Tuesday, February 5, 2008

4.6 ဘရွှေရောက်နဲ့ ဇီးကွက်မ

စကားစပ်လို့ ဦးကျော်အောင်အဖေ ရီမာ့အဖိုး ဘရွှေရောက် အကြောင်းပြောရဦးမယ်။

ဘရွှေရောက်မိန်းမ ဒေါ်သန်းရင်က သေသွားတာကြာပြီ။ သားဖြစ်သူ ဦးကျော်အောင်တို့နဲ့ အတူနေတယ်။ လယ်တွေအတော်များများပိုင်တော့ စီးပွားရေးက ရွာအလျောက် တောင့်တင်းတယ်ပြောရမှာပဲ။ ပြဿနာက ဘရွှေရောက်က အသက်ရှစ်ဆယ်နားနီးမှ ပဲပြုတ်သည် ဇီးကွက်မကို ယူမယ်လုပ်တယ်။ သားနဲ့ချွေးမလုပ်တဲ့ ဒေါ်ခင်တင့်တို့က ၀ိုင်းတာတာပေါ့။

"အဖေရယ်.. ဒီအသက်ရောက်နေပါပြီ.. မသင့်တော်ပါဘူး.." လို့ ဦးကျော်အောင်က တားရှာတယ်..။

"သားတို့သမီးတို့ကို အားနာလှပြီ... အိုကြီးအိုမ ပြုစုရတာလဲ မလွယ်ဘူးလေ.. ဆေးပေးမီးယူ လေးတစ်ယောက်လောက် သက်သက်ရှိမှ ဖြစ်မှာ.. " လို့ ဘရွှေရောက်က.. လေပြေလေးနဲ့ သူလုပ်ချင်ရာလုပ်ဖို့ ကြိုးစားတယ်။

"ဟာ.. အဲဒါလဲ မပူနဲ့.. အဖေ့ကို သမီးတို့ ပြုစုမှာပေါ့.. အဖေ့ဝန်တာ ဘာကြီးတာမှတ်လို့.. မိဘကို ပြုစုရတာ သမီးတို့အတွက်တော့ ကြီးမားအဖိုးတန်တဲ့ အခွင့်အရေးပဲ.. " နဲ့.. ဒေါ်ခင်တင့်ကပါ.. ၀င်ပြောတယ်။

ဦးကျော်အောင်ကလဲ.. "ဟုတ်သားပဲ အဖေရာ အဖေလိုချင်တာ အဖေဖြစ်ချင်တာဟာ ပြော.. သားတို့ ဖြည့်ဆည်းပေးမှာပေါ့.. " လို့ ပြောတော့..

"အေး. စားဝတ်နေရေး မင်းတို့ တာဝန်ယူနိုင်တယ်ဆိုတာ.. ငါလက်ခံတယ်.. ဒါပေမယ့် ငါ့ရဲ့ ကာမဆန္ဒ ကရော..." လို့ ဘရွှေရောက်က ဒေါကြီးမောကြီး နဲ့ ပြောမှ အားလုံးငြိမ်သွားတယ်။ နောက်တော့ ဇီးကွက်မနဲ့ အဟုတ်ညားသွားတယ်။ အသက်က ငါးဆယ်လောက်တောင် ကွာတယ်။

ဇီးကွက်မက ဘရွှေရောက်ကို ယူတော့ တစ်ရွာလုံးက မေးငေါ့ကြတယ်။

ငွေမက်လို့ယူလိုက်တာနေမှာတဲ့...။ ဇီးကွက်မကလဲ ရှင်းရှင်းပဲ။ ဟုတ်တယ် ငွေမက်လို့ယူတာ ဘာဖြစ်လဲ... ဇီးကွက်မ ငွေမမက်အောင် ပဲပြုတ်ကို လက်ငင်းဝယ်စားတဲ့ လူ ဘယ်နှစ်ယောက်ရှိလို့လဲ.. ဇီးကွက်မငွေမက်တာ.. တစ်ရွာလုံးမှာလဲ အပြစ်ရှိတယ် .. လုပ်လိုက်မှ အသံတိတ်သွားကြတယ်...။

ဇီးကွက်မက အသက်ကသုံးဆယ်လောက် ခပ်ညိုညိုခပ်တုတ်တုတ် ခပ်ကြမ်းကြမ်းထဲကပါပဲ။ မနက်ခင်း ပဲပြုတ်လည်ရောင်းရင် တစ်ရွာလုံးက ညနေမှယူဆိုပြီး အကြွေးမှတ်လိုက်တယ်။ ခမျာများမှာ ညနေတစ်ခေါက် အကြွေးတောင်း ရွာလည်ရတယ်။

မောင်ကျင်ဆိုတဲ့ အရက်သမားက ပဲပြုတ်ဖိုးကို အခန်းထဲခေါ် ကုတင်ပေါ်မှာပေးမယ်လုပ်လို့ ဟော်လေးတကြိုးကြိုး ဖြစ်သွားသေးတယ်။

ဇီးကွက်မ ဘရွှေရောက် နဲ့ယူမယ်ကြားတော့ သူ့ရည်းစား မြင့်ဟန်အသဲကွဲပါလေရော။ မင်္ဂလာမဆောင်ခင် ညမှာ အသံချဲ့စက်ငှားပြီး တစ်ညလုံး "သူများနဲ့ညားတဲ့ ငါ့ရည်းစား" သီချင်းကို ဆိုင်းမပါဗုံမပါ ကဗျာလွတ် အော်တော့တာပဲ။ ရွာမှာ အဲဒီအကျင့်ရှိတယ်။ အသံချဲ့စက်ငှားပြီး သီးချင်းတွေကို.. မိုက်နဲ့ အလွတ်အော်ဆိုကြတာပဲ။ ကာရာအိုကေအစ ကျွန်တော်တို့ရွာကလို့တောင် ပြောရမယ်ထင်တယ်...။

လူတွေကတော့ ထုံးစံအတိုင်း မြင့်ဟန်ရဲ့ သူများနဲ့ညားတဲ့ ငါ့ရည်းစားသီချင်းကို ကြားတော့ ၀ိုင်းသနားကြတာပေါ့..။ ဇီးကွက်မကိုလဲ ကွယ်ရာမှာ အပြစ်ဖို့ကြတယ်...။

ခုနှစ်အိုရှစ်အိုကြီးယူတဲ့ မိန်းမ... ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်မှာ.. ကြည့်နေ..။ လို့ အတင်းချတာ.. ဇီးကွက်မကြားသွားတော့ .. အမယ်လေး မြင့်ဟန်ကရော ဘယ်လောက်သက်ဆိုးရှည်မှာမို့လို့လဲ.. ဒီလောက် သောက်စားနေတာ.. ဘရွှေရောက်နဲ့ကမှ ကြာကြာပေါင်းရအုံးမယ်.. မြင့်ဟန်ယူရင် ထမင်းငတ်တာ အဆစ်ပါဦးမယ် လို့ တုန့်ပြန်တယ်။

တကယ်လဲ မြင့်ဟန်က ဘရွှေရောက်ထက် အရင်သေသွားတယ်။ ရွာကချက်အရက်တွေ ကလဲ သိတဲ့အတိုင်း ဖားပြုပ်ခြောက်ထည့်ချက်တာနဲ့ ရာဘာဖိနပ်ထည့်ချက်ထားတာတွေ ဆိုတော့ ပြင်းသလားမမေးနဲ့။ (အရက်ချက်တဲ့အကြောင်း နောက်မှ ပြောမယ်... )

No comments: