Saturday, August 2, 2008

17.8 အခုတော့လည်း ဆိုင်သူကိုယ်စီ

ရာဇ၀တ်ဘေးပြေးမလွှတ် လို့တော့.. ပြောနေကြတာပါပဲ။ ပြေးလွှတ်ရင် ရာဇ၀တ်ဘေးလို့ ခေါ်လို့မှ မဖြစ်တာဆိုတော့ ဟုတ်မှာပါပဲ..။ အချစ်ဟာ ရာဇ၀တ်မှုမဟုတ်ပေမယ့် သူလဲ ပြေးမလွှတ်ဘူး..။

သို့ပေမယ့်.. လူမသိသူမသိ ချစ်ဖို့ ဆိုတာကလဲ.. ရာဇ၀တ်မှုထက်တောင် ခက်လိမ့်ဦးမယ်..။ နောက်ဆုံးတော့ ညည လျောက်ပြန်သံပေး ခြေအေးဝမ်းယောင် ၀င်းထရံတုတ်နဲ့ခြစ်တဲ့ ဇာတ်လမ်းကို မောင်စန်း သိသွားတယ်..။

မောင်စန်းဆိုတာ မြမြ၀င်းအကိုပေါ့..။

မှတ်မှတ်ရရ အဲဒီနေ့က ကြားလူတစ်ယောက်ကတဆင့် ကျွန်တော့်ဆီ စာတစ်စောင် ရောက်လာတယ်..။ မြမြ၀င်းဆီက လို့ ပြောတာနဲ့ စိတ်ထဲမှာ စနှောင့်စနင်းဖြစ်သွားခဲ့ရတယ်..။ တစ်ခါမှ စာမရေးဖူးတာမို့ နည်းနည်းလဲ ထူးဆန်းသလို ခံစားမိတယ်..။

ဘာတွေများ ပြဿနာတက်နေပြီလဲ ဆိုတဲ့ စိတ်နဲ့ စာကို ဖွင့်ဖတ်မိတယ်..။

ဒီနေ့ည အိမ်ကို မလာခဲ့နဲ့ .. ဆိုတဲ့ မှာတမ်းနဲ့ စာ စ တယ်..။ နောက်မှ ကျွန်တော်တို့ရဲ့ နှလုံးသားဇာတ်ညွှန်းကို သူ့အကို သိသွားပြီ ဆိုတဲ့ အကြောင်း ဖတ်ရတယ်..။ အားလုံးက ၀ိုင်းပြီး ကြိမ်းမောင်းမေးတာနဲ့ သူလဲ ဟုတ်တယ်လို့ ဖြေလိုက်ရကြောင်း နဲ့ အဆုံးသတ်ထားတယ်..။

စာဖတ်ပြီးတော့ အတော့်ကို စိတ်မကောင်းဖြစ်မိတယ်..။ မိဘညီအကိုမောင်နှမတွေကြားမှာ.. ရေပက်မ၀င်တဲ့ မေးခွန်းတွေကြား ဗျာများနေမယ့် သူမကို လဲ တွေးဆ မြင်ယောင်နေမိတယ်..။

ညည်း ဒီကောင့်ကြိုက်လို့ကတော့ ကွမ်းယာရောင်းစားရမယ် လို့ သူ့အကိုက ငေါ့ပြောပြောတဲ့ အကြောင်းလဲ ပါသေးတယ်..။ အဲဒါဖတ်ပြီး ကျွန်တော် အတော့်ကို ကသိကအောက် ဖြစ်မိတယ်..။

အဲဒီတုံးက ရွာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတဲ့ လင်မယားအတွဲတော်တော်များများ ကွမ်းယာရောင်းလေ့ ရှိတာကို ရည်စူးပြီး ငစန်းက ပြောတာပဲ..။

အရင်းအနှီးကလဲ မရှိ..။ အိမ်ထောင်တစ်ခုရယ်လို့ သတ်သတ်မှတ်မှတ်ဖြစ်လာတော့ မိဘအိမ်ကပ်စားဖို့ကလဲ မလွယ်..။ မိဘများမှာကလဲ.. ဖွတ်ကျောကုန်းနဲ့ နင်လားငါလား ဆိုတာမျိုးဆိုတော့ ငယ်ရွယ်သူ စုံတွဲတွေ ကွမ်းယာသည်တွေ ဖြစ်ကုန်တာပေါ့..။

ရွာမှာ ကွမ်းစားတဲ့ အရည်အတွက် မနည်းတော့ မားကတ်ရှိတယ်လို့ ပြောရမှာပဲ..။ တချို့ဆို ကွမ်းယာရောင်းတာနဲ့ အတော်လေး ပြည့်ပြည့်စုံစုံနေနိုင်ကြတယ်..။ ဒေါ်ပဲလှော် ကွမ်းယာ ဆိုရင် ကျွန်တော်တို့ တစ်ရွာလုံး မသိသူမရှိဘူး..။

ကြုံလို့ ဒေါ်ပဲလှော်တို့ အကြောင်းပြောရဦးမယ်..။ သူ့ယောက်ျားက ဦးညီမောင်လို့ ခေါ်တယ်..။ ဒေါ်ပဲလှော်ညီမဖြစ်တဲ့ မမြသန်းကိုပါ ဦးညီမောင်က ယူထားတယ်..။ သရီးဆမ်းပေါ့ ဟဲဟဲ..။ ဒေါ်ပဲလှော်နဲ့က ကလေးမထွန်းကားတော့ ညီမနဲ့ ရတဲ့ ကလေးတွေကို ဒေါ်ပဲလှော်က အရင်းတွေလို ချစ်တယ်..။

သူတို့ကွမ်းယာဆိုင်လေးကလဲ အောင်မြင်တော့ စားဝတ်နေရေး မပူမပင်နေနိုင်ကြတယ်..။ တအိမ်တည်း အတူနေကြတာပဲ..။ ပြဿနာတက်တယ်လို့လဲ တစ်ခါမှ မကြားဖူးဘူး..။ သူတို့နဲ့ပတ်သက်ပြီး ရွာမှာ အပြောင်အပျက်လိုလို ပြောတာတောင် ရှိတယ်..။

တစ်ရက် သူတို့လင်မယားတစ်သိုက် ထမင်းစားနေကြတယ်..။ ထမင်းစားရင်း ဒေါ်ပဲလှော်က အီးနံ့ရတယ်..။ သူ့ယောက်ျား ဦးညီမောင် လေလည်လိုက်တာပဲလို့ ဒေါ်ပဲလှော်က ထင်တယ်..။ ယောက်ျားကို ချစ်တဲ့စိတ်နဲ့ '' ကိုညီမောင့် အီးနံ့လေးက မွှေးလိုက်တာ '' လို့ ဒေါ်ပဲလှော်က ထမင်းစားရင်း ပြောတယ်..။

သူ့ညီမ မမြသန်းက '' မမ.. အဲဒါ ကျွန်မ ပေါက်လိုက်တာ '' လို့ ၀င်ပြောတယ်..။

အဲဒီမှာ ဒေါ်ပဲလှော်က ဒေါသတကြီးနဲ့ '' မသာမ.. မသေခင်က ပုပ်နေတယ် '' လို့ ကောင်းချီးပေးတယ်..။

အဲဒီအဖြစ်အပျက်ကို ရွာကလူတွေ အကြောင်းတိုက်ဆိုင်တိုင်း ကိုးကားပြောကြတယ်..။

.... ......
ကဲ.. ဒေါ်ပဲလှော်တို့ ထမင်းဝိုင်းအကြောင်း ရပ်ပြီး မြမြ၀င်းနဲ့ ကျွန်တော့်အကြောင်းဆက်ဦးမှ..။ သူ့အိမ်က သိသွားပြီးနောက်ပိုင်း ကျွန်တော်တို့နှစ်ယောက် တွေ့ဖို့ အတော့်ကို ခက်ခဲသွားခဲ့တယ်..။ သူ့ခမျာလဲ ဘယ်သွားသွား ဘယ်လာလာ သူ့အမေကြီး တန်းလန်းတန်းလန်းနဲ့ပဲ..။

တခါတရံ သူ့မျက်နှာလေး မြင်ရဖို့တောင် အနိုင်နိုင်ရယ်..။ ခရီးသွားဟန်လွဲ ( ဥပမာ ဈေးသွားဈေးပြန် ) တွေ့ရင်လဲ.. မျက်လုံးချင်း စကားပြောတာလောက်ပဲ လုပ်ကြရတယ်..။ ဒါတောင်မှ သူ့အမေက မျက်စိတွေ လိုက်ပိတ်မရလို့..။ အဖြစ်ကတော့ သည်းတယ်..။ သိပ်ကို သည်းလွန်းတယ် လို့ ဆိုရမှာပဲ..။

အဲဒီလောက် တင်းကျပ်နေတဲ့ကြားက ကျွန်တော်တို့နှစ်ယောက် တစ်လတစ်ကြိမ် လောက်တော့ တွေ့ဖြစ်ကြတယ်..။ ဒါပေမယ့် ရွာဆိုတော့ သတင်းက ဖုံးထားလို့ မရဘူး..။ သူ့အိမ်က နောက်ဆုံးတော့ သိသွားတာချည်းပဲ..။

အကျိုးဆက်အနေနဲ့ ရှစ်ဆယ့်ရှစ်အရေးအခင်းမတိုင်မီ လေးမှာ သူမကို ကျွန်တော်နဲ့ ဝေးရာ ရန်ကုန်ပို့လိုက်ပါရော..။ တာမွေဖက်မှာ သူမရဲ့ ဘကြီးရှိတယ်..။

ရန်ကုန် မန္တလေး သွားချင်တဲ့ ရွာကမိန်းကလေးတွေ ကျွန်တော့်ကို ကြိုက်ပါ လို့တောင် ကြေငြာရမလိုပါပဲ..။ ချစ်သည်းဦး ခင်ထွေးရီတုံးကလဲ မန္တလေးပို့လိုက်တယ်..။ အခု ချစ်သည်းညှာ မြမြ၀င်းခမျာလဲ ရန်ကုန် ဒိုးရရှာတယ်..။

နောက်ဆယ်တန်းအောင်စာရင်းတွေ ထွက်တယ်..။ ကျွန်တော်ရော သူမရောအောင်တယ်..။ ကျွန်တော်ကတော့ စက်မှုတက္ကသိုလ် တက်ဖို့ အမှတ်မီတယ်..။ သူမကတော့ ရိုးရိုးမေဂျာ(သမိုင်း) ရတယ်..။

ဒါပေမယ့် အောင်စာရင်းထွက်ပြီး မကြာမီ ရှစ်လေးလုံးအရေးအခင်းကြီး ဖြစ်တယ်..။ တနိုင်ငံလုံး အုတ်အော်သောင်းနင်းပေါ့..။ ရွာ.. ရွာအလျောက် ဒဏ်ခံကြရတယ်..။ အခြေအနေတွေ အားလုံး တည်ငြိမ်သွားတော့ ရန်ကုန်စက်မှုတက္ကသိုလ်မှာ တက်မယ်လို့ အားခဲထားတဲ့ကျွန်တော် မန္တလေးမှာပဲ တက်ရဖို့ ဖြစ်လာခဲ့တယ်..။

သူမကတော့ ရန်ကုန်မှာပဲ ကျောင်းဆက်တက်တယ်..။ စာအဆက်အသွယ် မပြတ်ပေမယ့် တဖြေးဖြေးနဲ့ ကျွန်တော်တို့နှစ်ယောက် အနေဝေးလာခဲ့တယ်..။ ကျွန်တော် ဒုတိယနှစ်အရောက်မှာ နိုင်ငံခြား သင်္ဘော လိုက်တဲ့ ဆွေမကင်းမျိုးမကင်း ရွာသားတစ်ယောက်နဲ့ သူမ လက်ထပ်သွားတယ်..။

လွန်ခဲ့တဲ့ ခြောက်လလောက်က ရန်ကုန်မှာနေတဲ့ ရွာဆက် သူငယ်ချင်း တစ်ယောက် အိမ်သစ်တက်အလှူမှာ သူမနဲ့ အမှတ်မထင် ပြန်ဆုံကြသေးတယ်..။ ပြုံးပြ နှုတ်ဆက် မေးကြမြန်းကြ ဆိုင်သူကိုယ်စီနဲ့ပေါ့.. ။

မဒမ်မိုင်ဆက်ဖ်နဲ့ သူမကို မိတ်ဆက်ပေးတော့ နင်အများကြီး ကံကောင်းပါတယ်လို့ သူမက အသောဖောက်သေးတယ်..။

နင်လဲ အများကြီး ကံကောင်းတာပဲ လို့ ကျွန်တော်ပြန်ပြောရင်း ရယ်နေခဲ့တယ်..။

ကျွန်တော်တို့နှစ်ယောက် ရဲ့ ဇာတ်လမ်းကို သိတဲ့ အိမ်ရှင် ( သူလဲ သင်္ဘောသားပဲ ) ကတောင် ပြုံးစိစိ စပ်ဖြဲဖြဲနဲ့ '' ငါ့ အိမ်တက်အလှူက တရုတ်ပြေးမင်းလိုတော့ ဟင်းခွက်သုံးရာ မပြည့်ဘူးနော် '' လို့ ၀င်နောက်သေးတယ်..။ ကျွန်တော်တို့အားလုံး သူ့စကားအဆုံးမှာ ပေါ့ပေါ့ပါးပါး ရယ်မိကြတယ်..။

No comments: