Sunday, May 11, 2008

9.5 အချစ်…ကြားလား.. အာဗွား

ကျောင်းမှာ အချစ်ကြီးချစ်တဲ့ ချစ်သူစုံတွဲတစ်တွဲရှိတယ်။ သူတို့ သိပ်ချစ်ကြတယ်။ သိပ် အဖြစ်သည်းကြတယ်။ ဒါပေမယ့် သူတို့ သမီးရည်းစား ဖြစ်သွားခဲ့ပုံကတော့ သင်းတယ်လို့ ပြောရမှာပဲ။

ကောင်မလေးကို.. ကောင်လေးက စာပေးခိုင်းလိုက်လို့ဆိုပြီး ကြားထဲက ကျွန်တော်တို့စာတစ်စောင် လုပ်ကြံရေးပြီး သွားပေးလိုက်တယ်။ ကောင်မလေးကို စာပေးပြီးမှ ကောင်လေးကို ပြောပြလိုက်တယ်။

" အေး .. အဲဒီကောင်မလဲ မဆိုးပါဘူး.. ကြိုက်ပျော်တယ် " .. လို့ မောင်မင်းကြီးသားက ဆိုတယ်။ သိပ်မကြာဘူး.. သူတို့ကြိုက်သွားကြတယ်။ အတူသွား အတူလာ အတူစားပေါ့။

အမျိုးသမီးအဆောင်ပိတ်မှ.. သကောင့်သား ပြန်တယ်။ နှေးတုံ့လေးကန် ခြေလှမ်းများနဲ့ပေါ့။ နောက်တော့ တရုတ်ကလာတဲ့ ဝေါ်ကီတော်ကီ နှစ်လုံးဝယ်လိုက်ကြတယ်။

အဆောင်ပိတ်သွားသည့်တိုင်.. "အချစ်.. ကြားလား.. မောင်ပါ.. ကြားရင် အကြောင်းပြန်.. အာ.. ဗွား.." လုပ်နေကြတယ်။

မောင်မင်းကြီးသား အိပ်ပျော်နေတဲ့ တစ်ရက်.. သူ့ဝေါ်ကီတော်ကီ ခိုးပြီး ကျွန်တော်တို့ သူငယ်ချင်းတတွေ အမျိုးသမီးဆောင်ကို ချီတက်ကြတယ်..။

"အချစ်.. မောင်ပါ.. အာ.. ဗွား.. " တစ်ယောက်တစ်လှည့် မယ်မင်းကြီးမကို ရည်းစားစကားပြောကြတယ်။ ဝေါ်ကီတော်ကီအသံကလဲ..ခပ်ညံ့ညံ့ဆိုတော့.. ကျွန်တော်တို့ နောက်ဆက်နေမှန်း မသိဘူး..။

"အချစ်ရေ.. မနက်ဖန်မနက်.. လေးနာရီလောက် အဆင်သင့်ဖြစ်ပစေ.. ဘုရားကြီး မျက်နှာတော်သစ်အမီ သွားကြမယ်.. ဆက်ဆက်စောင့်နေ မောင်လာခေါ်မယ်.." လို့ ပြောပြီး ပြန်လာခဲ့ကြတယ်။ ဘုရားကြီးဆိုတာ.. မဟာမြတ်မုနိ ဘုရားကို ပြောတာပဲ။ ကျွန်တော်တို့ ကျောင်းကနေ အစောကြီးသွားမှ မျက်နှာတော်သစ်မီတယ်။

မောင်မင်းကြီးသားကတော့ ဘယ်သိမလဲ..။ ကိုးနာရီလောက် နေဖင်ထိုးမှ အိပ်ရာထတယ်။ အစောကြီးထ ဖီးလိမ်းပြင်ဆင်ပြီး မောင်တော် လာအခေါ်ကို မျှော်နေတဲ့.. မယ်မင်းကြီးမကတော့ ဒေါသအလိပ်လိပ်နဲ့ပေါ့..။ သူ့ရည်းစားကို.. ကျွန်တော်တို့နဲ့ ပေါင်းရင်.. အပြတ်ပဲ .. လို့ကြိမ်းကြောင်း နောက်မှ ပြန်ကြားရတယ်။

ကျောင်းပြီးတော့ သူတို့ ညားသွားတယ်။ အခုတော့ ကလေးတစ်ယောက် နဲ့ ပျော်ရွှင်သော အိမ်ထောင်တစ်ခု ဖြစ်နေပါပြီ..။ အစိုးရ အရာရှိတွေပေါ့.။

မောင်မင်းကြီးသားက မကြာခန ရန်ကုန်လာလေ့ရှိတယ်..။ သူငယ်ချင်းတွေ.. တွေ့ကြ ဆုံကြ.. သောက်ကြ မျိုကြ.. အော်ကြဟစ်ကြ ပေါ့..။ သူလာရင် ကျွန်တော့်ဆီ ဖုံးဆက်ခေါ်လေ့ရှိတယ်။

ဘီယာဆိုင် တဆိုင်ဆိုင်မှာ အရင်စားသောက်ကြတယ်။ နောက်တော့ ကာရာအိုကေပေါ့..။ ပြီးတော့ ပြီးတော့.. ထိုနောက် ထိုနောက်မှာပေါ့ဗျာ.. ဟဲဟဲ။

ဒါပေမယ့် သူ့မိန်းမက တစ်နာရီတစ်ကြိမ်လောက် သူ့ယောက်ျားဆီ ဖုန်းဆက်နေတော့တာပဲ။ အခုဘယ်ရောက်နေပြီ.. ဘယ်သူတွေနဲ့.. ဘာလုပ်နေတယ်.. သတင်းပို့နေရတယ်။

ကာရာအိုကေ အော်ကောင်းနေတုံး သူ့မိန်းမဆီက ဖုံးလာတယ်။

" ရှင်.. ဘာလုပ်နေလဲ.. "

" တီဗွီ ကြည့်နေတယ်.. "

" အဲဒါဆို တယ်လီဖုံးကို တီဗွီနား ကပ်ပြ.. "

" အေး.. ဟာ.. မီးပျက်သွားပြီ.. "

" ရှင်သက်သက် လိမ်တာပဲ.. ကျမသိတယ်.. မဟုတ်တဲ့ တနေရာရာ ရောက်နေပြီမဟုတ်လား.. "

" မင်း ထင်ချင်သလို ထင်ကွာ.. ဒါဘဲ.. "

ဆိုပြီး မောင်မင်းကြီးသား ဖုံးချပစ်လိုက်တယ်။ ပါဝါ ပါ ပိတ်ပစ်လိုက်တယ်။

တချိန်တုံးကတော့.. အဆောင်ပိတ်သွားတာတောင် ဝေါ်ကီတော်ကီ နဲ့ အာ ဗွား လုပ်နေခဲ့သူတွေ.. အခုတော့..

အချစ်ဆိုတာ.. အဲဒါမျိုးလားတော့ မသိဘူး။

1 comment:

Unknown said...

အရင်ကတော့ အချစ်ငှက်တွေကိုးဗျ
အခုတော့ လဒဖြစ်သွားပြီပေါ့လေ
ဟဟဟဟဟဟ