Wednesday, February 6, 2008

4.5 ချဲကြိုက်တဲ့ ဘုန်းဘုန်း

ဦးစိန်ကျော်အကိုက ဘုန်းကြီး။ အရှင်သီရိန္ဒ လို့ ဘွဲ့မည်ရှိတယ်။ ညီအကိုချင်း တည့်သလားဆိုတော့ တစောင်းစေးနဲ့ မျက်ချေးလိုပဲ။ ဦးစိန်ကျော်ကလဲ ဂျစ်တစ်တစ်နဲ့ ဆိုတော့.. ပိုဆိုးတာပေါ့။

ဘုန်းကြီးတွေနဲ့ စကားပြောရင် "တင်ပါ့ ဘုရား" လို့ စကားထောက်ရတယ်။ ဒါပေမယ့် ဦးစိန်ကျော်က သူ့အကို ဘုန်းကြီးနဲ့ စကားပြောရင် "တင်ပါ့သံဃာ" လို့ ပဲ ပြောတယ်။

ကိုယ်တော်က ဘုရား မှမဟုတ်တာ .. သံဃာပဲ။ ဒါကြောင့် တင်ပါ့ သံဃာပဲ ပြောနိုင်မယ် တဲ့။ ဒါပေမယ့် ကျွန်တော်နဲ့ အဲဒီဘုန်းကြီးနဲ့ကတော့ အတော့်ကို ခင်ခင်မင်မင်ရှိတယ်။ သူ့ကျောင်းထဲမှာ ရေတွင်းရှိတယ်။ အိမ်သုံးရေအတွက် အဲဒီရေတွင်းက ရေခပ်ရတယ်။

ကျွန်တော်ရေထမ်းနဲ့လာတာတွေ့ရင်.. လာဦး လို့ အဲဒီဘုန်းကြီးက အမြဲခေါ်တယ်။ သူ့ကိုအရင် ၀ပ်ချကန်တော့ရတယ်။ ပြီးမှ.. သူ့အိပ်မက်ကို နားထောင်ရတယ်။ အဲဒီဘုန်းကြီး နေ့ခင်းကြောင်တောင် တောင် အိပ်မက်မက်တယ်။

တစ်ခါတုံးကလဲ မှန်ဘီလူးကြီးနဲ့ အလုပ်ရှုပ်နေတယ်။ ကျွန်တော်ရောက်သွားတော့ ကြည့်စမ်းပါဦး မင်းဘယ်လိုထင်လဲ လို့ သူကြည့်နေတဲ့ ဟာကို ပြတယ်။ ယိုးဒယား ထီးချိုင်းဖြစ်နေတယ်။ ဒီနေရာကို ဘယ်လိုထင်လဲဆိုပြီး ဓါတ်ပုံထဲကယိုးဒယားမရဲ့ မတော်ရာကို ထောက်ပြတယ်။

မဆိုးပါဘူး လှသားပဲ.. လို့ ကျွန်တော်ကပြန်ပြောတော့.. ငါ့လခွီးတဲ့မှ... ဂဏန်းမေးတာကွလို့.. ဟောက်တယ်။

ဒီတစ်ပတ်သုံးထိပ်စည်း သေချာတယ်။ ဆယ့်တစ်ဘရိတ် ထွက်လိမ့်မယ်။ ကဲကြည့်.. ငါတွက်ပြမယ်ဆိုပြီး အိုင်းစတိုင်းရဲ့ အီကွေးရှင်းကတောင် အရှုံးပေးရလောက်တယ်။ တွက်လိုက်တာ။

ထိုးစမ်းကွာ။ မင်းမို့လို့ ဒီအကွက်ပေးတာ။ သေချာပေါက်ကို ပေါက်ရမယ်။ လို့ မြှောက်ပေးတော့တာပဲ။

ကိုယ်တော် အဲဒီလောက်သေချာနေရင် ကိုယ်တော်တ၀က်စိုက်လေ။ တပည့်တော်နဲ့အတူတူ ထိုးတာပေါ့ .. လို့ ကျွန်တော်က ပြန်ပြောတော့.. မင်းနဲ့ငါနဲ့ ကံမစပ်ဘူးကွ... တဲ့။ ကိုယ်တော်ပဲ ဟိုတစ်နေ့တုံးကတော့ မင်းနဲ့ငါနဲ့ နေ့တူနံတူ စီးပွားရေးအတူလုပ်ရင် ကြီးပွားမှာဆို.. လို့ နည်းနည်းကလိပေးလိုက်တော့...

ဒါက လောင်းကစားကွ.. စီးပွားရေးမှ မဟုတ်ဘဲ... မထိုးချင်လည်းနေကွာ... ငါက မင်းကို မ ချင်လို့ပေးတာ.. အခွင့်အရေးကို မယူတတ်တဲ့ လူမိုက်... လို့ကောင်းချီးပေးတော့တာပဲ။

ကိုယ်တော်ပြောလဲ ခံရမှာပဲ။ တပည့်တော် ပိုက်ဆံမရှိလို့ပါ။ ကိုယ်တော့် အကွက်ကို မယုံလို့ မဟုတ်ပါဘူး။ ဘာညာ နဲ့.. ပြန်ချော့ရတယ်။

ပိုက်ဆံမရှိရင် ငါချေးမယ်... ဆိုပြီး လုပ်ပြန်ရော။ ကျွန်တော်လဲ နည်းနည်း အမြင်ကတ်လာတာနဲ့ အဲဒါဆို.. ပေး.. လို့ ပြောတော့.. သင်္ကန်းတစ်စုံယူသွား.. ဒေါ်ပုဆိုင်သွားရောင်းလိုက် တဲ့..။ သူ့သင်္ကန်းတွေကို ကျွန်တော်က ရောင်းပေးနေကျ။ တစ်ခါတစ်လေ များရင် မြို့တက်ရောင်းပေးရတယ်။

တစ်ခါတုံးကလဲ..
"ကျောင်းမှာ အုတ်ကန်လေးလုပ်ချင်တယ်.. တကာတကာမတွေကိုလဲ အပူမကပ်ချင်ဘူး.. ကထိန်သင်္ကန်းလေး ငါးစုံရှိတယ်.. အဲဒါမနက်ဖန် မြို့တက်ပြီး သွားရောင်းပေးပါဦး..." ဆိုလို့ သွားရောင်းပေးရသေးတယ်...။

ဒါပေမယ့် အဲဒီအုတ်ကန် အခုအချိန်အထိ.. အဲဒီကျောင်းမှာ မရှိသေးဘူး။

ကျွန်တော်လဲ ကျောင်းထဲရောက်တိုင်း ဘုန်းကြီးကို မေးတယ်။ ကိုယ်တော် .. အုတ်ကန် မလုပ်သေးဘူးလား လို့...။ ဘိလပ်မြေနဲ့ အုတ်ဈေးတွေ တက်နေတယ်ကွ.. နောက်မှ လုပ်တော့မယ် လို့ အမြဲပြောတယ်။

ကြည့်ရတာ.. ကိုယ်တော် ချဲတွေ ကြိတ်ထိုးလိုက်လို့ သင်္ကန်းရောင်းရငွေလေး ကုန်ပြီနဲ့တူတယ်.. လို့ ကျွန်တော်ကပြောတော့.. "မင်းလျှောက်မပြောနဲ့ ရွာထဲက တကာတကာမတွေ ကြားရင် ငါသိက္ခာကျတယ်... တိတ်တိတ်နေ .. " မျက်ထောက်နီကြီးနဲ့ ဟောက်တော့တာပဲ။

No comments: