Tuesday, May 13, 2008

9.3 အဆောင်ရှေ့မှာသီချင်းဆိုမယ်

မိန်းကလေးဆောင်ရှေ့ ညည သီချင်းသွားဆိုတဲ့ မမေ့နိုင်တဲ့ အတွေ့အကြုံတစ်ခု မျှဝေရဦးမယ်..။

ရန်ကင်းတောင်အရှေ့ဖက်.. ကျောင်းကနေ.. စနေ တနင်္ဂနွေဆို မန္တလေးမိန်းထဲ သွားလည်လေ့ရှိတယ်..။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်က ဆေးကျောင်းတက်နေတယ်..။ တစ်ခါတစ်လေ.. သူ့ဆီမှာ ည ၀င်အိပ်တယ်။

အဲဒီငနဲက ဂစ်တာတီးသိပ်ကောင်းတယ်။ ကျွန်တော်က ဗော်ကယ်မိုက်တယ်။ သိပ်အတွဲညီတယ်။ မန္တလေးမိန်း ပတ်ဝန်းကျင်က အမျိုးသမီးဆောင်တွေဆီ ဂစ်တာကိုင်ပြီး ညရှစ်နာရီခွဲလောက် ချီတက်ကြတယ်။ တခြားသူငယ်ချင်း သုံးလေးယောက်လဲ ပါတယ်။

အဲဒီနေ့ညက မီးပျက်နေတယ်။ ကိစ္စမရှိ..။ ထိုင်လို့ကောင်းမယ့်နေရာရွေးပြီး ဂစ်တာသံနဲ့ တေးကျုတယ်..။

"အိမ်နဘေးက သစ်ပင်မှာ ငှက်ဆိုးထိုးသံတွေ.. ကြားရတဲ့ အချိန်တိုင်းမှာ.. " ဆိုတဲ့ ထီးဆိုင်သီချင်းနဲ့ စဖွင့်တယ်..။ ဆက်တိုက် ဆိုတယ်..။ တစ်ပုဒ်နှစ်ပုဒ် သုံးပုဒ်.. ပြီးသာသွားတယ်.. အဆောင်ထဲက တုန့်ပြန်မှု မတွေ့ရဘူး..။ ကြည့်ရတာ.. အဆောင်ထဲက မိန်းမတွေ.. ကျွန်တော်တို့ ဂီတရေယာဉ်ကြောမှာ မျောပြီး အိပ်ပျော်သွားပြီနဲ့ တူတယ်လို့တောင်တွေးမိတယ်။

အဲဒါနဲ့ ခင်မောင်တိုး သီချင်းပြောင်းဆိုတယ်...။

" ဒီတစ်ညတော့ .. .. မင်းရင်ခွင်မှာ.. အိပ်ဖို့ရောက်လာပြီ.. အချစ်ကလေးရယ်.. တံခါးဖွင့်တော့လေ... "

အေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေး ဆိုနေတုံး.. အဆောင်တံခါး တစ်ချပ် ပွင့်လာတယ်..။ လူရိပ်တစ်ခု မြင်လိုက်ရတယ်။ ဓါတ်မီးရောင် ၀င်းကနဲ လက်သွားတယ်..။ ကျွန်တော်တို့အားလုံး .. ဟာ.. ကနဲ ဖြစ်သွား ခဲ့ကြတယ်။

ပြတင်းပေါက်မှာ ငနဲတစ်ကောင်က ပုဆိုးလှန်ပြီး သူ့ပစ္စည်းကြီးကို ဓါတ်မီးနဲ့ ထိုးပြနေတာကိုး...။

မိန်းကလေးဆောင်အထင်နဲ့.. အပီကြွေနေကြတဲ့ ကျွန်တော်တို့ တတွေ မောင်မင်းကြီးသား ဓါတ်မီးနဲ့ထိုးပြမှပဲ ယောက်ျားလေးဆောင်မှန်းသိတော့တယ်။

1 comment:

Unknown said...

ဟဟဟဟ..ဖြစ်ရလေဗျာ
အဆောင်မှားရတယ်လို့ 