Monday, January 5, 2009

37.4 လောကဓံလှိုင်းလုံးအောက် မြဲခဲ့တဲ့ တွဲလက်များ

ကျွန်တော်တို့ မိသားစုရဲ့ သမစာအုပ်ကတော့ ကိုယ်တိုင်ထုတ်ရတယ်လို့ကို မရှိပါဘူး..။ အိမ်အခြေအနေအရ တခါတရံ နှစ်ပြတ်လောက် ပေါင်ထားရတယ်..။ ရွာမှာတော့ အဲသလိုမျိုး သမစာအုပ်ပေါင်တာဟာ culture တစ်ခုကို ဖြစ်လို့ပါပဲ..။ အပေါင်ခံတဲ့သူက သမဆိုင်က ဆန်ထုတ်ပေးတဲ့ ရက်ဆို.. အပေါင်ခံစာအုပ်အစီးလိုက် ယူသွားပြီး ဒိုင်ခံထုတ်တော့တာပဲ..။

ဆိုင်တာဝန်ခံက အိမ်ထောင်စု တစ်စုချင်းဆီအလိုက် ထပ်ထားတဲ့ စာအုပ် အလှည့်ကျ အိမ်ထောင်ဦးစီးနာမည်ကို အော်အော်ရွတ်တယ်..။ “ ဦးဘယ်သူ ရှိလား ” .. “ဒေါ်အ၀ှာ ရှိလား ” ပေါ့..။ ဆိုင်ရှေ့မှာ တန်းစီနေတဲ့ သူတွေက ဆိုင်ရာဆိုင်ရာ နာမည်ခေါ်သံကြားတာနဲ့ “ ရှိပါတယ် ” လို့ အော်ပြီး ကိုယ့်အတွက် ခွဲတမ်းဆန်ကိုကျသင့်ငွေ ပေးပြီး ထုတ်ကြရတာပဲ..။

ကျွန်တော်တို့ စာအုပ်က ပေါင်ထားတော့ အိမ်စားဖို့ ဆန်ကို တနည်းတဖုံ ရှာကြံရတယ်..။ အပြင်ပေါက်ဈေး နဲ့ ၀ယ်စားဖို့ကလည်း မတတ်နိုင်တော့ ဆိုင်ထုတ်ဈေး နဲ့ ရအောင် အဖေ့ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေဆီ အပူကပ်ရတယ်..။ ဆီမီးခုံ နဲ့ အနီးအနားက ရွာတိုင်းလိုလိုမှာ အဖေ့ မိတ်ဆွေ သမလူကြီး တွေရှိတယ်..။ သူတို့ဆီ ကို အဖေက စာရေးပေးတယ်..။ ကျွန်တော်တို့ညီအကိုက အဲဒီစာကို ကိုင်ပြီး ဂုန်နီအိတ်ကိုယ်စီ နဲ့ ချီတက်ကြရတယ်.။

စာထဲမှာတော့ “ ယခုလာသူ ကျွန်တော့်သားများကို ဆိုင်ထုတ်ဈေးဖြင့် ဆန်ရောင်းချပေးနိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါသည် ... ကျေးဇူးတင်စွာဖြင့်.. အုံးဖေ ” ပေါ့။

မှတ်မိသလောက်တော့ အဲသလိုမျိုး သွားရတိုင်း ကျွန်တော်က ဒိုင်ခံပဲ..။ အကိုနဲ့ ဖြစ်ရင်ဖြစ်.. မဟုတ်ရင် ညီတော်မောင် နဲ့ ကျွန်တော် သွားရလေ့ ရှိတယ်..။

တခါတလေ စက်ဘီးငှားလို့ အဆင်ပြေရင်တော့ ကျွန်တော်တစ်ယောက်တည်း ချီတက်ရတယ်..။ စက်ဘီးငှားမရရင်တော့ ညီအကို နှစ်ယောက် သွားပေရော့ ပဲ..။

ကတော ဆိုတဲ့ ရွာက သွားရသမျှ ရွာတွေထဲမှာ အဝေးဆုံးပဲ..။ ဆီမီးခုံကနေ ဆိုရင် သုံးမိုင်လေးမိုင်လောက် ဝေး ထင်တယ်..။

စစ်ကိုင်းတောင်မှာ နာမည်ကြီးတဲ့ ကျစွာချောင်က ဦးလက္ခဏ ဆိုတဲ့ ဘုန်းကြီးက ကတောသားပဲ..။ နောက် မန္တလေး နယူးစီဗွီလိုင်းထဲက ၀ိစိတ္တာရုံ ဆိုတဲ့ ကျောင်းထိုင်ကလည်း ကတောသားပေါ့..။ ကျွန်တော် စက်မှုတက္ကသိုလ် ပထမနှစ်တက်ဖို့ အဖေနဲ့အလာ.. ခရီးတစ်ထောက် တည်းခဲ့ရတဲ့ မန္တလေး ဂျီတီအိုင်နားက ကျောင်းထိုင်ကလည်း ကတောသားပါပဲ..။

ကတော က သာသနာ့ အာဇာနည်တွေ အတော်ထွက် တယ်..။ ရွာကလည်း ရွာကြီးပဲ..။ အိမ်ခြေ လေးငါးခြောက်ရာလောက် ရှိ ထင်တာပဲ..။ အမှုအခင်း အတိုင် အတော ဆိုတာလည်း ဘာထူသလဲ မမေးနဲ့..။ ရွာဖက်မှာ ဆိုရိုးတောင် ရှိတယ်..။ “ ကမ္ဘာမှာ လော၊ မြန်မာ မှာ ကတော ” တဲ့..။ ကျွန်တော်တို့ ငယ်ငယ်က လော နိုင်ငံမှာ မကြာခဏ အာဏာသိမ်းပွဲတွေ ဖြစ်တာနဲ့ နှိုင်းယှဉ်ပြီး ကတော ရွာကို ပုံခိုင်းတာပဲ..။

ကတော နဲ့ ကျွန်တော်တို့ ရွာကြားမှာ ကုလားရွာ ဆိုတဲ့ ရွာနဲ့ လှိုင်းတက်ဆိုတဲ့ ရွာ ရှိတယ်..။ ကုလားရွာ သမဆိုင်တာဝန်ခံက ဟိုးရှေးနားမှာ ကျွန်တော်ရေးခဲ့မျိုးမျိုး အကြောင်း နိဒါန်းထဲက အကိုကြီးပေါ့..။ ကုလားရွာဆိုလို့ ကုလားတွေ နေတဲ့ ရွာလို့တော့ မထင်နဲ့..။ တစ်ရွာလုံး ဗမာတွေချည်းပါပဲ..။ ဘယ်ကနေ ဘယ်လိုဖြစ်ပြီး ကုလားရွာ ဖြစ်သွားတာလဲတော့ ကျွန်တော်မသိဘူး..။

ကုလားရွာသူတွေက ကျွန်တော်တို့နယ်ဖက်မှာတော့ အချောအလှ ပဂေးတွေ..။ ကုလားရွာသူ မ၀တင် ဆိုတာ ဆီမီးခုံ နယ်တကျောမှာတော့ နာမည်ကြီး ပဲ..။ သူု့ကို ၀ိုင်းကြိုက်တဲ့ အကိုကာလသားတွေဆိုတာ ဘယ်နည်းမလဲ..။

ဒါပေမယ့် ရွာမှာနေတုံးက သူ့ကိုအရူးအမူး စွဲလမ်းတဲ့ အကိုကြီးတစ်ယောက် ဆယ်တန်းအောင်သွားပြီး မန္တလေးမှာ တက္ကသိုလ်တက်ပြီး ပြန်လာတော့ မ၀တင် ရဲ့ အလှကို အခုလို စာချိုး တယ်..။

“ ရွာမှာတော့ ၀တင်က အလှဘုရင်ပဲ.. ဒါပေမယ့် တက္ကသိုလ်ရောက်မှ ၀တင် ဖင်ကောက်မှန်း သိတော့တယ် ” တဲ့..။

ရွာဖက်ကလူတွေ အခုတိုင် တခုတ်တရ နဲ့ ကြုံရင်ကြုံသလို ပြောလေ့ ရှိတဲ့ စာချိုး တစ်ခုပေါ့..။

သူများရွာသွားပြီး ဆန်တိုးထုတ်ရတာတွေထဲမှာတော့ အဲဒီအလှဘုရင် မ၀တင် တို့ ကုလားရွာက အဆင်ပြေဆုံးပဲ..။ အဖေ့ရဲ့ သားလို ဖြစ်နေတဲ့ အကိုကြီးက ဆိုင်တာဝန်ခံ ဖြစ်နေတာရယ် .. ခရီးက နီးတာရယ်ကြောင့် ပဲ..။ တခြားရွာတွေဆိုရင် သေချင်စော်ကို နံလို့..။ ခရီးက ဝေးရတဲ့ ကြား.. အောက်ကျနောက်ကျလည်း အတော်ဖြစ်ရပါတယ်..။

အဖေ့မိတ်ဆွေများ ဆိုပေမယ့် သူတို့ Quota လိုထဲက ဖဲ့ရွဲ့ ပေးရတာဆိုတော့ တခါက နှစ်ခါ ညိုငြင်ကြတာပေါ့..။ မလွှဲသာလို့ ပေးရင်တောင် သိပ်တော့ ကြည်ကြည် ဖြူဖြူ မရှိလှပါဘူး..။

တန်းစီပြန်တော့လည်း သူများရွာဆိုတော့ သူစိမ်းတွေကြားမှာ မျက်နှာကို အောက်ချထားရတယ်..။ ကိုယ့်အလှည့်ရောက်ရေးကို ညီအကိုနှစ်ယောက် တစ်ယောက်လက် တစ်ယောက် တင်းတင်းဆုပ်ပြီး မျှော်ကြရတယ်..။ အားလုံးက ကွက်ကြည့်ကွက်ကြည့်လုပ်နေတာကို မသိကျိုးကျွံပြုရင်း ပေါ့..။

ရွာခံလူတွေကတော့ အလှည့်စောင်ရင်း အလ္လာပသလ္လာပ ရောက်တတ်ရာရာ ရယ်ရယ်မောမော ပြောလို့..။ ကျွန်တော်တို့ ညီအကိုကတော့ တုံဏိဘာဝေ တိတ်ဆိတ်လို့..။ သူစိမ်းတရံတွေကြားမှာ ကျွန်တော်တို့ ပြောစရာစကား ဘာများရှိမှာမို့လဲ..။

အချိန်တန်လို့ အဖေ့နာမည် အော်သံကြားတော့ ညီအကိုနှစ်ယောက် ၀မ်းသာအားရ ဂုန်နီအိတ်ကို အသင့်ပြင်ပြီး ရှေ့ကို တိုးထွက်ကြရတယ်..။ ၀ဋ်ကျွတ်ပြီ အထင်နဲ့ ပျော်လို့မှ မဆုံး ခင် နာမည်တူတာတဲ့..။ ဆိုင်တာဝန်ခံ ခေါ်တာက သူတို့ရွာက ဦးအုံးဖေ တဲ့..။ ကျွန်တော်တို့ မွေးသဖခင်ကို ခေါ်တာမဟုတ်ဘူးတဲ့..။ ဆန်ချင်တဲ့သူ အဆင်ပြေအောင် အစွမ်းကုန်ဖြဲဟ ထားတဲ့ ဂုန်နီအိတ်ကို ပြန်စုကိုင်ရင်း ညီအကိုနှစ်ယောက် နဂိုရ်နေရာ ပြန်ဝင်ကြရပြန်တယ်..။

ကျွန်တော်တို့ရဲ့ အရှက်တရားဟာ ရွာသားများအတွက်တော့ ခပ်ကြမ်းကြမ်း ဟာသ တစ်ပုဒ်ကို ဖြစ်လို့..။ လှောင်ပြောင်တဲ့သဘော မပါပေမယ့် သူတို့ရယ်သံတွေ က ကျွန်တော်တို့ညီအကိုရဲ့ နားစည်ကို ကန့်လန့်လာ ရိုက်ခတ်တယ်..။

အပြန်လမ်းမှာတော့ ညီအကိုနှစ်ယောက် ခေါင်းရွက်တလှည့် ပုခုံးတင်တလှည့် နဲ့ အိတ်ကိုယ်စီထမ်းလို့ ..။ ညနေ ထမင်းချက်အမီ ကျွန်တော်တို့ ပြန်လာခဲ့ပြီ..။

( ညီအကိုတတွေ ရုန်းကန်ကျော်ဖြတ်ခဲ့ရတဲ့ နေ့ရက်များ အမှတ်တရ )

5 comments:

M.Y. said...

ဒီလို ဘ၀ကနေ အောင်မြင်မှုတွေရလာတာလေးစားစရာပါ။
လူငယ်တွေအတုယူစရာပါပဲ။

Life is for Success said...

a ko,

u need to give message to students when u visted . after that they can do same way like as you. I think u need to explain clear to them....

Aung San said...

ကြမ်းတမ်းမှုအပြည့်နဲ့ ဖြတ်ကျော်ခဲ့ရသမျှကို ပေါ်လွင်အောင် ရေးနိုင်ပါပေတယ်။ အဲဒီ ဒါဏ်တွေက ခုလိုမာကျောရင့်ကျက်သူ နဗနဖြစ်လာစေတာပါပဲ။

တက်တူ said...

ကျွန်တော်တို့ သိတတ်တဲ့အရွယ်ရောက်တော့ သမခေတ်မဟုတ်ပေမဲ့ သိပ်မကွာဘူးထင်တယ်။ တိုးရ၊ နီးစပ်ရာ ရှာရ၊ လှူရတန်းရတယ်။ အိမ်က ၁၀ တန်းပြီးတာနဲ့ တန်းခိုင်းတာဘဲ။ ပြီးတော့ ပြောသေးတယ် မင်းကအတန်းပညာသာ ၁၀ တန်းအောင်တာ ဘ၀ ပညာမှာ မူလတန်းပဲရှိသေးတယ်။ ခုတော့ အတန်းပညာကော ဘဝပညာကော တပြိုင်ထဲရနေတယ်။

kyaw said...

ကိုနဗန အခုလို အခြေအနေထိရောက်အောင်
ရုန်းကန်လာရတဲ့ ဘ၀ကိုစာနာမိပါတယ်ဗျာ