Saturday, February 9, 2008

4.3 ရေထမ်းသမားကျော်လွင်

စကားစပ်လို့ပြောရဦးမယ်။ ကျွန်တော်တို့ရွာက ဧရာဝတီမြစ်ဘေး မန္တလေးရွှေမြို့တော်ကြီးနဲ့ မလှမ်းမကမ်းမှာ ရှိတယ်။ ရွာမြောက်ပိုင်းရပ်ကွက်က တံငါသည်တွေ။ ရေလုပ်ငန်းနဲ့ အသက်မွေးကြတယ်။ မြစ်ကမ်းဘေးက ရပ်ကွက်ပေါ့။

သူတို့အိမ်သာတွေက တမျိုး။ အိမ်သာကျင်းမရှိဘူး။ ခြေတံရှည်အိမ်သာတွေပဲ။ နှစ်တိုင်းမြစ်ရေကြီးတဲ့အချိန် စုဆောင်းမိတဲ့ အညစ်အကြေးအားလုံး တက်ရေ ကသိမ်းကျုံးသန့်ရှင်းသွားတာပဲ။ ( ဝေါ့ )

အဲဒါကြောင့် ကျွန်တော်သူငယ်ချင်းတချို့ကအမြဲနောက်တယ်။ မင်းတို့က ပလုံရေသောက်တဲ့ ကောင်တွေတဲ့။ အိမ်သာကျင်းမရှိ.. အောက်မှာ မြစ်ရေပဲရှိတော့.. အိမ်သာတက်နေတဲ့အချိန် စိန်မွှတ်တား လက်သံ စမ်းနေသလိုပဲ။ "ပလုံ ပလုံ" နဲ့ပေါ့ဗျာ။

အဲဒါကြောင့် မြစ်ရေသောက်တဲ့ ကျွန်တော်တို့ကို ပလုံရေသောက်တဲ့ကောင်တွေလို့ ခေါ်ခံထိတာ။ ဒါပေမယ့် ခင်ဗျားတို့မယုံမရှိနဲ့ မြစ်ရေသောက်ကျင့်ရှိတဲ့လူ ကျန်တဲ့ရေ မတိုးတော့ဘူး။ မြစ်ရေက သိပ်ကောင်းတာ။ (ဝေါ့...)

တစ်ရွာလုံး သောက်ရေက မြစ်ရေပဲ။ လူတိုင်း မြစ်ရေပဲသောက်တာ။ ရွာမှာ မြစ်ရေထမ်းရောင်းတဲ့ လူတန်းစား တစ်ရပ်တောင်ရှိတယ်။ အဲဒီလောက် မြစ်ရေက တွင်ကျယ်တယ်။

ရေထမ်းရောင်းသူများအကြောင်းဆိုလို့ ပြောရဦးမယ်။ ရွာမှာ မြစ်ရေထမ်းပြီးရောင်းတဲ့ ကျော်လွင်ဆိုတာရှိတယ်။ ရွာကလူတွေ သိပ်သနားဖို့ကောင်းတယ်။ ကျွန်တော့်အမြင်နဲ့ ပြောတာပါ။ သူတို့ဘ၀သူတို့တော့လဲ ပျော်နေဟန်ရှိပါတယ်။

မြစ်နဲ့ ရွာအရှေ့ပိုင်းကအိမ်တွေဆိုရင် တစ်မိုင်ပျော့ပျော့လောက်ဝေးတယ်။ ရေတစ်ထမ်း သုံးကျပ်ပဲရတယ်။ ခမျာများမှာ ခါးချိအောင်ထမ်းကြရတယ်။ ကံကောင်းချင်တော့ ကျော်လွင်ထီပေါက်တယ်။ သုံးသိန်းဆု။ အဲဒီတုံးက သုံးသိန်းက ကားတစ်စီးဝယ်လို့ရတယ်။

ကျော်လွင်က ထီပေါက်တဲ့ ပိုက်ဆံနဲ့ စက်ဘီးဝယ်လိုက်တယ်။ အခုအချိန်ကစပြီး ရေထမ်းမရောင်းတော့ဘူးတဲ့။ စက်ဘီးနဲ့ပဲ ရေသယ်ရောင်းတော့မယ်တဲ့။ တကယ်လည်း ဧရာဝတီမြစ်ကို စက်ဘီးနဲ့သွား။ စက်ဘီး ဘေးတစ်ဖက်စီမှာ ရေပုံးနှစ်ပုံးချိတ်ပြီး ရေရောင်းတာပဲ။

ကျော်လွင်ထီပေါက်တဲ့ပိုက်ဆံနဲ့ ရေသယ်ရောင်းနေတာကို မြင်တဲ့ ၀ါးထောင်ပိုင်ရှင် ကိုစိုးမြင့်က စုပ်တသပ်သပ်နဲ့။ "ကျော်လွင်တို့များ တုံးပါ့.. ငါ့မှာသာ သုံးသိန်းရှိလို့ကတော့.. ၀ါးထောင်ကို တိုးချဲ့ပစ်လိုက်မယ်.. " တဲ့ဗျား။

ရွာကလူတွေ သနားဖို့ကောင်းတယ်ဆိုတာ.. အဲဒါပြောတာ..။ ကျွန်တော့်မိတ်ဆွေတစ်ယောက် ပြောနည်းပြောရရင်.. ၀ါးလုံးခေါင်းထဲက ဖားတွေ .. တဲ့။

"ဟာ.. နွားခြေရာခွက်ထဲက ဖားသူငယ်.. ဒါမှမဟုတ် ၀ါးလုံးခေါင်းထဲ လသာ လုပ်ပါ" လို့ ကျွန်တော်ကပြန်ပြောတော့..

"သိတယ် .. အဲဒီစကားပုံနှစ်ခုကို သက်သက်မဲ့ပေါင်းစပ်ပြီးပြောလိုက်တာတဲ့.."

ဝါးလုံးခေါင်းထဲက ဖား က ပိုဆိုးသတဲ့။

ရေထမ်းရောင်းတဲ့ ကျော်လွင်ရဲ့အဖေက ဦးခရမ်းလို့ခေါ်တယ်။ ဦးခရမ်းကိုလဲ ရပ်ကွက်ထဲက ကလေးတွေက ဦးစိန်လှကို စနည်း စကြတယ်။ ဦးခရမ်းအိမ်ရှေ့ရောက်တာနဲ့ ကလေးတွေက.. "လမ်းခရီး နီးသလား" "လမ်းခရီး ဝေးသလား" နဲ့ အော်ပြေးကြတယ်။

ဦးခရမ်းက သိပ်ကျပ်မပြည့်ဘူး။ ရွာမှာ ဦးကံညွှန့်ဆံပင်ညှပ်ဆိုင်ဆိုတာ ရှိတယ်။ ဦးကံညွှန့်က ဆိုင်သိပ်မကပ်ဘူး။ ဆံပင်ညှပ်ချင်တဲ့သူက ဦးကံညွှန့်ဆိုင်မှာ မရှိရင် ဆိုင်ထဲက သံချောင်းကို ငါးချက်ခေါက်ရတယ်။ သံခေါင်းခေါက်သံ ငါးချက်ကြားတာနဲ့ ရောက်ရာအရပ်က ဦးကံညွှန့်အမြန်ပြန်လာတယ်။

ကျော်လွင်ငယ်ငယ်တုံးက ဦးခရမ်းက သူ့သားကိုဆံပင်ညှပ်ဖို့ ဦးကံညွှန့်ဆိုင် ခေါ်သွားတယ်။ ဆိုင်ရောက်တော့ ဦးကံညွှန့်က မရှိဘူး။ အဲဒါနဲ့ ဦးခရမ်းက သံချောင်းခေါက်တယ်။ ငါးချက်ပဲ ခေါက်ရမှာကို အားပါးတရ အချက်တစ်ရာလောက် မရပ်မနားခေါက်ပစ်လိုက်တယ်။ တစ်ရွာလုံး မီးလန့်တယ်ထင်ပြီး အုံးအုံးကြွက်ကြွက်ဖြစ်သွားတော့တာပဲ။ :D

No comments: