Tuesday, May 27, 2008

10.4 ကျူရှင်ဆရာလေး ကျွန်တော်

ကျုရှင်ဆရာလေး ကျွန်တော့်ဘ၀ ကို ပြောအုံးမှပဲ..။

တက္ကသီလာ မြကျွန်းသာက.. အရူးမလက်ထဲက.. ထီးလို.. ဖွင့်လိုက်ပိတ်လိုက်နဲ့ဆိုတော့.. ကျွန်တော်မျိုးလဲ.. ရွာပြန်လိုက်.. တက္ကသိုလ်တက်လိုက်နဲ့.. အဲဒီနှစ်ပိုင်းတွေမှာ.. အလုပ်ရှုပ်နေခဲ့တယ်..။

ရွာပြန်ကျုရှင်ပြ.. တက္ကသိုလ်ကျောင်းတွေ ပြန်ဖွင့်ခါနီး တပည့်တွေ စုပေါင်းကန်တော့တဲ့..ပိုက်ဆံလေး စုပြီး.. ကျောင်းသွားတက်လိုက်ပေါ့..။

ကျုရှင်က.. ဆယ်တန်း.. ဓါတုဗေဒ ..သင်တာပဲ..။ ကျုရှင်ဆရာလေးက.. ရုပ်ကလေးကချော အပြောကလေးကောင်း ဆိုတော့.. သိပ်အောင်မြင်တာပေါ့.. ( အဟတ်ဟတ်.. )

ကျုရှင်ကျောင်းကတော့.. ရွာဘုရားကုန်းပေါ်ပေါ့..။ ဘုရားတန်ဆောင်းတစ်ခုမှာ.. ဘလက်ဘုတ် ထောင်ပြီး သင်တာပဲ..။ နေရာထိုင်ခင်းက.. သိပ်ကောင်းတယ်..။ ဒါပေမယ့်.. တပည့်ကျော်တွေ ပေါက်ကရလုပ်တာလေးတွေတော့ ဘုရားလူကြီးနဲ့ ရှင်းရလေ့ရှိတယ်..။

စာသင်တဲ့.. တန်ဆောင်းထဲက.. ဆင်းတုတော်ကို..ပါးကွက်ကွက်ပေးထားလို့.. ဘုရားလူကြီးကို.. မနည်းတောင်းပန်ခဲ့ရဖူးတယ်။ အဲဒီဘုရားလူကြီးနာမည်က.. ဦးမြအောင်လို့ခေါ်တယ်..။

သူ့မှာ သားတစ်ယောက်ရှိတယ်..။ ဖိုးပါလို့ခေါ်တယ်..။ ရွာမှာမနေဘူး..။ ဖိုးပါက.. မန္တလေးမှာ..နေတယ်..။ ဦးမြအောင်က.. သူ့သားဆီရေးတဲ့စာကို.. ကျောင်းသားတစ်ယောက်က.. ကောက်ရလာတယ်..။ ကျွန်တော်စာသင်နေတုံး ကျောင်းသားတွေ.. ကြိတ်ကြိတ်ကြိတ်ကြိတ်နဲ့.. ရယ်နေကြလို့.. စာသင်တာရပ်ပြီး.. မေးကြည့်တော့.. ကောက်ရလာတဲ့.. စာကို.. ကျွန်တော့်ပေးဖတ်တယ်..။ သူတို့ရယ်တာလဲ.. မလွန်ဘူး..။

ဦးမြအောင်က.. သူ့သားကိုပေးတဲ့စာ အစမှာ..

သို့..

သား ဖိုးပါ..

အဖေရိုသေစွာ စာရေးလိုက်ပါတယ်..

.. ဆိုတာနဲ့.. အစချီထားတာကိုး..။

ဦးမြအောင်ရယ်.. မြသီက ရှင့်သားဦးသွားပြီလို့ ပြောခံထိတဲ့.. ဦးထွန်းရီရယ်.. မိုက်စိန်ကျော်တို့သုံးယောက်က.. ရွာဘုရားကြီးရဲ့ ဂေါပကတွေပေါ့..။ တစ်နှစ်မှာဆယ့်နှစ်လလောက်.. အလှူခံကြတယ်..။ ကျွန်တော်က ကျုရှင်သင်တယ်..။ သူတို့က.. အသံချဲ့စက်နဲ့.. အလှူခံတရားတွေ အော်တယ်..။ ကြာတော့.. ကျွန်တော်တောင်.. သူတို့ဟောတဲ့.. တရားတချို့ အလွတ်ရသွားတယ်..။

မောင်ကာက နဲ့ မယ်ကာက.. ဆိုတဲ့ တရားကို.. ဦမြအောင်က.. အခုလို အော်လေ့ရှိတယ်..။

" အမေ.... သား.. မိန်း မ မလို ... ချင်သေးပါဘူး.. အမေရဲ့.."

အဲဒီလို.. မောင်ကာက ကပြောလိုက်တဲ့ အခါမှာ..

" ငါ့သား... သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရတယ်ကွဲ့.. ငါ့သားရဲ့.. မိဘ၀တ်တရားမှာ တပါးအပါအ၀င်ဖြစ်တဲ့.. ထိမ်းမြားခြင်း ဆိုတဲ့ ၀တ္တရားကို.. အမေတို့ ကျေပါရစေကွဲ့.. "

မောင်ကာကရဲ့ မွေးသမိခင်က.. အဲဒီလို ပြောတယ်ဆိုရင်ပဲ.. မောင်ကာက လေးက..

" အမေ.. ရွှေရုပ်ကလေးနဲ့တူတဲ့.. မိန်းမကို ရရင်ဖြင့် .... ယူ.. မယ်.. "

.. သံနေသံထားနဲ့ ဘုန်းကြီးလေသံအတိုင်း.. အော်တာပဲ..။ နေ့တိုင်း ဒါပဲ အော်နေလေတော့.. ကျွန်တော်တင်မက.. ကျုရှင်ကျောင်းသားတွေပါ.. အလွတ်ရကုန်တယ်..။

တချို့ ခပ်နောက်နောက်ကျောင်းသားတချို့က.. ကျွန်တော့်တွေ့တာနဲ့..

" ဆရာ.. သား.. မိန်းမ.. မလိုချင်သေးဘူး ဆရာရဲ့.."

" အပျော်ကြံမယ့်.. မိန်းမကို တွေ့ရင်ဖြင့်.. ယူမယ်.. " လို့ .. စလေ့ရှိတယ်..။

" ငါ့ တပည့်.. ဆရာလည်း မင်းလို ဘဲ.. " လို့ ကျွန်တော်ပြန်နောက်လေ့ရှိတယ်..။

တစ်ရက်ကျွန်တော်စာသင်နေတုံး.. ဂေါပကလူကြီးတွေ.. အလှူခံငွေစာရင်းရှင်းတမ်း လုပ်တယ်..။ အသံချဲ့စက်ကြီးနဲ့.. တစ်ရွာလုံးကြားအောင် အော်တာပဲ..။

ဘုရားကြီးအတွက်.. ဘယ်နေ့ဘယ်ရက်အထိ.. အလှူကောက်ခံရရှိငွေက.. ဘယ်လောက်.. ဘုရားကြီး ကျောက်ပြားခင်း.. မှန်စီရွှေချတာက.. ဘယ်လောက်.. ။ အသံချဲ့စက် ငှားခက.. ဘယ်လောက်..။ စာရင်းပိတ်သော်.. ကြွေးအစိတ်တင်နေတယ်.. လို့.. ဦးစိန်ကျော်က.. အသံကုန်ဟစ်တယ်..။

ကျွန်တော်တို့မှာ.. ရယ်လိုက်ရတာ..။ ဘုရားကြီးမှာ နေရင်းထိုင်ရင်း.. အကြွေးတင်နေသလိုမျိုး ဖြစ်နေတာကိုး..။ ဘုရားကုန်းဘေးမှာ.. ဦးရွှေတို့ လင်မယားနှစ်ယောက်ရှိတယ်..။

သူတို့က.. လင်ကိုမယား နှစ်ယောက်တည်းနေကြတယ်..။ ဦးစိန်ကျော်မိုက်နဲ့ အော်တဲ့.. ဘုရားကြီးကြွေးအစိတ်တင်နေတယ်ဆိုတာကြားတော့.. ဦးရွှေက..သူ့မိန်းမကို..

" မိန်းမရေ.. တို့နှစ်ယောက်က.. စားစားသောက်သောက်နဲ့.. ကြွေးငါးဆယ်တင်တာ.. ဘာဟုတ်သေးလဲ.. ဘုရားကြီးမှာတော့.. မစားမသောက်နဲ့ တစ်ပါးတည်း.. ကြွေးအစိတ်တင်နေသတဲ့.. တို့ထက် တောင်ဆိုးသေး.. " လို့ ပြောတယ်..။

ကျွန်တော်က တက္ကသိုလ်ကျောင်းသား ကျုရှင်ဆရာပေါက်စ..။ တပည့်တွေက.. ဆယ်တန်းကျောင်းသားတွေ ဆိုတော့.. အသက်က ကွာလှ သုံးနှစ်ပေါ့..။ ဆရာတပည့် ဆက်ဆံရေးထက်.. သူငယ်ချင်း ခင်မင်မှုမျိုးနဲ့ပဲ နေဖြစ်တယ်..။

ကျုရှင်အားတဲ့အချိန်.. တခါတရံ မြစ်ထဲသွားရေသွားချိုးလေ့ရှိတယ်..။ ဆရာတပည့် တအုံတမကြီးပေါ့..။ ကျောင်းသူတွေတော့.. ဘယ်ပါမလဲ..။

ရွာမြစ်ဆိပ်က.. အရမ်းသာယာလှပတယ်။ မီတာသုံးလေးရာလောက်ရှိတဲ့.. သဲသောင်ပြင်ကြီးရှိတယ်..။ ညနေ ညနေဆိုရင် အရမ်းစည်တယ်..။ ကုမ္မာရီ သမီးပျိုလေးတွေ ရေခပ်ဆင်းတဲ့အချိန်ပေါ့..။ ကျွန်တော်တို့ကတော့.. ဟိုငေး ဒီငေး ဟိုငမ်း ဒီငမ်းရင်း သောင်ပြင်မှာ အချိန်ဖြုန်းတယ်။

ညနေစောင်းလို့ ပြန်ခါနီးရင် မြစ်ထဲရေဆင်းချိုးကြတယ်။ တစ်ရက် ဆရာတပည့်တတွေ ရေလဲလုံချည် တစ်ထည်ထဲနဲ့ ရေချိုးဖို့ကြံကြတယ်။ ရှိတဲ့ ရေလဲပုဆိုးလေးဝတ်ပြီး ကျွန်တော်ပထမဦးဆုံး ရေထဲဆင်းတယ်။ ရေနက်ပိုင်း ခါးမြုပ်လောက်တဲ့ နေရာရောက်မှ အဲဒီပုဆိုးချွတ်ပြီး ကမ်းပေါ်ပြန်ပစ်ပေးလိုက်တယ်..။

ကျွန်တော်ပြန်ပစ်ပေးလိုက်တဲ့ ရေလပုဆိုးကို ၀တ်ပြီး နောက်တစ်ယောက် မြစ်ထဲဆင်း...။ အဲဒီလူက ရေနက်ပိုင်းရောက်တာနဲ့ ပုဆိုးချွတ်ပြန်ပစ် ..။ အဲဒီလိုလုပ်ရင်းနဲ့.. တစ်ယောက်ပြီးတစ်ယောက် ရေထဲဆင်း ကဲနေကြတယ်။

တပည့်တစ်ယောက်က..

" ဆရာ ဆရာ.. ရေထဲမှာ ထဆင်ထူး ရေးတတ်လား.." လို့ မေးတယ်။

ကျွန်တော်က မရေးတတ်ဘူး လို့ ပြန်ဖြေတော့.. ကျွန်တော်ရေးတတ်တယ်.. ရေးပြရမလား ဆိုပြီး.. ပေါက်တတ်ကရလုပ်ပြတယ်..။

ကျွန်တော်တို့မှာ ရယ်လိုက်၇တာ..။ ကဲကြည့်ကြ.. ရေထဲမှာ ထဆင်ထူး ဒီလိုရေးရတယ်ဆိုပြီး သူ့ဖင် ကွက်ကွက်ကလေးကို.. ရေပေါ်မှာပေါ်အောင် ကုန်းပြတော့တာပဲ..။

အခုတော့ ရေထဲထဆင်ထူးေ၇းပြတဲ့ တပည့်က ရွာမှာ ကျုရှင်ဆ၇ာ ပြန်လုပ်နေတယ်။ သူ့နာမည်က အေးအေးမင်းလို့ ခေါ်တယ်။ အဲဒီကောင်က သိပ်ခင်ဖို့ကောင်းတယ်။ အမြဲတမ်းပြုံးနေတာပဲ။ လူချစ်လူခင်သိပ်ပေါတယ်။

ကျွန်တော်တို့ ရေချိုးနေတုံး သန်းထွန်း ဆိုတဲ့ တပည့်က အေးအေးမင်းနဲ့ အလောင်းအစားလုပ်တယ်။

အေးအေးမင်းကို.. မင်းရေထဲမှာ..သုံးမိနစ်လောက် ငုပ်နေနိုင်မလားလို့ သန်းထွန်းက မေးတယ်။ ငုပ်နိုင်တာပေါ့ လို့ အေးအေးမင်းက ပြောတော့.. သုံးမိနစ်စေ့လို့ ရေပေါ်ပြန်ပေါ်လာလာခြင်း.. ငါ့နာမည်ကို.. အကျယ်ကြီး မင်းမအော်နိုင်စေရဘူး လို့ သန်းထွန်းက ပြောတော့.. ဒါလေးများ ဘာခက်တာမှတ်လို့ ဆိုပြီး လောင်းကြတာပဲ။

လောင်းကြေးက လက်ဘရည်တစ်ခွက်ကြေး..။

အေးအေးမင်း ရေထဲ စငုပ်သွားတယ်။ တစ်မိနစ် နှစ်မိနစ်.. အေးအေးဆေးဆေးပေါ့..။ သုံးမိနစ်စေ့ခါနီးမှာ.. သန်းထွန်းက..

"ဟေ့.. အေးအေးမင်း... မင်းအဖေ နာမည် ဘယ်လိုခေါ်လဲကွ.. " လို့ မေးတယ်။ ရေထဲငုပ်နေတဲ့ အေးအေးမင်းကတော့ ဘယ်ကြားမလဲ..။

အဲဒါကို မသိတဲ့ အေးအေးမင်းက.. သုံးမိနစ်စေ့လောက်တာနဲ့.. ရေပေါ်ဘွားကနဲ ခေါင်းဖော်ပြီး..

" သန်းထွန်း " လို့ အသားကုန်အော်တော့တာပဲ..။

သူ့ကို သက်သက်မဲ့ သန်းထွန်းက နှိပ်ကွပ်တယ်ဆိုတာကို နောက်တော့ အေးအေးမင်း သိသွားတယ်..။ ရေချိုးပြီးတော့လဲ.. ရေဆင်းချိုးတုံးကလို.. ရေလဲပုဆိုး ချွတ်လိုက်ပစ်လိုက်နဲ့.. တစ်ယောက်ပြီးတစ်ယောက်.. တက်ကြတယ်။ သန်းထွန်းက.. နောက်ဆုံးမှ တက်ရတယ်။ သူ့ရှေ့က အေးအေးမင်းတက်တယ်။ ရေလဲပုဆိုးချွတ်ပြီး သန်းထွန်းကို ပစ်ပေးရမှာကို အေးအေးမင်းက မပေးတော့ဘဲ.. အဖေခေါ် ခိုင်းတယ်။

အဖေမခေါ်ရင်.. ရေလဲပုဆိုးမပေးဘူးလို့ အကျပ်ကိုင်တယ်..။ ဆယ်မိနစ်လောက် သန်းထွန်းက ပေကပ်ကပ်လုပ်နေသေးတယ်..။ နောက်တော့.. ရေစိမ်ပွဖြစ်မယ့်ဒဏ် မခံနိုင်တာနဲ့ အဖေခေါ်လိုက်ရတယ်..။

1 comment:

Htanaung said...

"တက္ကသီလာ မြကျွန်းသာက.. အရူးမလက်ထဲက.. ထီးလို.. ဖွင့်လိုက်ပိတ်လိုက်နဲ့" ဆိုတာ မှန်လိုက်တာ ကိုနဗနရေ :D