Tuesday, August 5, 2008

17.6 ချစ်သောမြန်မာသဒ္ဒါ

နောက်တစ်နေ့ မနက် ကျွန်တော်ကျောင်းအလာ လမ်းမှာ မြမြ၀င်းနဲ့ တွေ့တယ်..။ မနေ့က ငါကျောင်းမတက်တော့ နင်မျော်နေသေးလားလို့ ကျွန်တော်မေးတော့ '' ဟင် ငါလဲ ကျောင်းမတက်ဘူး နေသိပ်မကောင်း တာနဲ့ '' လို့ သူမပြန်ဖြေတယ်..။

ဒါနဲ့ နေ့ပါဦး နင်က ဘယ်သဝေထိုးနေလို့ ကျောင်းပျက်တာလဲ လို့ သူမက မေးတယ်..။ ဒီလိုပါပဲဟာ လို့ ခပ်နွမ်းနွမ်း ကျွန်တော်ပြန်ပြောမိတယ်..။ နင့်ကို ချက်ခြင်းကြီး အဖြေမပေးနိုင်တာ နားလည်ပေးပါဟာ.. ငါ သေချာစဉ်းစားနေရလို့ပါ လို့ သူမက ဆက်ပြောလာတယ်..။

ကျွန်တော်ကတော့ အင်းမလုပ်အဲမလုပ် လုပ်နေမိတယ်..။ တဖြည်းဖြည်းနဲ့ ကျောင်းနား ရောက်လာတယ်.။

စာမေးပွဲကလဲ အရမ်းနီးနေပြီ.. နင်စာရော ကျက်ဖြစ်ရဲ့လား လို့ သူမက ထပ်မေးပြန်တယ်..။ မထုံတက်တေး အမူအရာနဲ့ ဘာမှ ကျွန်တော်ပြန်မပြောတော့ ငါသေချင်တယ်လို့ သူမ မပွင့်တပွင့်ငြီးတယ်..။

အဲဒီနေ့က အခန်းထဲကို မျက်စိမျက်နှာပျက်ပြီး ပြိုင်တူဝင်လာတဲ့ ကျွန်တော်တို့နှစ်ယောက်ကို သူငယ်ချင်းတွေက ၀ိုင်းကြည့်နေကြတယ်..။ စာသင်ချိန်တွေ တချိန်ပြီးတချိန် ကုန်ဆုံးသွားခဲ့တယ်..။ ကျွန်တော့် အမြင်အာရုံထဲမှာ ဘယ်အရာမှ ရှင်းရှင်းလင်းလင်း မရှိတဲ့အထိ ကျွန်တော် တွေဝေနေခဲ့တယ်..။

ညနေကျောင်းဆင်းတော့.. သူမက ကျွန်တော့်ကို မြန်မာ သဒ္ဒါစာအုပ် ထိုးပေးတယ်..။

ဒါက ဘာလဲလို့ ကျွန်တော် အူကြောင်ကြောင်နဲ့ ပြန်မေးတော့ အဲဒီစာအုပ်ထဲမှာ အဖြေပါတယ် လို့ ပြောပြီး ကျွန်တော့်ရှေ့က အပြေးတပိုင်းနဲ့ သူမထွက်သွားတယ်..။ ပြေးထွက်သွားတဲ့ သူမကို ကြည့်ရင်း ကျွန်တော် ခြေမကိုင်မိ လက်မကိုင်မိ ကတုန်ကယင် ဖြစ်နေခဲ့တယ်..။ ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားနေရတယ်..။

အသက်ပြင်းပြင်း တချက်ရှုရှိုက်ပြီး လက်ထဲက စာအုပ်ကို တစ်ရွက်ခြင်း လှန်ကြည့်မိတယ်..။ တစ်ရွက်.. နှစ်ရွက်.. သုံးရွက်.. ... .... .... ...... ..... စာအုပ်သာ ဆုံးသွားတယ် ဘာစာမှမတွေ့ဘူး..။

နောက်တစ်ကြိမ် ကျွန်တော် အစအဆုံး ပြန်ရှာကြည့်တယ်..။ အဖြေက မပြောင်းလဲ.။

စာအုပ်ကို ကျွန်တော့်ဆီ ကမ်းပေးချိန်မှာ သူမရဲ့ ပါးနှစ်ဖက်ဟာ.. ပန်းနုရောင် သန်းနေခဲ့တာမို့ .. နောက်ပြောင်ကျီစယ်လိုတဲ့ သဘောတော့ မရှိတန်ဘူးလို့ ကျွန်တော့်စိတ်က အလိုလို သိနေမိတယ်..။

သို့သော်.. လက်တွေ့မှာ.. သူမပြောခဲ့တဲ့ အဖြေဆိုတာကိုလဲ ကျွန်တော် ရှာမတွေ့လေတော့.. ရင်မောနေမိတယ်..။

ရေနစ်နေတဲ့သူ ကောက်ရိုးတမျင် မျော်လင့်သလိုမျိုး ကျွန်တော် နောက်ထပ်တစ်ကြိမ် စာအုပ်လှန်မိပြန်တယ်..။ ဘာစာရွက်မှ ညှပ်မထားတာတော့ သိပ်သေချာသွားတယ်..။

စိတ်ထဲမှာလဲ နည်းနည်း ကျွဲမြီးတိုသလို ဖြစ်လာတယ်..။ ချစ်ခွင့်ပန်သူကို အဖြေပေးတာ သိုက်စာဖော်ခိုင်းတာလိုလို သိပ်အစွမ်းထက်တဲ့ ရှေးဟောင်း တရုတ်သိုင်းကျမ်း ပဟေဠိဝှက်တာလိုလို လုပ်ခဲ့တဲ့သူမကို မချင့်မရဲလဲ ဖြစ်နေမိတယ်..။

နောက်တစ်နေ့မနက် ကျောင်းလာတော့ ထုံးစံအတိုင်း ကျွန်တော့်ကို သူမရပ်စောင့်နေတယ်..။ သူပေးခဲ့တဲ့ မြန်မာသဒ္ဒါစာအုပ်ကို လက်ထဲမှာ တင်းတင်းဆုပ်ထားရင်း လာနေတဲ့ ကျွန်တော့်ကို မြင်တော့ သူမ ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းငုံ့သွားတယ်..။

အနားရောက်တော့ သူမကို ရော့ဆိုပြီး စာအုပ်ပြန်ပေးလိုက်တယ်..။ ကျွန်တော့်မျက်နှာကို မ၀င့်တ၀င့်ကြည့်ရင်း စာအုပ်ကို သူမလှမ်းယူတယ်..။ ခြေမကိုင်မိလက်မကိုင်မိနဲ့ ရှက်ပြီးရင်း ရှက်နေတဲ့ သူမကို ကြည့်ပြီး ကျွန်တော်လဲ တော်တော်လေး ဦးနှောက်စားနေမိတယ်..။

သူမဖြစ်ပျက်နေပုံက ချစ်တယ်လို့အဖြေပေးပြီးစ ကောင်မလေးတစ်ယောက် ဖြစ်နေပုံမျိုး..။ ဒါပေမယ့် အဲဒီလိုမျိုး ယူဆလောက်အောင်ကလဲ ကျွန်တော့်မှာ ဘာအထောက်အထားမှ မရှိလေတော့ ဒုက်ခရောက် နေရတယ်..။

သောင်မတင်ရေမကျ အခြေအနေကို တနည်းနည်းနဲ့ တော့ ရှင်းမှဖြစ်မယ်လို့ ကျွန်တော်တွေးမိတာနဲ့ '' အဖြေပါတယ်သာပြောတာ.. စာအုပ်ထဲမှာ ဘာမှလဲ မပါဘူး.. '' လို့ ကျွန်တော် ပြောချလိုက်တယ်..။ ရှက်ရွံ့နေတဲ့ အမူအရာကနေ သူမ အံ့သြတဲ့ အမူအရာ ပြောင်းသွားတယ်..။

တဆက်တည်း .. တကယ်မတွေ့တာလား.. ကွက်လပ်ဖြည့်ပါ ဆိုတဲ့ နမူနာလေ့ကျင့်ခန်း ၀ါကျမှာ အဖြေရေးလိုက်တယ် လေ လို့ သူမက ဆက်ပြောတယ်..။ ဟာ.. ဆိုပြီး သူမလက်ထဲက စာအုပ်ကို ကျွန်တော် အတင်းပြန်လုမိတယ်..။

နှုတ်ခမ်းလေးစူ ခြေလေးစောင့်ပြီး စာအုပ်ကို အတင်းပြန်ဆွဲထားတာမို့ အတော်လေး အားထည့်မှ.. စာအုပ်က ကျွန်တော့်လက်ထဲ ပါလာတယ်..။ ပြီး.. အငမ်းမရ သူမပြောတဲ့ နမူနာ လေ့ကျင့်ခန်းဆိုတာကို ရှာမိတယ်..။

အရေးထဲ လက်ကချွေးနဲ့ စာရွက်လှန်ရတာ သိပ်အဆင်မချောချင်ဘူး..။ သူမကတော့ ခေါင်းကို ငိုက်စိုက်ချပြီး အလကားနေရင်း လက်ချောင်းလေးတွေကို ပွတ်လိုက် ညှစ်လိုက်လုပ်နေတယ်..။

ရုတ်တရက် တစ်စက်ကန့် မိုင်သုံးဆယ် အလျင်နဲ့ ရွေ့နေတဲ့ ကမ်ဘာကြီး ရပ်သွားသလို မျိုးဖြစ်သွားတယ်..။ ဖော်ပြဖို့ ခက်တဲ့ ခံစားချက်တစ်ခု ကျွန်တော့်နှလုံးသားကို ဗဟိုပြုပြီး တကိုယ်လုံး ပျံ့နှံ့စီးဆင်းသွားတယ်..။ လူတစ်ယောက်ရဲ့ သက်တမ်းအတွင်းမှာ များများစားစား ခံစားရလေ့မရှိတဲ့ ခံစားချက် တစ်ခု လျပ်တပျက် ပေါက်ကွဲလွင့်စင် ထွက်လာသလိုပါပဲ..။

အပျော်တွေက လှုပ်ရှားမှုတွေအဖြစ် ပုံစံပြောင်းသွားတယ်..။ '' လွမ်းနေမယ် မမ '' ဇာတ်ကားထဲက ကျော်ဟိန်းလို အသံပြဲကြီးနဲ့ မအော်မိပေမယ့် ဘယ်ပြီးညာလှမ်းရမယ်ဆိုတဲ့ လမ်းလျောက်နည်း ဆိုင်ရာ စည်းတွေတော့ ကမောက်ကမဖြစ်ကုန်တယ်..။

သတိလက်လွတ် သူမရဲ့ လက်ကလေးကို ၀မ်းသာအားရ လမ်းကိုင်လိုက်မိတယ်..။ အို.. လို့တီးတိုး ရေရွတ်ရင်း သူမရုန်းတယ်..။ လမ်းလယ်ခေါင်ကြီးမှာ ဘယ်လိုဖြစ်နေတာလဲ .. လို့ ပြောရင်း ကျွန်တော့်ကို သူမရှက်ကိုးရှက်ကန်းကြည့်တယ်..။
အဲဒီတော့မှ ကျွန်တော်လဲ သတိဝင်လာပြီး ကိုယ်ရှိန်ပြန်သတ်ရတယ်..။ အဲဒီနေ့က ကျောင်းကို ကျွန်တော် မြေကြီးနဲ့ ခြေထောက်မထိဘဲ ရောက်သွားခဲ့တယ်..။ လက်ထဲမှာတော့ '' သူ့ကို (ချစ်) တာပေါ့ '' လို့ ရေးထားတဲ့ မြန်မာသဒ္ဒါစာအုပ်လေးကို တမြတ်တနိုး ကိုင်ရင်းပေါ့..။

No comments: