Thursday, May 29, 2008

10.2 မင်းသမီးကို ဖက်ဖို့ရာ

ရွာမှာ.. ဆယ့်သုံးရပ်ကွက်ရှိတယ်..။ ဆိုင်ရာဆိုင်ရာ ရပ်ကွက်ဘုရားပွဲတွေမှာ.. တချို့ရပ်ကွက်ဆို.. ညလုံးပေါက်.. ဇာတ်ကတယ်..။

တကယ့်.. ပရော်ဖက်ရှင်နယ်အငြိမ့်တွေ ကတဲ့အတိုင်း ကကြတာပဲ..။

ညဦးပိုင်းမှာ.. ရပ်ကွက်သူကလေးတွေရဲ့ ယိမ်းထွက်တယ်..။ ပြီးတော့ စတိတ်ရှိုး..။ ပြဇာတ်က နောက်ဆုံးပဲ..။

မင်းသမီးကတော့.. မြို့တက်ငှားရတယ်..။ ပွဲမတိုင်မီ နှစ်ရက်အလိုမှာ မင်းသမီးက ရွာရောက်တယ်..။ အဲဒီရက်တွေမှာ.. ဇာတ်တိုက်ကြရတယ်..။ ပြဇာတ်မင်းသား လူကြမ်းအားလုံးက.. ရွာသားတွေချည်းပဲ..။ ရွာသား ပြဇာတ်ဒါရိုက်တာက.. ဇာတ်ညွှန်းချပြပြီး.. ရပ်ကွက်ထဲက.. အိမ်တအိမ်မှာ.. ဇာတ်တိုက်ကြတာပဲ..။

မင်းသမီးကို..ဘယ်အိမ်မှာ ထားမလဲ ဆိုတဲ့.. ကိစ္စကလဲ.. ရွာသားတွေကြား.. အတော်ကြီးတဲ့ ပြဿနာပေါ့..။ ဟိုလူကလဲ သူ့အိမ်ခေါ်ထားချင်.. ဒီလူကလဲ..သူ့အိမ်မှာ မင်းသမီးကို.. နေစေချင်နဲ့.. အတော့်ကို.. အငြင်းပွားလေ့ရှိတယ်..။

များသောအားဖြင့်တော့.. ရပ်ကွက်လူကြီးအိမ်မှာ.. မင်းသမီး နေရတယ်။

မင်းသမီး သိပ်သနားဖို့ကောင်းတယ်..။ ရပ်ကွက်ထဲက ကာလသားများရဲ့ အန္တိမ ရည်မှန်းချက်က.. မင်းသမီးကို.. တစ်ခါလောက်ဖြစ်ဖြစ် ဖက်ရဖို့ပဲ..။ ပွဲညမှာ.. မင်းသမီးငိုတယ်..။ ပြဇာတ်ထဲက ငိုခန်းမှာ မဟုတ်ဘူး..။ ပိတ်ကားနောက်မှာ..ငိုရရှာတာ..။

ပြဇာတ်ထဲမှာ.. မပါတဲ့ ကာလသားများကလည်း.. မင်းသမီးနဲ့ တွဲချင်ကြတယ်..။ ပွဲဖြစ်မြောက်ရေး ရန်ပုံငွေထဲမှာ အားလုံးက ထည့်ဝင်ကြရာတာဆိုတော့.. အခွင့်အရေးကို တန်းတူယူချင်ကြတယ်..။ နောက်ဆုံးတော့.. တေးသရုပ်ဖော် ဆိုပြီး .. မင်းသမီးနဲ့ မတွဲရ တွဲရအောင် ကြံကြတယ်။

ဘလိုင်းကြီးတော့ မဟုတ်ဘူး..။ ဟာသမြောက်အောင်လဲ.. လုပ်ကြတယ်..။ သူတို့ လိုဘပြည့်အောင်လဲ.. ဆင်ကြံကြံကြတယ်။

ပွဲညမှာ.. မောင်ဂဠုန်ရဲ့ "ချစ်လို့ " ဆိုတဲ့ သီချင်းနဲ့ ကိုကိုကာလသားများ စင်ပေါ်တက်လာကြတယ်။ မင်းသမီးက.. သူတို့အလယ်မှာပေါ့..။

"ဆံပင်တွေကို.. လေနဲ့မှုတ်မယ် .. ချစ်လို့ ချစ်လို့.. " ဆိုပြီး ကာလသား တစ်ယောက်က.. မင်းသမီးဆံပင်လေးကို.. လေနဲ့မှုတ်တယ်..။

နောက်တစ်ယောက်က... ကပ်ကြေး အကြီးကြီးနဲ့.. " လက်သည်းလေး ကိုယ်ညှပ်ပေးမယ်.. ချစ်လို့ ချစ်လို့.. " ဆိုပြီး မင်းသမီးလက်ကလေး ကိုင်ပြီး.. လက်သည်းညှပ်သယောင်.. လုပ်ပြတယ်..။

"ကြင်နာစွာနဖူးလေး နမ်းမယ်.. ချစ်လို့ ချစ်လို့ " ဆိုတဲ့ စာသားအရောက်မှာတော့.. မင်းသမီးခမျာ.. အတော်ရှောင်လိုက်ရတယ်..။ အောက်က ပုရိတ်သတ်ကတော့.. ပွဲကျနေတာပေါ့..။ သီချင်းဆုံးခန်းနီးမှာ.. မီးပြတ်သွားတယ်..။ ပုရိတ်သတ်ကတော့.. ရိုးရိုးထင်တာပေါ့..။ ဒါပေမယ့် မောင်မင်းကြီးသားများက.. ဆင်ကြံကြံပြီး မီးဖြတ်ပစ်လိုက်တာပဲ..။

ဇာတ်ခုံပေါ်မှာ.. မီးမှောင်တုံး မင်းသမီးကို..၀ိုင်းဖက်ကြတယ်..။

မီးပြန်လာတော့.. မင်းသမီးက ဇာတ်ခုံနောက်မှာ ငိုနေပြီ..။ မကတော့ဘူး..ပြန်မယ် ဆိုပြီး လုပ်လို့.. ရပ်ကွက်လူကြီးများက.. တောင်းပန်ကြတယ်။

နောက်တော့.. မင်းသမီးလဲ.. သည်းခံရ တစ်ညပေါ့ ဆိုတဲ့.. အတွေးမျိုးနဲ့ ဆက်ကဖို့ သဘောတူလိုက်တယ်။ (မင်းသမီး စိတ်ထဲ ဘယ်လိုရှိသလဲတော့ သေချာမသိပါဘူး.. ကျွန်တော်ကတော့ အဲဒီလို ထင်တာပဲ..။ )

No comments: