Thursday, May 8, 2008

9.7 အလွမ်းမမ...ပန်းမမ

ရန်ကင်းတောင်ခြေမှာ.. ဇာတ်ရုံတစ်ရုံရှိတယ်..။ စားသောက်ဆိုင်တွေလဲ ပေါတယ်..။ တစ်လ နှစ်ကြိမ်လောက်တော့.. ရန်ကင်းတောင်ခြေဖက် ခြေဆန့်ပြီး အမူးသောက်ကြတယ်..။

မူးလာရင်.. ကျွန်တော်တို့အဖွဲ့ ပေါက်ကရလုပ်လေ့ရှိတယ်..။ ရန်တော့မဖြစ်ပါဘူး..။ ဇာတ်ရုံထဲမှာ.. တစ်ခါတစ်ရံ.. ဇာတ်တိုက်နေတဲ့.. ဇာတ်အဖွဲ့တွေရှိတယ်..။ ရွာသားတွေကလဲ.. ၀ိုင်းကြည့်နေကြတာပေါ့..။ ကျွန်တော်တို့က.. မူးပြီးရင်.. ဇာတ်တိုက်တဲ့ တီးလုံးနဲ့ ကွေးနေအောင် ၀င်ကကြတယ်..။ ဆိုင်းဆရာက ရပ်လိုက်ရင်.. မရဘူး.. ပြန်တီးပေးဆိုပြီး .. အတင်းကတာပဲ..။

မှတ်မှတ်ရရအရှိဆုံးကတော့... ကျွန်တော်တို့အဖွဲ့..မူးမူးနဲ့.. ၀ါးဆစ်ဗုံတီးပြီး ရွာထဲ လိုက်တောင်းကြတာပဲ..။

ဝါးဆစ်ဗုံတီးပြီးလိုက်တောင်းတဲ့.. လူတွေရှိတယ်..။ သူတို့ဆီကနေ.. ကျောင်းသားတွေပါ.. ခနငှားပါ..တောင်းရသမျှ.. ခင်ဗျားတို့ ပေးမယ်.. ခင်ဗျားတို့..အေးအေးဆေးဆေးနေခဲ့ကြပါ .. လို့ ပြောပြီး.. ရွာထဲ ချီတက်ကြတာပဲ..။

"အလွမ်းမမ ပန်းမမရယ်.. မမ ပန်းမကြိုက်မှန်းသိတဲ့.. ကောင်လေး ... .. ကြေကွဲ နေမြဲ မျက်ရည်ဝဲလည်လည်.." ဆိုတဲ့သီချင်းနဲ့.. ကျွန်တော်က.. ကတယ်..။ ငလုံးက.. ၀ါးဆစ်ဗုံတီးတယ်..။ ထွန်းလင်းဆိုတဲ့.. သဲတောဝမ်းတွင်းက.. သူဌေးသားက.. သီချင်းဆိုတယ်..။ ဒါပေမယ့် သူ့လက်မှာက.. နှစ်ကျပ်သားလောက်ရှိတဲ့.. ဟမ်းချိန်းကြီးက ပြူးလို့..။

တစ်ရွာလုံးကလဲ..အထူးအဆန်းကိုဖြစ်လို့ပေါ့..။ လာကြည့်ကြတာ.. မျောက်ဝိုင်းလားအောက်မေ့ရတယ်..။ ရုပ်ကလေးတွေက သနားကမား.. တချို့ကောင်တွေကလဲ.. လက်ဝတ်လက်စားတောက်တောက်ပြောင်ပြောင်နဲ့.. ဆိုတော့.. ဘာတွေလဲဆိုတဲ့.. စိတ်နဲ့ပေါ့..။ လူအုပ်ထဲကို.. ဖိုးမောင်က.. ဦးထုပ်ချွတ်ပြီး ပိုက်ဆံ လိုက်တောင်းတယ်..။

နောက်တော့.. ရပ်မိရပ်ဖတွေက.. လာရောက်မေးမြန်းပြီး.. ကျောင်းသားတွေမှန်းသိတော့.. တော်ကြ ပါတော့ကွယ်..တောင်းပန်ပါတယ် ဆိုပြီး.. ဖျောင်းဖျတာနဲ့.. ပြန်ခဲ့ကြတယ်..။

ရတဲ့ ပိုက်ဆံ လေးဆယ့်ခြောက်ကျပ်ကို.. ၀ါးဆစ်ဗုံသမားတွေကို.. ပေးခဲ့ကြတယ်..။

အခုတော့.. ဖိုးမောင်.. သေသွားတာတောင်.. တစ်နှစ်ကျော်သွားခဲ့ပြီပေါ့..။

No comments: