Thursday, August 14, 2008

18.2 ဘတ်စ်ကားနဲ့ ကျွန်တော်

တစ်ပတ်နှစ်ပတ် ကြာလာတော့.. ဘုန်းကြီးကလဲ ကျွန်တော့်ကို နည်းနည်း ငြိုငြင်သလို ဖြစ်လာတယ်..။ နဂိုရ်ကလဲ သိပ်မှ မရင်းနှီးမပတ်သက်တာဆိုတော့ သူလဲ ငြိုငြင်မှာပေါ့..။ ဆွမ်းဟင်းကလဲ သိပ်ကြီး ပိုလျံတာမဟုတ်တော့ တခါတရံ ညစာကို ချက်စားကြရတယ်..။

ကျွန်တော်လဲ နောက်ဆုံး ရွာပဲ ပြန်တော့မယ်ကွာလို့ သူငယ်ချင်းကို ပြောရတော့တယ်..။ ဘုန်းကြီးကိုလဲ အားနာနေရပြီဆိုတာ သူလည်း ရိပ်မိတယ်..။ ဒါပေမယ့် သူကလည်း ကျွန်တော့်ကို သိပ်ခင်နေတော့ နောက်ဆုံး ဗိုလ်တထောင်သစ်စက်ရှေ့နားက အပြင်ဆောင် ပြောင်းနေမယ်..။ ရွာကို မပြန်နဲ့..။ ကျောင်းဖွင့်မှ.. ပြန်တော့ လို့ နှစ်ယောက်သား ဆုံးဖြတ်ပြီး ဘဂ၀ါ ဟော်စတယ် ကနေ အပြင်ဘော်ဒါဆောင်ကို ယွန်းခဲ့ကြတော့တယ်..။

အဆောင်ကြေးက တစ်ယောက်ငါးရာ ပေးရတယ်..။ နှစ်ယောက်တစ်ခန်း နေတယ်..။ အဆောင်သိပ်တော့ မကပ်ဖြစ်ကြပါဘူး..။ မနက်လင်း ထွက်.. ညလောက်မှ ပြန်လာ ပေါ့..။ သင်္ဘောသားရုံးတွေ ကလဲ မြို့ထဲမှာ ရှိတာဆိုတော့ မနက်ဆို နှစ်ယောက်သား ရေမိုးချိုးပြီး အဆောင်ရှေ့က မှတ်တိုင်မှာ လိုင်းကားစောင့်စီးပြီး လစ်ကြတာပဲ..။

လိုင်းကား ဆိုလို့ လိုင်းကားစီးတဲ့ အကြောင်း အမှတ်တရ ပြောရဦးမယ်..။ အောင်ဆန်းကွင်းမှာ သူငယ်ချင်းနဲ့ နေတုံးကလဲ.. ဟိုဟိုဒီဒီ သွားလေ့သွားထ မရှိတော့ လိုင်းကားနဲ့ ကျွန်တော် သိပ်အထာမကျဘူး..။ အထူးသဖြင့် ဟိုင်းလတ်ကားလေးတွေနဲ့ သိပ်အဆင်မပြေချင်ဘူး..။

ကားကြီးတွေ ဆိုရင်တော့ ဘာမှ ထွေထွေထူးထူး မဖြစ်ပါဘူး..။ လာတာနဲ့ တက်စီးလိုက်တာပါပဲ..။ ဒါပေမယ့် မှတ်မှတ်ရရ ဟိုင်းလတ်လိုင်းကား ကျွန်တော်စစီးတော့.. ပြဿနာတက်တော့တာပဲ..။

ဒရိုင်ဘာဖယ်ပေးတဲ့ နောက်ပေါက်ကနေ ကားထဲ ခါးကုန်း ၀င်ရတယ်..။ အလယ်ခုံပဲ လွတ်တာမို့ အလယ်ခုံမှာ ကျွန်တော်ထိုင်တယ်..။ ဒါပေမယ့် အလယ်ခုံမှာ ထိုင်တဲ့သူ နောက်လှည့်ထိုင်ရတာကို ကျွန်တော်က မသိတော့ တက်လာတဲ့အတိုင်းပဲ ကားရှေ့ခန်းကို မျက်နှာမူပြီး ထိုင်ချလိုက်မိတယ်..။

ဒရိုင်ဘာက လှမ်းအော်ပေမယ့် ကိုယ့်နောက်ကလူတွေကလဲ ထပ်ကြပ်မကွာ တက်လာတော့ ပြင်ချိန်မရတော့ဘူး..။ ကျွန်တော်တစ်ယောက်ထဲ ကျန်တဲ့ခရီးသည်တွေနဲ့ ပြောင်းပြန် ထိုင်နေမိတာပေါ့..။ သူငယ်ချင်းကတော့ နောက်ကတွယ်စီးရင်း ရယ်နေတယ်..။

ဒါပေမယ့် ဖြစ်ချင်တော့ ဒရိုင်ဘာက ရုတ်တရက်ဘရိတ်အုပ်လိုက်တယ်..။ နဂိုရ်ကတည်းက အမြီးအမောက် မတည့် ထိုင်နေတာဆိုတော့ ဒရိုင်ဘာဘရိတ်လဲ အုပ်လိုက်ရော ကျွန်တော့်ခေါင်းက ကျွန်တော့်ရှေ့တည့်တည့်မှာ နောက်ပြန်ထိုင်နေတဲ့ မိန်းမကြီး ပေါင်ကြားရောက်သွားပါလေရော..။

'' ဟဲ့ သောက်ပလုတ်တုတ်.. မြတ်စွာဘုရား '' ဆိုပြီး အဲဒီမိန်းမကြီးက သူ့ပေါင်တွေကို ကြောက်အားလန့်အားနဲ့ စု လိုက်တော့ ကျွန်တော့်မှာ ကွမ်းညှပ်နဲ့ အညှပ်ခံရတဲ့ကွမ်းသီးလုံး လို့ အူးအူးအဲအဲ နဲ့ ပေါ့..။

တကားလုံး ၀ိုင်းရယ်ကြတာ သောသောကို ညံလို့..။

ရန်ကုန်ရောက် တောသားကျွန်တော်ရဲ့ ခွကျကျဟာသ တစ်ပုဒ်ပေါ့ဗျာ..။ နောက်တော့လည်း.. တောသားလူလည်ကြီးကို ဖြစ်လို့..။ တခါတရံ ဘတ်စ်ကားခတောင် မပေးတော့ဘူး..။

အထူးသဖြင့် ဘတ်စ်ကား အကြီးကြီး တွေ စီးရင် အပေါက်နားတွယ်မစီးဘဲ ကားအတွင်းကို အတင်းတိုးဝင်သွားပြီး စပယ်ယာ ကားခလာတောင်းတိုင်း မျက်နှာထိမျက်နှာထားနဲ့ '' ဘယ်နှစ်ခါ ပေးရမှာလဲ '' လို့ ဟောက်စား လုပ်တဲ့ အထိ အတတ်ကောင်းတွေ တတ်လာတယ်..။

အဲဒီလိုမျိုး ပြောပြီးတိုင်း စိတ်ထဲမှာ ကျလိကျလိနဲ့ အတော်ရယ်ချင်တယ်..။ မျက်နှာပိုးမနည်းသတ်ထားရတယ်..။ '' ဒီတစ်ခါပဲ ပေးရမှာပါ '' လို့ ပြန်ပြောတဲ့ စပယ်ယာနဲ့ မဆုံတာ ကံကောင်းတယ်..။ စပယ်ယာတော်တော်များများကတော့ အတည်ပေါက်နဲ့ ဘယ်နှစ်ခါပေးရမှာလဲ လို့ အပြောခံရတော့ သူတို့ မှားတောင်းမိတယ်လို့ ပဲ ထင်သွားလေ့ရှိကြတယ်..။

ခင်ဗျားတို့လဲ ဘတ်စ်ကားစီးဖို့ကြုံရင် ကျွန်တော့်နည်းစမ်းကြည့်ပါ့လား.။(ကိုယ်ဖြစ်ကိုယ်ခံပေါ့)

1 comment:

Unknown said...

မလုပ်ရဲပါဘူးအကိုရယ်..
တော်ကြာ အကွက်တွေရှဲကုန်ပါ့မယ်