ့ ၁၉၉၆ ခုနှစ်အထိ ရွာမှာ ဆရာ စာသင်ဆဲ ဆိုတော့ အသက် ၈၉ နှစ်အထိ ရွာက ကလေးငယ်တွေကို ပညာအမွေ ဆရာပေးဆဲလို့ ပြောရမှာပဲ..။

အသက်ကိုးဆယ်အထိ နေရဖို့ဆိုတာ လူတိုင်းအတွက် သိပ်မဖြစ်နိုင်သလို အဲဒီလောက်ထိ နေရရင်တောင် .. ဆရာ့လို ကိုယ့်ပတ်ဝန်းကျင်က လူငယ်လူရွယ်တွေကို ပညာအမွေ၊ ဘ၀အမြင်တွေ ပေးနေနိုင်ဖို့ဆိုတာ ပိုလို့ မဖြစ်နိုင်ပါဘူး..။ နိုဘယ်လ်ဆုရှင် ဒေါက်တာ အဲလ်ဘတ်ရှိုက်ဇာ တို့ အံ့သြဘနန်း အလုပ်တွေ လုပ်ခဲ့တာဟာ နောက်ကွယ်က ဘုရားသခင်ရဲ့ အခန်းကဏ္ဍ အနည်းအကျဉ်း ပါ ပါသေးတယ်..။

ဆရာကတော့ အသက် ၁၇ ခုနှစ်လောက်က စလို့ မြေဖြူတစ်ချောင်းနဲ့ ဆီမီးခုံရဲ့ လမ်းများပေါ် လျှောက်သွားရင်း.. ဘယ်ဘုရားသခင်ရဲ့ မျက်နှာသာပေးမှုကိုမှ မမျှော် မခေါ်ဘဲ.. ကိုယ့်ပတ်ဝန်းကျင်က ကလေးငယ်တွေ အသိဥာဏ်အတွေးအမြင် ပွင့်လင်းအောင် ပီတိကိုစားသုံး၊ အပြုံးရင်မှာအပြည့် နဲ့.. သူဖြည့်ဆည်းပေးခဲ့တယ်..။ နောက်ဆုံး သူ့တသက်တာလုံး ကိုင်စွဲခဲ့တဲ့ မြေဖြူနေရာမှာ တုတ်ကောက်တချောင်း အစားဝင်တဲ့ အထိ၊ ပြောစရာရှိပြော.. ဆိုစရာရှိဆို.. ဆုံးမသင့်တာ ဆုံးမနဲ့ ဘ၀ကို အဓိပ္ပါယ်အပြည့်နဲ့ ဆရာ ရှင်သန်နေထိုင်သွားခဲ့တယ်..။

“ ငါသေရင်.. ဘာမှ ထွေထွေထူးထူး လုပ်မနေကြနဲ့..။ မြစ်ထဲသာ မျောလိုက် .. ငါးတွေ စားပါစေ ” တဲ့..။ ဆရာဟာ မီးစာကုန်ဆီခမ်းလို့ အသက်ဝိညာဉ် ကုန်ဆုံး သွားတဲ့ သူ့ခန္ဓာကိုယ် အကြွင်းအကျန်ကအစ.. လောကကို တမျိုးတဖုံ အကျိုးဖြစ်ထွန်းစေချင်တဲ့ ဆန္ဒရှိခဲ့တယ်..။ နေဖို့ မတောင့်တ သလို၊ သေဖို့လည်း ဆရာ မကြောင့်ကြ ခဲ့ဘူး..။

စာသင်သားဘ၀က ကြားခဲ့ရတဲ့ ဆရာ့ရဲ့ အတွေးအမြင်စကားတွေဟာ ကျွန်တော်တို့ အသက်အရွယ် ရလာလေ.. ပိုပြီး ပီပင်တန်ဘိုးရှိလာခဲ့ရတယ်..။

“ လမ်းဘေးက သူတောင်းစားကို ပေးတာကမ်းတာကအစ အိပ်ထဲက စုတ်ပေ့ဟောင်းပေ့နွမ်းပေ့ဆိုတာကို ရွေးပေးဖို့ မကြိုးစားပါနဲ့ ” တဲ့..။ “ ကရုဏာထက် မုဒိတာ ခက်တယ်..၊ မုဒိတာထက် ဥပက္ခာခက်တယ် ”.. တဲ့..။

“ မိမိကိုယ်ကို သိပြီထင်က အသိရပ်၏..။ တတ်ပြီထင်က အတတ်ရပ်၏..။ လိမ္မာပြီထင်က အလိမ္မာရပ်၏..” .. တဲ့..။

ဘ၀နေနည်းထိုင်နည်း စိတ်ထားပုံထားနည်းက အစ ကြုံရင်ကြုံသလို ဆရာ ဆိုဆုံးမခဲ့တယ်..။

စာမကြိုးစားဘဲ ဘောလုံး လှိမ့်ကန်နေတဲ့ တပည့်တွေကို “ အေး.. ဘောလုံး များများကန်တော့ ပေါင်တွေ ခြေသလုံးတွေ သန်ပြီး နောင် မင်းတို့တတွေ ဆိုက်ကားနင်းတော့ အဆင်ပြေတာပေါ့ ” လို့ ခပ်နာနာ ခပ်ရွဲ့ရွဲ့လေး ဆရာပြောတတ်ပြန်တယ်..။

တခါတလေ တပည့်တွေကို အားမလို အားမရဖြစ်တိုင်း....

“ မင်းတို့ စာသင်ရတာ စိန်ဗေဒါ ပေတော တီးရသလိုပဲ..။ အထက်ကျေးတော က ပေတောဆိုတဲ့ ရွာမှာမြေပိုင်ရှင် လူချမ်းသာတစ်ဦး အလှူလုပ်တော့ မန္တလေးတက် စိန်ဗေဒါကြီးကို ရအောင် ငှားလာတယ်..။ အဲဒီအချိန်တုံးက စိန်ဗေဒါ လျှမ်းလျှမ်းတောက် ကျော်ကြားနေတဲ့ အချိန်ဆိုတော့ အလှူ့တကာက ငါတို့နယ်ဖက်က လူတွေ ဆင်းရဲလှတယ်.. စိန်ဗေဒါကြီး လက်သံ ကြားဖူးပါစေဆိုတဲ့ စေတနာနဲ့ မရရအောင် ငှားခဲ့တာပဲ..။ ”

“ ဒါနဲ့ အလှူရက်လည်း ရောက်ရော.. ပွဲစတဲ့နေ့ ဆိုင်းဧည့်ခံရမယ့် အချိန် မရောက်ခင် ၁၂ နာရီလောက်ကတည်းက ဗေဒါကြီးက ပတ်ဝိုင်းထဲဝင်၊ သူ့ ပတ်တီးလက်ထောက်ကိုတောင် မခိုင်းတော့ဘဲ ကိုယ်တိုင် ပတ်စာကပ်..၊ မရောက်ဖူးတဲ့ နယ်မို့ လက်စွမ်းပြတီးမဟဲ့ ဆိုပြီး ခက်ပေ့ ညွှန့်ပေ့ကောင်းပေ့ ဆိုတဲ့ တီးလုံး တီးကွက်တွေနဲ့ လက်စွမ်းပြတော့ တာပေါ့..။ ”

“ စိန်ဗေဒါကြီး အဲသလို ချွေးတလုံးလုံးနဲ့ တကိုယ်တော် လက်စွမ်းပြနေတဲ့ အချိန်မှာပဲ ပုရိတ်သတ်ကလည်း တဖွဲဖွဲနဲ့ ရောက်လာကြတယ်..။ ညနေ ၄ နာရီလောက်ကျ ပုရိတ်သတ်က အတော်များနေပြီ..။ ဗေဒါကြီးလည်း မောနေပြီ..။ အဲဒီအချိန်မှာ ပုရိတ်သတ်ထဲက အော်သံ ကြားရတယ်..။ “ စိန်ဗေဒါကြီး တီးပါတော့ဗျို့ ” တဲ့..။

“ အခြေအနေကို ရိပ်စားမိတဲ့ ဗေဒါကြီးလည်း သူ့လက်ထောက်ပတ်တီးကိုခေါ်၊ “ မင်း မြည်အောင်သာတီး ” လို့ မှာပြီး သွားအိပ်နေသတဲ့..။ သူ့တပည့်ကလည်း ဆရာခိုင်းတဲ့အတိုင်း တဗျောင်းဗျောင်းနဲ့ မြည်အောင် တီးတော့တာပေါ့..။ အဲဒီတော့မှ “ ဗေဒါကြီး ကျော်မယ်ဆိုလည်း ကျော်လောက်ပါပေရဲ့၊ မြည်ပေသကိုး ” လို့ တရွာလုံးက ၀ိုင်းချီးမွမ်းကြသတဲ့..။ ”

“ငါ့မှာလည်း မင်းတို့ကို စာသင်ရတာ စိန်ဗေဒါ ပေတော တီးသလို မောတာပဲ အဖတ်တင်တယ် ”

( ဒီဥပမာလေးက ဆီမီးခုံရွှေရတု မဂ္ဂဇင်းမှာ အကိုကြီး ကိုမြင့်ကျော်ရေးတဲ့ ဆောင်းပါးထဲကပါ )

ဆရာက အဲသလိုမျိုး ဥပမာ ဥပမေယျလေးတွေနဲ့လည်း ထိအောင် ပြောတတ်တယ်..။

အခုတော့ ဆရာ မရှိရှာတော့ပါဘူး..။ သက္ကရာဇ် 2002 ခုနှစ် ဖေဖော်ဝါရီလ 21 ရက်နေ့မှာ တုတ်ကောက်တချောင်းနဲ့ သူလျှောက်လမ်းခဲ့တဲ့ ဆီမီးခုံရဲ့ လမ်းများနဲ့ သူချစ်တဲ့ တပည့်ကျော်တွေ ကို နှုတ်ဆက်ထွက်ခွါသွားခဲ့တာ အခုဆိုရင် ငါးနှစ်ကျော် ခြောက်နှစ်ထဲ ရောက်ခဲ့ပြီ..။

ဆရာ မှာခဲ့သလို ဆရာ့အလောင်းကို မြစ်ထဲ မမျောဘဲ.. ကျွန်တော်တို့ မျက်ရည်စက်လက် ၀မ်းနည်းခြင်း နှမျောတသခြင်း ကြီးစွာနဲ့ ဂူသွင်းခဲ့ကြတယ်..။ ဆရာ့ရဲ့ အုတ်ဂူလေးဟာ အခုဆိုရင် ရွာတောင်ဖက်က ဆရာတို့ရပ်ကွက် သုသာန်မှာ တိတ်ဆိတ်ငြိမ်သက်လို့..။ ဆရာ့ရဲ့ အတွေးအမြင်၊ စေတနာ၊ ကျေးဇူးတရားတွေ ကတော့ ဆီမီးခုံနယ်တကျောကနေ ကမ္ဘာအနှံ့လွှမ်းပတ်.. နီးနီးဝေးဝေး တပည့်တွေရင်ထဲမှာ ငွားငွားစွင့်စွင့် ပွင့်လန်း လျက်..။

ဘလော့ဂ်ကြွလာ ဆွေသဟာတို့အတွက်.. ဆရာ့တပည့်ရင်း ကျွန်တော်တို့ရဲ့ အကိုကြီး ကိုမြင့်ကျော် (ခေတ္တစင်ကာပူ) 2001 ပူဇော်ပွဲမှာ ရေးခဲ့တဲ့ ကဗျာတစ်ပုဒ် မျှဝေခံစားနိုင်ရန် .. တင်ပေးလိုက်ပါတယ်..။ (သူ့ကဗျာအစကိုကြိုက်တာနဲ့ ကျွန်တော့်ကဗျာမှာတောင် ယူသုံးထားတယ်.. အကိုကြီးရေ ခွင့်လွှတ်ပါဗျား )

ရွာနဲ့ ဆရာ

ဟိုး အညာ
ဧရာဝတီရဲ့ အရှေ့ဖက်ကမ်း
မြေဆီ မြေနှစ်ပို့ချတဲ့ မြစ်ဝှမ်း
တောအုပ်ယာခင်း စိမ်းလန်း
လွမ်းစရာ့ဒီမြေ
ဒီရေသောက် ဒီရေသုံး
ဒီမြေပေးတာစား
ဒီမြစ်ကို မှီပြီး ကြီးပွား
ရွာတစ်ရွာ ရှိခဲ့
နှစ်တွေ ကြာခဲ့ ပေါ့...။

ဥမ္မာဒန္တီတော့ မရှိ
ဒါပေမယ့် ပျို့ရေးတဲ့ ဦးရွှန်း
တခမ်းတနား
ဒီရွာကို စားခဲ့
နှစ်တွေကြာခဲ့ပေါ့...။

တောင်သူယာခုတ်
လက်လုပ်လက်စား
ပွဲစားဈေးသည်
ရောင်းဝယ်ဖေါက်ကား
ဆီမီးခုံလို့ ထင်ရှား
ကြီးပွားတဲ့ ဒီရွာ
နှစ်တွေကြာခဲ့ပေါ့...။

ရာစုနှစ်များစွာ
ရွာဟာ အိပ်စက်၊ အမှောင်နက်မှာ
နှစ်တွေကြာပြီး
၂၀ ရာစုရဲ့ စောစောပိုင်း ဆယ်စု
တစ်ခုသော ကာလ
အမှောင်ထုထဲက
မီးတိုင်လေးတစ်တိုင်
ထွန်းညှိခဲ့..။

ဒီမီးရောင်က ဆပွား
အလင်းရောင်တွေ ပြန့်ကား
တစ်ရွာလုံး ထိန်ငြီး
တစ်နယ်လုံး ထိန်ငြီး
တငြီးငြီး တောက်ခဲ့..။

ဒီမီးရောင်က
ရွာနဲ့ နယ်အ၀ှမ်း အလင်းရောင်ဖျန်းခဲ့..။

စခဲ့တဲ့ မီးတိုင်
ယွင်းယိုင်အိုမင်း၊ ဇရာချဉ်းလည်း
မဖျော့မမှိန်၊ အမှောင်ခွင်းဆဲ
လင်းလက်ဆဲ ပါ...။

မြန်မာပြည်ကိုပတ်
သမုဒ္ဒရာတွေဖြတ် မပြတ်မစဲ
ဟိုးအဝေးထိ လင်းလက်ဆဲ...။။

(ရွာမှ ဆရာသိုက်သို့ )
မြစ်ကျော် (၁၂.၁.၂၀၀၁)

1 comment:

Rita said...

bro, များများရေးပါ