Monday, January 5, 2009

37.6 ကျေးဇူးရှင် တကယ့်ဆရာ

ကျွန်တော်တို့ မောင်နှမ ငါးယောက်ရဲ့ တကယ့်ကျေးဇူးရှင် ဆရာက ကျုရှင်ဆရာတစ်ယောက်ပဲ..။ ကျွန်တော်တို့မှ မဟုတ်ပါဘူး.. ဆမိတ်ခုံ နယ်တကျော သူ့ရဲ့ ပညာအလင်း လွှမ်းပတ်ခြုံစေခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ပေါ့..။ အသက်အရွယ်စုံ လူတန်းစားပေါင်းစုံဟာ ရွာဖက်မှာ သူ့တပည့်တွေချည်း ဖြစ်ခဲ့ကြတယ်..။ အားလုံးက သူ့နာမည်ကြားတာနဲ့ လေးစားစွာရိုကျိုး ကျေးဇူးတရားကို အောက်မေ့.. ချွင်းချက်မရှိ ဦးညွှတ်လေ့ ရှိတယ်..။

ဆရာက အင်္ဂလိပ်စာ ကျုရှင်သင်တယ်..။ အလွတ်တန်းသင်နည်းမျိုးနဲ့ သင်တာပါပဲ..။ သူ့ကျုရှင်မှာ တန်းခွဲရယ်လို့ မရှိဘူး..။ ကိုးတန်းဆယ်တန်း ကျောင်းသားလည်း ဒါပဲ သင်တယ်..။ ငါးတန်းကလေးလည်း ဒါပဲသင်တယ်..။ အားလုံးကို တပြေးညီ သူသင်တယ်..။ ကျောင်းက သင်ရိုးညွှန်းတန်းကို သင်တာမဟုတ်ဘဲ အင်္ဂလိပ် Grammar သင်တာဆိုတော့ အားလုံးအတူတူပေါ့..။

ကျုရှင်လခ ရယ်လို့လည်း တစ်ပြားမှ သူမယူဘူး..။ စားဝတ်နေရေးလည်း မပူပင်ရတော့ တပည့်တွေ စာသင်နေရရင်ပဲ ကျေနပ်ပီတိဖြစ်နေခဲ့တဲ့ ဆရာကြီး ပေါ့..။ ရွာဖက်မှာတော့ သူ့နာမည်ရင်း ဦးဘသိုက်အစား ဆရာသိုက်လို့ပဲ အားလုံးက ခေါ်ကြတယ်..။ ဆရာက စာသင်ရုံသင်တဲ့ဆရာမဟုတ်ခဲ့ဘူး..။ သူ့ရဲ့ လောကအမြင်၊ ဘ၀အတွေးအခေါ်၊ တပည့်တွေအပေါ်ထားတဲ့ စေတနာဟာ တုနှိုင်းမမီပဲ..။

စာသင်ရင်း သူပြောလေ့ ရှိတဲ့ စကားလုံးတိုင်းဟာ.. ကျွန်တော်တို့ ငယ်ဘ၀ရဲ့ မီးရှုးတန်ဆောင်လို ဖြစ်ခဲ့ရတယ်..။ သူပေးတဲ့ ဥပမာဥပမေယျ တွေဟာ ကျွန်တော်တို့ ဘ၀တွေရဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့ရတယ်..။ ဆရာဟာ ထိထိမိမိလည်း ပြောတတ်တယ်..။ မှတ်သားလောက်အောင်လည်း ပြောနိုင်တယ်..။ တုတ်ထိုးအိုးပေါက် နာအောင်လည်း ဆုံးမလေ့ ရှိတယ်..။

ဆရာ့ရဲ့ ဆိုဆုံးမ စကားတွေထဲက ခေတ်စကားနဲ့ ပြောရရင် အရမ်းလန်းတဲ့ အတွေးအမြင်တချို့ ဘလော့ဂ်ကြွလာ ဆွေသဟာတို့ ကြိုက်သော်ယူနိုင်ရန် မျှဝေလိုက်ရ ပါကြောင်း..။

“ သူများထက် ထူးချွန်လိုလျှင်၊ သူများလို မနေနှင့် ”

“ ဆေးဆရာ ဆေးဆရာချင်း၊ သဘင်သည် သဘင်သည်ချင်း၊ ပန်းချီဆရာ ပန်းချီဆရာချင်း ချီးမွမ်းမှ အစစ်အမှန်ဖြစ်သည် ”

“ ရွာမှာနေလို့ကတော့ ကောက်ရရင်တောင် ကြေးလက်စွပ်ပဲ ကောက်ရနိုင်တယ်..၊ မြို့ကြီးပြကြီး မှာ နေနိုင်အောင် ကြိုးစားကြ ”

“ လူ့လောက ဟာ .. မြစ်လယ်မှာ မျောနေတဲ့ ပုရွက်ဆိတ်အုံပမာ၊ ဒုက္ခခံသူမရှိဘဲ သုခံစံနိုင်သူ မရှိ ”

“ သစ်တပင်ကောင်း ငှက်တသောင်း နားနိုင်သော်ငြား၊ သစ်ပင်ကြီးအောက်က သစ်ပင်လေးတွေ လောင်းရိပ်မိတတ်သည်.. ကိုယ့်ကိုယ်ကို အားကိုးနိုင်အောင် ကြိုးစားပါ ”

“ ငါဆရာဖြစ်နေတာ ငါတော်လို့မဟုတ်၊ မင်းတို့ ညံ့လို့ ”

“ လူတွေဟာ အမှန်တရားကို ကြိုက်တယ်၊ ဒါပေမယ့် ကိုယ့်ကို လာ “ မှန် ” ရင်တော့ မကြိုက်ကြဘူး ”

... ..

ဆရာက ကြုံရင်ကြုံသလို နေ့စဉ်နဲ့အမျှ နှစ်ပေါင်းများစွာ ပြောခဲ့တာဆိုတော့ ဆရာ့စကား မှတ်သားစရာ၊ ဘ၀လမ်းညွှန်အဖြစ် ခံယူစရာတွေကတော့ အများကြီးပါပဲ။
အဲဒါတွေထဲက အခုထိ ကျွန်တော့်မှတ်ဥာဏ်မှာ သံမှိုစွဲရိုက်ထားသလို ဖြစ်နေတာတွေပဲ မျှဝေလိုက်ရပါတယ်..။

ကျွန်တော် တက္ကသိုလ်ကျောင်းသားဘ၀ ကျောင်းပိတ်ရက် ရွာပြန်တိုင်း ဆရာနဲ့ တွေ့ပါတယ်..။ တခါတရံ သူ့အိမ်မှာ.. တခါတရံ လမ်းပေါ်မှာ.. တခါတရံ ဈေးထဲက လဘက်ရည်ဆိုင်မှာ .. ။ တွေ့တိုင်း မှတ်သားလောက်တဲ့ စကား .. ကျွန်တော်ကြားရလေ့ ရှိပါတယ်..။ ဆရာတပည့်နှစ်ယောက် လဘက်ရည်သောက်ပြီး လဘက်ရည် ဖိုးရှင်းတာကအစ.. ကျွန်တော်ရှင်းဖို့ ကြိုးစားတိုင်း “ မင်းက ဘာဝင်ငွေရှိလို့ ရှင်းချင်းတာလဲ ” လို့ ဆရာက ငေါက်ဆတ်ဆတ် ပြောလေ့ ရှိပါတယ်..။

စက်မှုတက္ကသိုလ်ကနေ ဘွဲ့ရပြီးရင်.. စက်ရုံအလုပ်ရုံကြီးတွေမှာ ခေါင်းဆောင်အနေနဲ့ အလုပ် လုပ်ရဖို့ ရှိတယ်..။ သူများ မသိတာသိအောင် လုပ်... သူများမတတ် တာ တတ်အောင်လုပ်.. သူများမရှိတာ ရှိအောင် ကြိုးစား .. တဲ့..။ နို့မို့ဆိုလိုကတော့ သူများလို သူလိုငါလို ဘ၀ကနေ မင်းတိုးထွက်နိုင်မှာ မဟုတ်ဘူးတဲ့..။ ဆရာ့ ပြောစကားများ အခုထိ ကြားယောင်ဆဲပါပဲ..။

“ ငွေမက်၊ အမြှောက်ကြိုက်၊ အာဏာရူး၊ တဏှာရူး ခေါင်းဆောင် အောက်က ၀န်ထမ်းတွေဟာ မျောက်မောင်းတဲ့ မော်တော်ကား စီးရသလိုပဲ ” တဲ့..။

ငါ့တပည့် ခေါင်းဆောင်ဖြစ်ခဲ့ရင် မျောက်စိတ် မမွေးပါနဲ့ တဲ့..။

7 comments:

tututha said...

ကျေးဇူးပါ ကိုနဗနရေ မျောက်မောင်းတဲ့ မော်တော်ကား မစီးဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲ သတိပေး နေမိတော့မယ်။ ကျမကိုယ်တိုင်လည်း မျောက်တကောင်မဖြစ်ဖို့ အမြဲဆုံးမနေလို့ရတာပေါ့။ ဖတ်ရတာ မဝဘူးဗျို့။ အဲဒီဆရာအကြောင်း ရှိသေးရင် ဆက်ပါဦး။

Life is for Success said...

a ko,

last monthh u went back, u met him.... now u can treat him already...

Jackel said...

လုပ်ပါအုံးဗျာ.. အဲဒီဆရာကြီးအကြောင်း..။

မေ့သမီး said...

အောက်ဆုံးစာကြောင်းကမှန်လိုက်တာ။ ကိုယ်ကိုယ်တိုင်လည်းမျောက်မဖြစ်ချင်ဘူး။ မျောက်မောင်းတဲ့မော်တော်ကားလည်းမစီးချင်ဘူး။

Anonymous said...

ကျုပ်တို့တိုင်းပြည်ကြီးကတော့မျောက်မောင်းနေတာဗျ

တက်တူ said...

ရှားပါးတဲ့ လေးစားလောက်တဲ့ ဆရာပဲ။

ဒီလိုဆရာမျိုးနဲ့ ဆုံရတာ လောကကို ရှုထောင့်မျိုးစုံကနေ ကြည့်တတ်လာတယ်။ အလွန်ကောင်းတဲ့ စားသားတွေ၊ လိုတိုရှင်း ထိထိမိမိ ရှိတယ်။ မှတ်မိတာလေး ရှိသေးရင် ပြန်ရှယ်ပါအုန်း။ ...

Unknown said...

လေးစားလိုက်တာဗျာ..အဲဒီဆရာသိုက်ကို
သူ့ အကြောင်းလေးတွေထပ်ဖတ်ချင်သေးပါတယ်