Sunday, August 17, 2008

19.3 ဆေးရွက်ကြီးနဲ့ ဆေးလိပ်ခုံတွေ

ကဲ.. ညီအကိုအကြောင်းတွေ ခနရပ်ပြီး အရက်အကြောင်း ဆက်ဦးမယ်..။

အစကတော့ ဒေါ်သိန်းညွှန့်အကြွေး ကျေရန်ဆိုပြီး ချက်တာပဲ..။ ဒါပေမယ့် လုပ်ရင်းကိုင်ရင်း အဆင်ပြေလာတော့ ဈေးကွက်လေး တိုးချဲ့ချင်လာတယ်..။ အဲဒါနဲ့ စိမ်ရည်ကိုများများစိမ် များများချက်ပြီး ဆေးလိပ်ခုံတွေ အထိ လိုက်ဖြန့်တော့တယ်..။


ရွာမှာ ဆေးလိပ်ခုံ လေးငါးခုံ ရှိတယ်..။ ဆေးလိပ်ခုံဆိုတာ ဆေးလိပ်ထုတ်တဲ့ စက်ရုံကို ရွာအခေါ် ခေါ်တာပဲ..။ ဆေးလိပ် လိပ်ဖို့ ဆေးစပ်ရင် အရက်နည်းနည်းထည့်စပ်လေ့ရှိတယ်..။ ဆေးစပ်တယ်ဆိုတာ ဆေးရိုးရယ် ဆေးရွက်ကြီးရယ် ကို အရက်နဲ့ သမအောင် ရောမွှေတာပဲ..။

ထည့်တဲ့ ဆေးရိုးပမာဏနဲ့ ဆေးရွက်ကြီး ပမာဏပေါ်မူတည်ပြီး ဆေးလိပ်အပြင်းအပျော့ ကွာသွားတတ်တယ်..။ တချို့ ဆေးလိပ်ခုံတွေက သီးမွှေးငှက်ပျောသီးတောင် ထည့်စပ်တယ်..။ မွှေးအောင်လို့ လို့ ပြောတာပဲ..။

အရက်ကတော့ မပါမဖြစ်ပေါ့..။ တချို့ဆို ဆေးခြောက်တောင် နည်းနည်းထည့်တယ်လို့ သိရတယ်..။ ရွာမှာ ဆေးခြောက်ပင်ကို မြင်ဖူးတဲ့သူ အတော်ရှားတယ်..။ ဆေးခြောက်ပင်က တစ်နှစ်ခံပင်ပဲ..။ အကြီးဆုံးမှ လူ့ခါးလောက်ပဲ ရှိတယ်..။ အပွင့်ကလေးတွေက ခရမ်းရောင်လေးတွေ..။ အရွက်က ချဉ်ပေါင်လက်ခြား နဲ့ ဆင်သယောင်ရှိတယ်..။

မသိရင် မေမြို့ပန်းပင်လိုလို ဘာလိုလိုနဲ့..။ အတော်လှတဲ့ အပင်ပဲ..။ ရွာအနောက်ပိုင်းက အဘိုးကြီး တစ်ယောက်က အဲဒီအပင်ကို သူ့အိမ်ကွက်လပ်ထဲမှာ အလေ့ကျပေါက်တာလိုလိုဘာလိုလို နဲ့ စိုက်ထားတယ်..။ အချိန်တန်မှ ဒိုင်လျိုလေးနဲ့ ဆေးလိပ်ခုံတွေဆီ ရောင်းစားတယ်..။

ကျွန်တော်တို့ညီအကိုနဲ့ အဲဒီအဘိုးကြီး သိပ်ခင်တယ်..။ သူ့သားတွေနဲ့ ကျွန်တော်တို့က ဘော်ဒါတွေ..။ အဘိုးကြီးရဲ့ မိန်းမက ဆုံးသွားတာကြာပြီ..။ ကျွန်တော်တို့အားရင် သူ့အိမ်မှာပဲ အချိန်ကုန်ကြတယ်..။ သူ့အဆက်အသွယ်နဲ့ပဲ ဆေးလိပ်ခုံတွေကို အရက်ပို့ဖြစ်တယ်..။

ဆေးလိပ်ခုံပိုင်ရှင်တွေက ရွာမှာတော့ မျက်နှာဖုံးပဲ..။ ရွာအလျောက် ချမ်းသာကြတယ်..။ ဆေးလိပ်ကလဲ အတော်မြတ်တာကိုး..။ ဆိုရိုးစကားတစ်ခုတောင်ရှိတယ်..။ '' လိပ်သမ သုံးယောက်ရှိရင် မိသားစုဆယ်ယောက် အေးအေးဆေးဆေး ထိုင်စား နိုင်တယ် '' တဲ့..။

လိပ်သမဆိုတာ ဆေးလိပ်လိပ်တဲ့ အမျိုးသမီးကိုပြောတာ..။ ဆေးလိပ်သမ ပေါ့..။ ဟင်္သာတ ထွန်းရင် ရဲ့ သီချင်းထဲမှာတောင် ပါတယ်..။ ''အသုံးအဖြုံးကြီးတဲ့ ဆေးလိပ်သမနဲ့ လွဲရပါစေ လွဲရပါစေ '' ဆိုပြီးတော့လေ..။
ဆေးလိပ်ခုံအကြီးကြီး ဖြစ်စရာမလိုဘူး..။ ဆေးလိပ်လိပ်တဲ့သူ သုံးယောက်ရှိရင်ကိုပဲ မိသားစုဆယ်ယောက်ရဲ့ စားဝတ်နေရေးကို အာမခံနိုင်တယ်လို့ ဆိုလိုတာပဲ..။ အတော်ကျွမ်းကျင်တဲ့ ဆေးလိပ်သမတစ်ယောက်ဟာ တစ်ရက်မှာ ဆေးလိပ်အလိပ်တစ်ထောင် ပျမ်းမျ လိပ်နိုင်တယ်..။ သုံးယောက်ဆိုတော့ သုံးထောင်ပေါ့..။ ဆေးလိပ်သုံးထောင်ရောင်းရတဲ့ အမြတ်ငွေဟာ အတော်မနည်းဘူးလို့ ပြောနိုင်တဲ့ သဘောပဲ..။

ဆေးလိပ်ခုံတွေ အလုပ်ဖြစ်ချက်ကတော့ ရွာမှာ ဆေးလိပ်သမ ဆိုတဲ့ လူတန်းစားတစ်ရပ် သီးသန့်ဖြစ်တည် နေတဲ့အထိပဲ..။ ဆေးလိပ်ခုံတွေကလဲ အပြိုင်အဆိုင်တွေ..။ ဆေးလိပ်သမတွေကလဲ ဟိုခုံနဲ့ ဒီခုံအပြိုင်အဆိုင်ပဲ..။

တစ်ခုံနဲ့တစ်ခုံ ကွယ်ရာမှာ သွားပုပ်လေလွင့်လဲ အတော်ပြောလေ့ရှိကြတယ်..။ အထူးသဖြင့် ဆေးလိပ်တံဆိပ် (သို့) ပိုင်ရှင်ရဲ့ နာမည်ကို တိုက်တိုက်ခိုက်ခိုက် ပြောကြတယ်..။ ဥပမာ ရွှေဇီးကွက် ဆိုတဲ့ ဆေးလိပ်ခုံက သူတို့ဆေးလိပ်ကို အခုလို ကြော်ငြာတယ်..။

'' အသီးသရက် အသားဝက် ဆေးလိပ်မှာရွှေဇီးကွက် '' တဲ့..။

အဲဒါကို တခြားခုံက ကွယ်ရာမှာ အခုလို ပြောကြတယ်..။ '' သောက်ရင်းမီးငြိမ်း ဒေါ်အုန်းသိန်း '' တဲ့..။ ရွှေဇီးကွက် ဆေးလိပ်ခုံပိုင်ရှင်နာမည်က ဒေါ်အုန်းသိန်း..။

ရွှေဇီးကွက်ခုံကလဲ ဘယ်ခံမလဲ..။ သူတို့ကိုပြောတဲ့ ဆေးလိပ်ခုံကို ပြန်တွယ်တယ်..။ ''ခါးစပ်လက်ပူ ကိုအောင်သူ '' ဆိုပြီးတော့..။ အဲဒီလိုနဲ့ ရွာကဆေးလိပ်ခုံတွေနဲ့ ပတ်သက်တဲ့ '' သောက်ရင်း မီးသေ နန်းမြင့်ဆွေ '' '' ပါးရိုးတွေချောင် ကိုအုန်းမောင် ( ဖွာရလွန်းလို့ ) '' ဆိုရိုးတွေ ပေါ်လာခဲ့တယ်..။

ဆေးလိပ်ဆိုလို့ စီးကရက်လို့ မထင်ကြနဲ့အုံး..။ သနပ်ဖက်နဲ့လိပ်တဲ့ ဆေးလိပ်ပါ..။ ဆေးပေါ့လိပ်လို့လဲ အလွယ်ခေါ်ကြတယ်..။ အဲဒီလိုဆေးပေါ့လိပ်အပြင် ပြောင်းဖူးဖက်နဲ့လိပ်တဲ့ ဆေးလိပ်လဲ ရှိသေးတယ်..။ အဲဒါကိုတော့ ပြောင်းဖူးဖက်လိပ်လို့ ခေါ်တယ်..။ များသောအားဖြင့် အဘိုးကြီးအဘွားကြီးတွေ သောက်ကြတယ်..။

အိမ်ကပြင်ထွက် ဆောင့်ကြောင့်ထိုင်ပြီး ပါးရိုးကြီးတွေ ချိုင့်သွားတဲ့အထိ ဖွာလိုက်ရှုလိုက်လုပ်နေတဲ့ အဘိုးကြီးအဘွားကြီးတွေကို ရွာမှာကတော့ မမြင်ချင်အဆုံးပဲ..။ အစီခံကတော့ အိမ်မှာပဲ သတင်းစာစက္ကူ သို့မဟုတ် ပလာစာအုပ်အစုတ်နဲ့ ပြောင်းဖူးဖက်ကို လိပ်ပြီးလုပ်လိုက်ကြတာပဲ..။

မိုင်းဆဲဗင်းတို့ ဘာတို့ ကြော်ငြာသလို ဒက်ဗယ်ဖစ်လတာ ဆိုတာမျိုးကတော့ ဝေးလို့..။ တချို့အစီခံဆိုရင် အထဲက ဆေးရိုး အချောင်းလိုက် လည်ပင်းထဲ တိုက်ရိုက်ဝင်လာတတ်တယ်..။ ဆေးရိုးဆိုတာ ဆေးရွက်ကြီးပင်ရဲ့ ပင်စည်(သို့)ရိုးတံကို ခေါ်တာ..။

ရွာဖက်မှာ ဆေးရွက်ကြီး အကြီးအကျယ်စိုက်ကြတယ်..။ ဆေးရွက်ကြီးခင်းတွေ အရွက်မခူးခင်ကတည်းက ပွဲစားတွေက အခင်းအခြေအနေကြည့်ပြီး ဆေးရိုးကို ဈေးဖြတ်ဝယ်ကြတယ်..။ ကြိုပွိုင့်ဆန်ဆန်ပေါ့..။ ဒီအခင်းက အပင်တစ်သိန်းလောက်ရှိတယ်..။ တစ်ပင်ကို ဘယ်လောက်နှုန်း ဆိုတာမျိုး ဈေးပေးဝယ်တာပဲ..။

အခင်းရှင်က အရွက်ခူးပြီး ဆေးရွက်ကြီးအနေနဲ့ ရောင်းတယ်..။ ဆေးရိုးဝယ်တဲ့သူက အရွက်ချထားတဲ့ အရိုးတွေကို တစ်ပင်ချင်း လိုက်တူးယူတယ်..။ အဲဒီဆေးရိုးပင်တွေကို စက်နဲ့ ကြိတ်လိုက်ရင် ဆေးလိပ်ထဲ ထည့်တဲ့ ဆေးရိုးရတယ်..။

နီနီဝင်းရွှေ ပြန်ဆိုထားတဲ့ '' ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ '' သီချင်းထဲကအတိုင်းပါပဲ..။ ဆေးရိုး သိပ်ဈေးကြီးတယ်..။ အဲဒီလိုမျိုး ဈေးကြီးတဲ့ ဆေးရိုးကိုတောင် မီးလှုံပစ်တယ်လို့ တင်စားထားတာပဲ.။

(ဂျေအယ်ကတော့ '' ဘီယာရေချိုး ကြက်ရိုးမီးလှုံ အန်ဖတ်တောင်လိုပုံ '' အောင် သောက်တယ်လို့ ပြောဖူးတယ် )

ဒါပေမယ့် ဈေးကွက်တို့ရဲ့ ထုံးစံအတိုင်း ဆေးရိုးက ဈေးကြီးလွန်းတော့ အစားထိုး ဆေးရိုးအတုတွေ သုံးလာကြတယ်..။ ကြက်ဆူရိုး အုံနှဲရိုး တွေကို ဆေးရိုးလုပ်ပြီး ဆေးလိပ်ထဲ ထည့်လိပ်ကြတယ်..။ ရွာဖက်မှာတော့ အုံနှဲပင်တွေ မျိုးတုံးလုနီးပါးပဲ..။ ( အုံနှဲပင်နဲ့ ပတ်သက်လို့ စကားပုံတောင် ရှိသေးတယ် '' အုံနှဲပုတ် စုံတွဲခုတ် '' တဲ့)

ကြက်ဆူရိုးဆိုတာကတော့ လူတိုင်းရင်းနှီးမယ်ထင်ပါတယ်..။ အနှစ်မရှိတဲ့တော ကြက်ဆူပင် မင်းမူတယ်လို့ သာပြောကြတာ.. အဲဒီအနှစ်မရှိတဲ့ အပင်ရဲ့ ရိုးတံက အသုံးတည့်သွားတော့ ဆေးရိုးနီးပါး ဈေးကောင်းရ သွားရော..။

အဲဒီလိုမျိုး ဆေးရိုးအတုတွေကြောင့် ဆေးပေါ့လိပ်သောက်သုံးသူတွေ ရောဂါပိုရ မရ ကတော့ ဘယ်သူမှ အရေးအရာလုပ် တွေးမနေကြပါဘူး..။ ဘယ်သူမှလည်း အားအားယားယား သုတေသန လုပ်မနေကြပါဘူး။ အတုအစစ် အရသာ ကွာမကွာလဲ အထူးတလည် ပြောသံ မကြားမိပါဘူး..။ ( စာပတီးတော့ သိမလားပဲ.. သူက ဆေးပေါ့လိပ်သိပ်ကြိုက်တယ် )

ပြောခဲ့သလို ကျွန်တော်တို့ရွာနယ်တကျောက ဆေးရွက်ကြီး အကြီးအကျယ် စိုက်ပျိုးကြတယ်..။ ရွာနဲ့မလှမ်းမကမ်း ( နှစ်မိုင်ခွဲသုံးမိုင်လောက် အကွာ ) မှာ မြေနုကျွန်းကြီး တစ်ကျွန်းရှိတယ်..။ စိုက်ဧက ထောင်သောင်းချီရှိတဲ့ ကွင်းပြင်ကျယ်ကြီးပဲ..။ နှစ်တိုင်းမြစ်ရေတိုးတဲ့အချိန်ဆိုရင် အဲဒီကျွန်းကြီးတစ်ကျွန်းလုံး ရေလွှမ်းသွားလေ့ရှိတယ်..။ ရေပြန်ကျသွားတဲ့အချိန်တွေမှာတော့ .. ရွာဖက်က တောင်သူများအတွက် ပဒေသာပင်ကျွန်းကြီးပေါ့..။ အဲဒီကျွန်းမှာ ဆေးရွက်ကြီးစိုက်ခင်းတွေဆိုတာ တမျော်တခေါ် မျက်စိတဆုံးပဲ..။

အဲဒီကျွန်းကို ဘယ်သူမှ မပိုင်ဘူး..။ နှစ်စဉ်ရေကျတဲ့အချိန်မှာ မြေယာဝေခြမ်းရေးပြန်လုပ်ကြရတယ်..။ ရွာပေါင်းနှစ်ဆယ်လောက် အဲဒီကျွန်းမှာ ဝေစုရကြတယ်..။ ဝေစုရတဲ့တောင်သူတွေအနေနဲ့ သူတို့ရတဲ့ လယ်မြေထဲမှာ တဲလေးတွေဆောက်နေကြပြီး ထွန်ယက်စိုက်ပျိုးကြတယ်..။ ၀ါဆိုဝါခေါင် ရေတွေမဖောင်ခင် အထိပေါ့..။

နှစ်တိုင်းတစ်နှစ်တစ်ခါ ရေလွှမ်းတဲ့ဧရိယာဆိုတော့ မြေဆီမြေနှစ်သိပ်ကောင်းတယ်..။ စိုက်သမျပျိုးသမျ သီးနှံတအားဖြစ်ထွန်းတယ်..။ ဆေးရွက်ကြီးတွေလဲ သိပ်ကောင်းတာပေါ့..။ ဒါပေမယ့် အဲဒီကျွန်းပေါ်က ထွက်တဲ့ဆေးရွက်ကြီးက ကုန်းခေါင်ခေါင်မှာပေါက်တဲ့ ဆေးရွက်ကြီးလောက်တော့ ဈေးမရဘူး..။

ဆေးရွက်ကြီး နှစ်မျိုးရှိတယ်..။ ကုန်းဆေး နဲ့ ကျွန်းဆေးဆိုပြီးတော့..။ ကျွန်းဆေးဆိုတာ ရွာဖက်မှာ အဲဒီလိုမျိုးရေလွှမ်းဧရိယာမှာစိုက်တဲ့ဆေးကိုခေါ်တာ..။ ကုန်းခေါင်ခေါင် မြစ်ရေမရောက်တဲ့ အရပ်မှာစိုက်တဲ့ ဆေးကိုတော့ ကုန်းဆေးလို့ခေါ်တယ်..။ ကျွန်းဆေးကပေါ့ပြီး ကုန်းဆေးက လေးတယ်လို့ ပြောကြတယ်..။ ဆေးလိပ်ကောင်းကောင်း သောက်တတ်သူများကတော့ ဆေးလိပ်ရဲ့ အလေးအပေါ့ကို သိကြတယ်..။

No comments: