Tuesday, February 19, 2008

5.2 ဗိုလ်ကုရဲ့ ချိန်းတဲ့ည

ဘရွှေရောက်က ဇီးကွက်မ ယူလို့ဆိုပြီး မြေးလုပ်တဲ့ ရီမာ က အိမ်ပေါ်က ဆင်းသွားတယ်။ ရှက်လို့တဲ့..။ တကယ်က သူ့အိမ်မှာနေရင် ဗိုလ်ကုနဲ့ ချိန်းတွေ့ဖို့ မလွယ်တာကြောင့်ပဲ။ အကြောင်းရှာတာပေါ့..။ ဗိုလ်ကုနဲ့ ရီမာကြိုက်နေတယ်လို့ သတင်းသန့်သန့်ထွက်တော့ ရီမာကို ကြိုက်နေတဲ့ မြင့်ဦးက အရက်မူးအောင် သောက်ပြီး ရပ်ကွက်ပတ်ဆဲတယ်။ နာမည်တော့ မတပ်ဘူးပေါ့..။

"ရပ်ကွက်ထဲက အပျိုတွေက.. သိမ်ဝင် ( အ၀ှာ ) မှ အထင်ကြီးတယ်.. ငါတို့မှာလဲ ပါ ပါ တယ်ဟ... " ဆိုပြီးတော့ပေါ့။ ဦးဇင်းရဟန်း ဆိုတာ သိမ်ဝင်ထားရတာကိုး။

ဘရွှေရောက် ဇီးကွက်မနဲ့ယူလို့ဆိုပြီး ရီမာက အတော်ပိုတဲ့မော်ချိုတို့အိမ် မှာ နေတယ်။ မော်ချိုတို့အိမ်က ဗိုလ်ကုကျောင်းနဲ့နီးတယ်။

ဗိုလ်ကုနဲ့ကျွန်တော်က.. ညတိုင်းတီဗွီသွားကြည့်တယ်။ တစ်ရွာလုံးမှ တီဗွီက တစ်လုံးထဲရှိတယ်။ ဘာလာလာ ဘာလွှင်လွှင့် ထိုင်ကြည့်ကြတယ်။ သတင်းလဲ ထိုင်နားထောင်နေကြတာပဲ။ တစ်ယောက် ငါးမူးပေးရတယ်။ ဗိုလ်ကုက အလကားကြည့်ရတယ်။ သူက ဘုန်းကြီးကိုး။ ဦးဇင်း တီဗွီကြည့်သွားမလို့လား လို့ မေးရင် ဗိုလ်ကုက မကြိုက်ဘူး။ တီဗွီ ဘုန်းပေးမလို့.. ဗျ.. လို့ မေးတဲ့ တကာတကာမတွေကို ပြန်ပြန်ပြောတယ်။

ရုံထဲမှာ ထိုင်ခုံတွေဘာတွေ မရှိပါဘူး။ မြေကြီးပေါ်ဖိနပ်ခုထိုင်ပြီး ကြည့်ကြတာပဲ။ ရီမာနဲ့ မော်ချိုကလဲ နေ့တိုင်းလာကြည့်တယ်။ ဗိုလ်ကုနဲ့ရီမာက အကြည့်ချင်းဆုံ ရင်တွေတုန်ဖင်တွေခုန်ပေါ့။ တီဗွီကလာတာ တစ်ခုမှ သူတို့မကြည့်ဘူး။

တစ်ခါတစ်လေ တီဗွီကအပြန်မှာ ချိန်းတွေ့ကြတယ်။ ဘုန်းကြီးကျောင်းအပြန်လမ်းက မော်ချိုတို့ ခြံစည်းရိုးဘေးက ဖြတ်ပြန်ရတယ်။ တိတိကျကျပြောရရင် မော်ချိုတို့ အိမ်သာရှိတဲ့ ခြံစည်းရိုးဘေးက ဘုန်းကြီးကျောင်း အ၀င်လမ်းပဲ။ ရီမာက ခြံစည်းရိုးအတွင်း အိမ်သာဘေးကနေရပ်ပြီး စကားပြောတယ်။ ဗိုလ်ကုက လမ်းမဖက်ခြမ်းကနေ တွတ်တီးတွတ်တာ လုပ်တယ်။ ရွာကအိမ်သာတွေက ကျင်းကြီးတွေနဲ့ပေါ့။ ယင်လဲမလုံ ဘာမှမလုံဘူး။ လေအဝှေ့မှာ ရနံ့တသင်းသင်းနဲ့ပဲ။ တစ်ချက်တစ်ချက် အရမ်းနံတယ်။ ဒါပေမယ့် သူတို့နှစ်ဦးကတော့ အရမ်းပျော်နေကြတယ်။

ရီမာက ဗိုလ်ကုကို .. ကိုလေး .. လို့ ခေါ်သဗျ။ ဗိုလ်ကိုကလဲ အမာ.. တဲ့။

တစ်နေ့မှာ ကျွန်တော်လဲ ဗိုလ်ကုကို နောက်ချင်တာနဲ့ .. ရီမာက မှာလိုက်တယ်.. ဒီနေ့ည တွေ့ချင်တယ်.. လို့ ဗိုလ်ကုကို ပြောလိုက်မိတယ်။ ဘယ်အချိန်လို့ ပြောလဲ လို့ ဗိုလ်ကုမေးတာကို.. ပြီးပြီးရော ညနှစ်ချက်တီး..လို့ ပြန်ပြောလိုက်တယ်။ ကျွန်တော်ကတော့ ညနှစ်ချက်တီးဆိုရင် ဗိုလ်ကုသွားမှာမဟုတ်တော့ဘူးလို့ ထင်တာ။

ဒါပေမယ့်... "အမာက ၀ီရိယ အရမ်းကောင်းတယ်.. ချိန်းတဲ့အချိန်ထက် အမြဲစောရောက်နေတာ... လာလိုက်ခဲ့..သွားကြမယ်.." ဆိုပြီး ညဆယ့်တစ်နာရီလောက်ကတည်းက.. ဓါးလှံကြီးကိုင်ပြီး.. ရှေ့က ချီတက်တော်မူတယ်။ လကွယ်ညဆိုတော့ မှောင်မှည်းနေတာပေါ့။ ဗိုလ်ကုကတော့ အိမ်သာနား ခြံစည်းရိုးမှာ ဖားပျံကပ်နည်း ကပ်နေတယ်။ စူးရှတဲ့ မျက်ဝန်းအစုံနဲ့ မမှိတ်မသုန် အိမ်ထဲက ထွက်လာမယ့် အရိပ်ကို စောင့်မျှော်နေတယ်။

ကျွန်တော့်မှာတော့ သူဖြစ်ပျက်နေတာကို ကြည့်ပြီး နောက်တာပါကွာလို့ လဲ မပြောရဲတော့ဘူး။ သူက အဟုတ်ကြီးကို ထင်နေတော့ နောက်တာလို့ သိသွားရင် ကျွန်တော့်ကို ဆော်တော့မှာ။

အဲဒါနဲ့ပဲ ဆောင်းလေတဖြူးဖြူး ချမ်းချမ်းစီးစီးကြီးထဲ.. အိမ်သာနံလေး တသင်းသင်းနဲ့ .. အောင့်အီး နေရတယ်။ ကံကောင်းတာလား ကံဆိုးတာလားတော့ မသိဘူး။ ဗိုလ်ကုက လာပြီ ဆိုပြီး အိမ်သာနားက အချက်ပြတယ်။ တကယ်လဲ မည်းမည်း မည်းမည်းနဲ့ လူတစ်ယောက် အိမ်သာနားကို လာနေတာ ၀ိုးတ၀ါးမြင်ရတယ်။

ဒါပေမယ့် အဲဒီလူက အိမ်သာထဲ တန်းဝင်သွားတယ်။ ပြီးတော့ အမှန်အကန်ကို အညစ်အကြေးတွေ စွန့်ထုတ်နေတော့တာပဲ။ အသံပေါင်းစုံအနံပေါင်းစုံပေါ့ဗျာ။
ဗိုလ်ကုက စိတ်မရှည်ဘူး။ သူတို့ချင်းအချက်ပေးနေကျပုံစံအတိုင်း ပါးစပ်ကို ပွစိပွစိလုပ်ပြီး... "ရှုး.. ပလွတ်ပလွတ် .. ပြွတ်ပြွတ် " နဲ့ အသံပေးတယ်။

အထဲကလူက ငြိမ်နေတော့ ဗိုလ်ကုက အားမလိုအားမရနဲ့ "အမာ.. ကိုလေး ပါ .. ဗိုက်မကောင်းဘူးလား အစားမှားလို့ လား" လို့ ပြောလိုက်ကာမှ..

"အမလေး လုပ်ကြပါဦး... လူ လူ... ခြံစည်းရိုးနားမှာ လူကပ်နေတယ်.." ဆိုပြီး မော်ချိုအမေ ဒေါ်မြသန်းကြီး.. အိမ်သာထဲက အူယားဖားယားထွက်ပြေးရော။ ကျွန်တော်တို့နှစ်ယောက်လဲ... ကျောင်းကို တချိုးတည်းပြန်ပြေးခဲ့ရတယ်။

နောက်တော့ ဗိုလ်ကု လူထွက်ပြီး သူ့ဇာတိရွာပြန်သွားတယ်။ လူဝတ်ကြီးနဲ့ ရီမာကို သုံးလေးခေါက် လာခိုးဖို့ကြိုးစားတယ်။ နောက်ဆုံးအခေါက်မှာ ရီမာလိုက်သွားတယ်။

No comments: