Thursday, January 29, 2009

38.2 ခြေဗလာနဲ့ ကလေးငယ်များအတွက် စေတနာရှင်

ကျွန်တော် အလယ်တန်းကျောင်းသားဘ၀မှာ ခုံဖိနပ်စီး ကျောင်းတက်ခဲ့ရတယ်..။ ခုံဖိနပ်ဆိုတာ သစ်သားကို ခြေထောက်ပုံ ခုတ်ထစ်ပြီး အဖျားပိုင်းမှာ ကွင်းထိုး ပုံစံ လုပ်ထားတဲ့ ခပ်ကြမ်းကြမ်း ဖိနပ်တမျိုးပါပဲ..။ ကွင်းထိုး ဖိနပ်ဆိုပေမယ့် အခုခေတ် .. နိုင်ငံခြားဖြစ် ကွင်းထိုး ဖိနပ်တွေလိုမျိုးတော့ ဘယ်ဟုတ်မလဲ..။ ကားတာယာ အစကို နှစ်လက်မခွဲ သုံးလက်မ လောက် အပြားလှီးပြီး ကွင်းထိုးလုပ်ထားတာပဲ..။

ခြေချောင်းငါးချောင်းစလုံး အဲဒီကွင်းထဲ ထိုးစီးချင်ရင်စီး၊ မစီးချင်ရင်.. ခြေသန်းတစ်ချောင်းလောက် အပြင်ထုတ် စီးရတဲ့ ဖိနပ်မျိုး ပေါ့..။ စီးကျင့်မရှိရင်.. ခဏ နဲ့ ဖိနပ်ပေါက်တတ်သေးတယ်..။ ကျွန်တော်တို့ခေတ် ကျောင်းသားအများစု စီးကြတာက ရော်ဘာ(ကြက်ပေါင်) ဖိနပ်တွေ..။ ကျွဲရိုင်း တို့ ဆင်ကြယ် တို့ ဆိုတဲ့ ဖိနပ်တွေပဲ..။

တတ်နိုင်တဲ့ သူတွေကတော့ မြင်းခြံက သားရေ ဖိနပ် ၀ယ်စီးကြတယ်..။ မြင်းခြံဖိနပ် ရွှေဟင်္သာတို့ တိုက်တံဆိပ်တို့ဆိုတာ ရွာဖက်မှာတော့ နာမည်ကြီး ပဲ..။ ကျွန်တော် ကျောင်းသားဘ၀ နှစ်တော်တော်များများ အနားမကပ်နိုင်ခဲ့တဲ့ ဖိနပ်တွေပေါ့..။ ခုံဖိနပ်က တမျိုးတော့ကောင်းတယ်..။ ရွာဖက်မှာက ဖုတ်(ဖုန်) ထူတယ်..။

သားရေဖိနပ် ၀ယ်စီးနိုင်လည်း ရွာထဲ နှစ်ပတ်လောက် လျှောက်လိုက်တာနဲ့ ပေတူးညစ်ပတ်သွားတာပဲ..။ ခြေဆီ ထွက်တဲ့သူဆို ပိုဆိုးသေးတယ်..။ ဖုန်နဲ့ ခြေဆီ နဲ့ ပေါင်းပြီး ရွံ့ခဲ လိုမျိုး ဖိနပ်မှာ ကပ်နေတာ.. ရုပ်ပျက်ဆင်းပျက် သိပ်နိုင်တယ်..။ ရေဆေးရအောင်ကလည်း ရေစိုခံ ဖိနပ်မျိုးမဟုတ်တော့.. ကပ်နေတဲ့ ရွံ့လိုဟာတွေကို တုတ်ချောင်းနဲ့ ထိုးထိုးကော်ထုတ်နေရတာ အလုပ်တစ်ခု ပဲ..။

ခုံဖိနပ်ကတော့ အေးဆေးပဲ..။ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာ ရေ ဆေးလို့ရတယ်..။ သဲကြိုးကလည်း ကားတာယာဆိုတော့ ရေစိုမှာ အားနာစရာ မလိုဘူးလေ..။
ဒါပေမယ့် ခုံဖိနပ်စီးရတာ တမျိုးတော့မကောင်းဘူး..။ အထူးသဖြင့် ကျောင်းဆင်းချိန် ရွာလယ် သစ်သားတံတားကြီးပေါ်က ဖြတ်ပြန်တိုင်း ကျွန်တော့် ခုံဖိနပ်က ပတ္တလား တီးနေသလား အောက်မေ့ရတယ်..။

ရိုးရိုးမြေကြီးလမ်းမှာ မသိသာပေမယ့်.. သစ်သားတံတားပေါ် ရောက်တာနဲ့ ခုံဖိနပ်က အစွမ်းပြတော့တာပဲ..။ အသံမထွက်တဲ့ ကြက်ပေါင်ဖိနပ်၊ သားရေဖိနပ်တွေကြား ဂလောင်းဂလောင်း နဲ့ ပေါ့..။ အဲဒီတုံးက ခုံဖိနပ်စီးရတာကို ရှက်တယ်မဟုတ်ပေမယ့်.. ကိုယ့်ဘေးဘယ်ညာက ကျောင်းသားကျောင်းသူတွေ ကိုတော့ မသိစေချင်ခဲ့ဘူး..။

တံတားပေါ်မှာ ခြေကို အသာဖွ.. တစ်လှမ်းချင်း ကျွန်တော်လှမ်းလေ့ ရှိတယ်..။ ခြေကျ.. ခြေကြွ အတော့်ကို ညင်ညင်သာသာ ပေါ့..။ ခုံဖိနပ်နဲ့ အောက်ခံ တံတားပျဉ် နဲ့ ထိတဲ့အသံကို တတ်နိုင်သမျှ တိုးအောင် ကြိုးစားရတယ်..။ ဂလောင်း ဂလောင်း အစား.. ဂွက်.. ဂွက် လောက်ပဲ မြည်တာမို့ တော်တော်များများ က ကျွန်တော် ခုံဖိနပ်စီးထားမှန်း သတိမထားမိကြတော့ဘူး..။

ဒါပေမယ့် မှတ်မှတ်ရရ ကျွန်တော်အဲသလိုမျိုး ကြိုးစားလျှောက်နေတာ ဘူးပေါ်သလို ပေါ်ခဲ့ဖူးသေးတယ်..။ ကျွန်တော့်လိုမျိုး ခုံဖိနပ်စီးကျောင်းတက်နေတဲ့ ထားထားဆွေ ဆိုတဲ့ ကျောင်းသူ ရှိတယ်..။ သူတံတားပေါ်လျှောက်တာက ၀ါးတောထဲ တောဆင်ရိုင်းအုပ် ၀င်မွှေသလား အောက်မေ့ရတယ်..။ ၀ုန်းဒိုင်းကြဲ ပြီး ဗြောင်းဆန်နေတာပဲ..။

သူ့ဖာသာ ၀ုန်းဒိုင်းကြဲလျှောက်တာ ကိစ္စမရှိပေမယ့် နားမခံနိုင်တဲ့ သူ့အမက ကျွန်တော့်ကို လက်ညှိုးထိုးပြီး “ ဟဲ့ ထားထားဆွေ ဟိုမှာကြည့်စမ်း သူများတွေဆို ခုံဖိနပ်စီးထားမှန်းတောင် မသိရဘူး.. တိတ်ဆိတ်လို့.. နင့်မှာသာ အသံစုံထွက်လို့ ” နဲ့ ငေါက်တော့ အားလုံးက ကျွန်တော့်ခြေထောက်ကို ၀ိုင်းကြည့်ကြတော့တာပဲ..။

ဘယ်လိုပဲဖြစ်ဖြစ်.. ကျွန်တော်တို့ခေတ်တို့က ဆင်းရဲနွမ်းပါးအုံးတော့ ခုံဖိနပ်လောက်တော့ စီးနိုင်ခဲ့သေးတယ်..။ အခုတော့ ရွာဖက်မှာ ကလေးငယ်တော်တော်များများ “ မွဲတဲ့ခြေထောက်၊ ဆူးမကြောက် ” ဆိုသလို ခြေဗလာနဲ့ ကျောင်းလာကြရတဲ့အထိ အခြေအနေက ဖြစ်နေခဲ့ပြီ..။ အဲဒါလေးကို ဟိုရှေ့နားက တော့ပစ်မှာ.. ဓါတ်ပုံလေးတပုံနဲ့ ဘလော့ဂ်ကြွလာဆွေသဟာများကို ကျွန်တော်မျှဝေခဲ့မိတယ်..။

သူတို့လေးတွေရဲ့ ဓါတ်ပုံကို ကြည့်ပြီး အားလုံး ထိထိခိုက်ခိုက်လေး ဖြစ်ကြရပါတယ်..။ အဲဒီထဲက “ ရှင်မင်းညို ” လို့ ခေါ်တဲ့ ကျွန်တော့်ဘလော့ဂ်စာဖတ်ပုရိတ်သတ် တစ်ယောက်က ကျွန်တော့်ဆီကို လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဖုံးဆက်လာပါတယ်..။ ဖုံးထဲမှာ ဆမိတ်ခုံရွာက ဖိနပ်တောင် မစီးနိုင်ကြရှာတဲ့ ကလေးငယ်များအတွက် ငွေဆယ်သိန်း လွှဲပေးမယ့် အကြောင်း သူပြောတာပါပဲ..။

ကျွန်တော့်မှာ အံ့သြပြီးရင်း အံ့သြ၊ ၀မ်းသာပြီးရင်း ၀မ်းသာ ဖြစ်ရပါတယ်..။ ထုံးစံအတိုင်း အလှူရှင်ကို ကျွန်တော်မမြင်ဖူးပါဘူး..။ နိုင်ငံရပ်ခြားရောက် မြန်မာပြည်သား တစ်ယောက် ဆိုတာထက် ပိုမသိပါဘူး..။ ဒါပေမယ့် သူ့စေတနာ သူ့ခံစားချက်ကိုတော့ လေးလေးစားစား ကျွန်တော်ထိတွေ့ခွင့် ရပါတယ်..။ မနေ့ကပဲ သူပို့လိုက်တဲ့ ငွေလွှဲ ကျွန်တော့်ဆီ ရောက်ပါတယ်..။

ရွာဖက်ကို အမြန်ဆုံး ချိတ်ဆက်ပြီး စေတနာရှင် ဆန္ဒအတိုင်း အကောင်ထည် ဖော်ပါ့မယ်..။

တခြား ဘလော့ဂ်ကြွလာ ဆွေသဟာတို့ကိုလည်း.. ကျွန်တော်တို့နဲ့အတူ ပီတိတွေ ကူးစက်၊ အပျော်တွေ စီးမျောနိုင်စေဖို့.. ဒီစာကို ရေးလိုက်ရပါတယ်..။

3 comments:

Thiha said...

ဟား.. ကိုကြီး ဆမိတ်ခုံရေ..ကျုပ်မှာတော့ ခင်ဗျားကို အားကျပြီးရင်းအားကျ၊ စေတနာရှင်တွေကိုလဲ လေးစားပြီးရင်းလေးစားပဲ။ batch မတူပေမယ့် မေဂျာတူ ညီတစ်ယောက်အနေနဲ့ အတော်ကို ၀မ်းသားအားရဖြစ်သဗျာ။ ခင်ဗျားရိုးသားမှု၊ ပွင့်လင်းမှုနဲ့၊ ရေးသားမှုတွေခုလို fruitful ဖြစ်နေတာ မြင်တော့ တကယ်ပါ..မုဒိတာ အလွန်ပွားမိတယ်။ အလှုရှင် ရှင်မင်းညိုကိုတော့ ပြောဖွယ်ရာမရှိ...အလွန်ကိုလေးစားမိပါတယ်။ ကျွန်တော်တို့နိုင်ငံသားတွေမှာ ဒီလိုလူမှုရေးစိတ်ထက်သန်တဲ့ မှန်ကန်တဲ့ စေတနာရှင်တွေရှိနေသေးတာ မျက်ရည်ဝဲလောက်အောင် ၀မ်းသာတယ်။ နာမည်ကျော် အနုပညာရှင်တွေ ရေများရာ မိုးရွာနေတာထက် အပုံကြီးသာတဲ့ ဒီလို anonymous အလှုရှင်တွေရဲ့ စေတနာဟာ တကယ်ချီးကျူးသာဓုခေါ်ဖွယ်ရာပဲ။ ၀မ်းမြောက်ဝမ်းသာစွာ သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။ ဒီလိုတကယ့်စေတနာရှင်တွေရဲ့ စေတနာတွေကို တကယ်လိုအပ်တဲ့နေရာတွေထိ ဖြန့်ကြက်စီးဆင်းနိုင်စေဖို့၊ ဆထက်ထမ်းပိုး အကျိုးပွားစေဖို့ အကောင်အထည်ဖေါ်ဆောင်ရွက်ပေးနိုင်တဲ့ ပိုမိုကျယ်ပြန့်သော Network လေးတစ်ခုတည်ထောင်နိုင်ဖို့ မျှော်လင့်အားပေးနေပါတယ်။
Nanda

တောရိုင်းနှင်းဆီ said...

အလှူရှင်ရဲ့ စေတနာထက်သန်မှုကို ဖတ်ရလို့ ၀မ်းသာကြည်နူးလို့မဆုံးပါဘူး အခုလို လိုအပ်နေတဲ့သူတွေကို ကူညီပေးတာ တကယ်မွန်မြတ်တဲ့စေတနာဖြစ်လို့
ဖတ်ရင်းနဲ့ သာဓုခေါ်ကာ ပီတိဖြစ်မိပါတယ် .......
ကိုနဗနရေ ခင်ဗျားကတော့ တကယ့်ကုသိုလ်တွေ ဖန်တီးပေးနေတာပါဘဲ ...... လေးစားပါတယ်ဗျာ

strike said...

မြတ်စွာဘုရား.....ကိုရှင်မင်းညို ရေ...
နဲတယ့် amount မမဟုတ်တာ။
သာဓု...သာဓု...သာဓု...ပါဗျာ။