Saturday, May 10, 2008

9.6 ညီလေး..ခေါင်းနည်းနည်းလျှော်မယ်

ကျွန်တော်တို့က မန္တလေးစက်မှုတက္ကသိုလ်ရဲ့ ပထမအသုတ်ကျောင်းသားတွေဆိုတော့ နည်းနည်း ဗိုလ်ကျ ချင်ကြတယ်။ ကျောင်းမှာ စီနီယာ ကျောင်းသားကြီးများ စတိုင်နဲ့ပေါ့..။

တတိယနှစ်လောက်ရောက်တော့.. ကျောင်းသားဦးရေကလဲ နည်းနည်းများလာခဲ့ပြီ..။ အထူးသဖြင့် အမျိုးသမီးအလွန်နည်းတဲ့ကျောင်းဆိုတော့ ကျောင်းသားတွေပဲ များလာတာပါ..။ ရှိသမျှ ကျောင်းသူတွေကိုတော့ ကျွန်တော်တို့က သေချာသိတယ်..။ ဒီ မဒီကလေးက.. ဖရှက်ရှာကလေး.. ဒီဝတုတ်ကြီးက ဒုတိယနှစ်က နဲ့ .. မြင်တာနဲ့ သိတယ်..။

ဒါပေမယ့် ကျောင်းသားတွေကိုတော့ သေချာမသိတော့ဘူး..။ ကိုယ့်အတန်းတူ မဟုတ်ရင် ကျောင်းသားသစ်ပဲ လို့ အလွယ်မှတ်လိုက်ကြတယ်။ တစ်ရက် အဆောင်ရေကန်မှာ ငနဲတစ်ပွေ ရေချိုးနေတယ်..။ ခေါင်းလျှော်ရည်ဗူး.. မျက်နှာသစ် ခရင်မ်.. စတဲ့ ပစ္စည်းအပြည့်အစုံနဲ့ပေါ့..။

အဆောင်ရေကန်ကို.. ဘယ်ကျောင်းသားမှ.. ခေါင်းလျှော်ရည်ဗူး ယူမလာရဲဘူး..။ အားလုံးက.. ၀ိုင်းသမလိုက်ရင်.. ဗူးအခွန်ယူပြီး ပြန်သွားကြရတာချည်းပဲ..။ အခုလဲ.. ဘဲတစ်ပွေ.. ခေါင်းလျှော်ရည်ဗူးနဲ့.. ရေချိုးနေတာကို မြင်တဲ့.. ကျွန်တော်တို့အဖွဲ့.. ရေချိုးဖို့ ကမျောသောပါး ဆင်းလာကြတယ်..။

ရေကန်နားရောက်တော့.. ထိုပုဂ္ဂိုလ်ကို ကျွန်တော်တို့ မသိ..။ ကိစ္စမရှိ..။ ဂျုနီယာလေးနေမှာပဲ လို့ အားလုံးက တွေးလိုက်ကြတယ်..။ ပြီးရေစချိုးတယ်..။ ကျွန်တော်တို့ထဲက စိုးထွန်းက စပြီး.. "ညီလေး.. ခေါင်းနည်းနည်းလျှော်မယ် " ဆိုပြီး.. ခေါင်းလျှော်ရည်ဗူးကို ယူလိုက်တယ်..။

ငနဲက မျက်လုံး လှန်ကြည့်ပြီး.. "လျှော်" လို့.. ခပ်ပြတ်ပြတ်ပြောတယ်..။

ပြီးတစ်ယောက်ပြီးတစ်ယောက် ခပ်မြန်မြန် ခေါင်းလျှော်ကြတယ်...။ ငနဲကတော့.. ခပ်တည်တည်မျက်နှာပေးနဲ့ ရေဆက်ချိုးနေတယ်..။

ကျွန်တော့်အလှည့်ရောက်တော့.. ခေါင်းလျှော်ရည်ဗူးကို.. လက်လှမ်းရင်း .. "မင်းက ဘယ်ကလဲ ကွ.. " လို့ မေးလိုက်တယ်..။ မျက်နှာထားတင်းတင်းကြီးနဲ့ "ငါ.. ရန်ကုန်က " လို့ သူက ပြန်ဖြေတယ်..။

အဲဒီမှာ.. ပြဿနာပေါ်တော့တာပဲ..။ ကျွန်တော်တို့ ကျောင်းသားအများစုက.. မန္တလေးတောကြို တောင်ကြားက..ကျောင်းမှာ တက်နေရလို့.. အားလုံးက.. စိတ်အချဉ်ပေါက် နေကြတယ်..။ ဖြစ်နိုင်ရင် ရန်ကုန်ကျောင်းကို.. ပြောင်းချင်နေကြတယ်..။ အခုလို.. ရန်ကုန်ကျောင်းကနေ.. မန္တလေးကို.. ပြောင်းလာတဲ့ ငနဲကို.. အထူးအဆန်း သတ္တ၀ါ တစ်ကောင်လို ကျွန်တော်တို့အဖွဲ့က သဘောထားတယ်..။

"ဟာ... မင်းလောက်မိုက်တဲ့ကောင်.. မရှိဘူး... ဒီလို တောကြိုအုံကြား ကျောင်းကို .. မင်းမို့ ရန်ကုန်ကနေ ပြောင်းလာတယ်.. မိုက်လိုက်တဲ့ ကောင်.. "

လို့.. ကျွန်တော်တို့အဖွဲ့က..ပါးစပ်ကြီးအပြည့်နဲ့ ၀ိုင်းသမတော့တာပဲ..။ ဒါပေမယ့်.. အဲဒီငနဲရဲ့.. တုန့်ပြန်တဲ့ .. စကားတစ်ခွန်းက.. ကျွန်တော်တို့အားလုံးကို.. ကြက်သေသေသွားစေခဲ့တယ်..။

"ဟေ့ကောင် တွေ.. ငါက ဆရာကွ.." တဲ့..။

( လက်စသတ်တော့.. ရန်ကုန်က ရောက်လာတဲ့ ဆရာအသစ်ကလေးကိုး.. )

အဲဒီလိုမျိုး ဆရာကို ကျောင်းသားထင်တဲ့ ဇာတ်လမ်းမျိုးတွေက.. အလွန်ပေါတယ်..။ အထူးသဖြင့်.. ကျောင်း ပြန်ဖွင့်စအချိန်တွေ အဆိုးဆုံးပဲ..။

ရန်ကုန်ကပြောင်းလာတဲ့ ကျောင်းဆရာပေါက်စလေးတွေကလဲ.. ကျွန်တော်တို့နဲ့ အသက်အရွယ်က သိပ်မကွာဘူး..။ နောက်ပြီး ဖရက်ရှာကျောင်းသားလေးတွေကိုလဲ.. ကျောင်းဖွင့်စမှာ.. ကျွန်တော်တို့က မျက်မှန်းမတန်းမိသေးဘူး..။

သန်းငွေဆိုတဲ့ကျောင်းသားတစ်ယောက်ရှိတယ်..။ ကျွန်တော်တို့နဲ့ အတန်း အတူတူကျောင်းသားပဲ..။ ကျောင်းဖွင့်စမှာ.. သေတ္တာကြီးတစ်လုံးနဲ့ အဆောင်ဝင်တယ်...။ ငှားလာတဲ့ကားကို ပြန်လွှတ်လိုက်ပြီး အဆောင်ဆင်ဝင်အောက်မှာ.. သေတ္တာကြီးနဲ့.. ဒုက္ခရောက်နေတယ်..။ သူ့အခန်းက အပေါ်ထပ်မှာ..။ သေတ္တာကြီးကလဲ တစ်ယောက်တည်း မနိုင် .. ဖြစ်နေတော့.. ကူ မ ခိုင်းဖို့.. ဟိုကြည့်ဒီကြည့် လုပ်နေတုံး.. ငနဲ တစ်ကောင် စိုက်တိုက်စိုက်တိုက်နဲ့ ရောက်လာတယ်..။

ကြည့်လိုက်တော့.. အဲဒီငနဲကို သန်းငွေ မမြင်ဖူးဘူး..။ ဒါပေမယ့် ထုံးစံအတိုင်း.. မမြင်ဖူး .. ဖရက်ရှာပဲ ဆိုတဲ့အတွေးနဲ့.. "ဟေ့ ညီလေး.. တစ်ဖက်လောက် ကူညီကွာ.. ဒီသေတ္တာ အဆောင်ပေါ် တင်ချင်လို့.. " ဆိုပြီး .. နှစ်ယောက်သား သေတ္တာကြီး အတူမပြီး အဆောင်ပေါ် တင်ကြတယ်..။

အဲဒီညနေမှာပဲ.. ဆရာတစ်ယောက် သန်းငွေ တံခါးလာခေါက်ပြီး အဆောင်သာယာကြေး လာကောက်တော့မှ.. မနက်က သေတ္တာကူမခိုင်းလိုက်တဲ့ ငနဲ ဖြစ်နေတယ်..။

3 comments:

Summer Field said...

ဆရာကြီး ဦးဖိုးကျားရဲ့"အခမဲ့ ကူလီထမ်းခြင်း အကျိုး" ဆိုတဲ့ ခေတ်စမ်း ကိုယ်တွေ့ဝတ္ထုတိုလေး သွားသတိရမိတယ်..။

kyaw said...

ဟုတ်တယ်အကိုရေ...ကျွန်တော်ဂျီတီအိုင်တက်တော့လည်း ဆရာ ဆ၇ာမတွေ က အသက် မတိမ်းမယိမ်းလေ..နည်းနည်းဘဲကြီးတာ

zawmoe aye said...

Horse ခေါင်းလျော်ရည်ဇာတ်လမ်းကတော့ ဆရာ ဦးမောင်မောင်စိုး ပဲ။ ကိုသန်းငွေကို အခမဲ့ ကူလီထမ်းလိုက်ရတာတော့ ဘယ်သူမှန်းမသိဘူး။