Thursday, January 3, 2008

1.2 ကျွန်တော့်ဘ၀ နိဒါန်း

ငယ်ငယ်တုံးက ကျုပ်တွေ့မြင်ရတဲ့ တောင်တစ်လုံးကို ကြည့်ပြီး အဖေ့ကို ဒီလောက်များတဲ့ မြေကြီးတွေ ဘယ်သူတွေက ဘာလို့ လာပုံထားတာလဲလို့ မေးဖူးတယ်။ တစ်ခါကလဲ အဖေနဲ့အတူ ဦးပိန်တံတားပေါ် လျှောက်နေရင်း ဦးပိန်တံတား ဆောက်တုံးက သံဘယ်နှချောင်း ကုန်ခဲ့သလဲလို့မေးလို့ အငေါက်ခံရဘူးတယ်။

ကျောင်းက ဆရာ ဆရာမတွေကတော့ ကျောင်းစာနဲ့ မဆိုင်တာတွေကို မမေးရဘူးလို့ ကျုပ်ကိုပြောထားတယ်။ အလိုက်ကန်းဆိုး မသိတဲ့ကလေးလို့ ဆရာတွေက ကျုပ်ကိုချီးမွမ်းတယ်။ စာသင်ခန်းထဲမှာ ဆရာမဆိုးနေတဲ့ လက်သည်းနီပုလင်း ဘယ်လောက်ပေးရလဲ မေးလို့ အဲဒီလိုအငေါက်ခံရတာပဲ။

ကျုပ်သူငယ်တန်းမှာ ဆရာကန်တော့ပွဲကြေး ကောက်တော့ ဆရာတွေကို ဘာလို့ ကန်တော့ရတာလဲ ပြန်မေးတာကြောင့် ဒီကလေး သိပ်ရိုင်းတယ်လို့ သူတို့ကပြောတယ်။

ဒါပေမယ့် ဆရာမတွေကြားထဲမှာ ဒေါ်မူမူလို့ခေါ်တဲ့ဆရာမကိုတော့ ကျွန်တော်ချစ်တယ် သူက ကျန်တဲ့ဆရာမတွေလို့ ကျွန်တော့်ကို အိမ်ကလက်ဖက်သုတ်ပြီးယူခဲ့ ဆိုတာမျိုးဘယ်တော့မှ မပြောဘူး။ နေ့လည် ထမင်းစားချိန်ဆို ကျွန်တော့်ကို ထမင်းခွံ့ကျွေးရင်းလဲ ကျွန်တော့်ဟင်းတွေကို နှိုက်မစားဘူး။ အဲဒါကြောင့်ချစ်တာ အိမ်က ထည့်ပေးလိုက်တာကလဲ မလောက်မငှရယ်။

ပြောရဦးမယ် ကျုပ်ကအညာသား အညာဆောင်းက သိပ်အေးတယ်။ အညာနွေကတော့ သိကြတဲ့အတိုင်း သိပ်ပူတယ်။ နွေဆိုပျော်တယ် ကျောင်းရက်ရှည်ပိတ်တယ် ကျောင်းမတက်ရဘူး ဆောင်းတွင်းကို ကျုပ်မုန်းတယ်။ ကျုပ်မှာအနွေးထည်မရှိဘူး။ ဆောင်းတွင်းဆို ကျုပ်ကျောင်းမတက်ဖြစ်တာ များတယ်။ နေမကောင်းလဲ ခဏခဏဖြစ်တယ် တစ်ခါတစ်လေ ကျောင်းကို စောင်ခြုံပြီးတက်တယ်။ အတန်းဖော်တွေနဲ့ ဆရာမတွေကလဲ ရိုးနေတော့ သိပ်ထွေထွေထူးထူး မပြောတော့ပါဘူး။ စောင်မပါရင်မခံနိုင်ဘူး မယုံမရှိကြနဲ့။

ကျောင်းကတောကျောင်းပါ။ ဒါပေမယ့် အထက်တန်းကျောင်းပဲ။ တနင်္လာသောကြာ နှစ်ရက် ကျောင်းစိမ်း ၀တ်ရတယ်။ကျုပ်အမက ကျုပ်ထက်နှစ်နှစ်ကြီးတယ်။ အမရဲ့ကျောင်းစိမ်းထမိန်မှာ အထက်ဆင်မတပ်ဘူး။ တနင်္လာသူဝတ်ရင် သောကြာမှာ အဲဒီထမိန်ခေါ်မလားပုဆိုးခေါ်မလား ကျုပ်ဝတ်တယ်။ တစ်ပတ်တစ်ရက် ကျောင်းစိမ်းမ၀တ်လို့ အပြစ်ပေးခံမတ်တပ်ရပ်ရတယ်။

ကျုပ်တက်တဲ့ကျောင်းက ဦးနုလက်ထက်က ပြည်တော်သာစီမံကိန်း နဲ့ဆောက်ထားတဲ့ကျောင်း။ ကျောင်းက နှစ်ထပ် ။ အင်္ဂလိပ်အက္ခရာ E ကိုေ ကျာချင်းကပ်ထားသလို မျိုးပုံရှိတယ် ။ မနက်ရှစ်နာရီခွဲက နေဆယ့်တစ်နာရီခွဲအထိတစ်ချိန် နေ့လည်ဆယ့်နှစ်နာရီခွဲကနေ ညနေသုံးနာရီခွဲအထိ တစ်ချိန် တစ်နေ့နှစ်ချိန် တက်ရတယ်။

အတန်းငယ်တုံးကတော့ မနက်ခင်းမှာ အတန်းပိုင်ဆရာက တစ်မနက်ခင်းလုံး သူယူတယ်။ ညနေပိုင်းမှာ တခြားအတန်းက ဆရာမတစ်ယောက်ကသင်တယ်။

တနလာင်္နဲ့သောကြာမှာ ကျောင်းမတက်မှီ ကျောင်းရှိလူကုန် Assembly လုပ်ကြတယ် ။ ကျောင်းအုပ်ကြီးက မိန့်ခွန်းပြောတယ်။ ဆူတယ်ငေါက်တယ် အခန့်သင့်ရင်အပြစ်ပေးတယ်။ မှတ်မှတ်ရရ ကျောင်းနောက်ဖေးမှာ ပြောင်းခင်းရှိတယ်။ ကျောင်းကမြေငှားပြီး တောင်သူတစ်ယောက်ကို ပေးစိုက်ထားတာပဲ။ နှံစားပြောင်းခင်းပေါ့။ ပြောင်းမျိုးက ရွှေနီပြောင်းလို့ခေါ်တယ်။ ရိုးတံကအနီရောင်ရှိလို့ အဲလိုခေါ်တာပဲ။ ကျုပ်တို့ဆီက တောင်သူတွေကတော့ အနှံကိုယူပြီး ပြောင်းရိုးကို နွားစာကျွေးတာပဲ။ ဒါပေမယ့်အဲဒီပြောင်းရိုးက ချိုတယ်။ ကြံလောက်မချိုပေမယ့် ရင့်ရင်ကြံလောက်နီးနီး ချိုတယ်။ ကျုပ်သူငယ်ချင်း မော်ကြီးက ကျောင်းပိတ်ရက် နွားကျောင်းတယ်။ သူကအဲဒီပြောင်းရိုးက ချိုတယ်လို့ ကျုပ်ကိုပြောတယ်။ ကျုပ်တို့နှစ်ယောက် နေ့လည်ကျောင်းဆင်းချိန် အဲဒီပြောင်းခင်းထဲဝင်ပြီး ပြောင်းစုပ်တယ် (ကြံစုပ်တာမျိုးပေါ့) အခင်းရှင်နဲ့မိတော့ ကျောင်းအုပ်ကြီး တက်တိုင်တယ်။ အဲဒီတော့ ပြောင်းစုပ်မှုနဲ့ကျုပ်တို့နှစ်ယောက် Assembly မှာ အရိုက်ခံရတယ်။

ကျောင်းအုပ်ကြီးက မင်းတို့နှစ်ယောက်က နွားတွေပဲဆိုပြီး တစ်ယောက်သုံးချက် ကြိမ်စာကျွေးတယ်။ ဆရာကြီးမယုံရင်စားကြည့် အဲဒီပြောင်းကချိုတယ်။ ဆရာကြီးကြိုက်သွားမယ်ပြောလို့ ၀ိုင်းရယ်ကြတယ်။

ငယ်ဘ၀ကို အခုလိုပြန်ပြောရတော့ ကျုပ်ရင်ထဲမှာတမျိုးပဲ ၀မ်းနည်းတဲ့ခံစားချက်တော့ မဟုတ်ပါဘူး ။ လွမ်းသလိုလိုပေါ။့ ငယ်ငယ်တုံးက ဆင်းရဲခဲ့တာ ကျုပ်ကတော့ကျေနပ်တယ်။ အနည်းဆုံးတော့ ဆင်းရဲတယ်ဆိုတာချိုနဲ့လားလို့ မမေးရတော့ဘူး အခုလဲချမ်းသာသလားဆိုတော့ ထူးမခြားနားပါပဲ ။ ဒါပေမယ့် ကျုပ်စုပ်ချင်ရင် ကြံတစ်ချောင်းတော့ ၀ယ်စုပ်နိုင်နေပါပြီ အနွေးထည်လေး သုံးလေးထည်လဲရှိနေပါပြီ အမနဲ့လဲ ထမိန်မဟုတ် ပုဆိုးမဟုတ်လုဝတ်စရာ တော့မလိုတော့ဘူးပေါ့။

ငယ်ငယ်ကဆင်းရဲချက်ကတော့ သူခိုးတောင်အားနာရတယ် အိမ်ဝင်ခိုးတဲ့သူခိုးကို မျက်နှာပူလို့ သူခိုးအိမ်ထဲ ၀င်လာတာ သိသိချည်းနဲ့ အိပ်ချင်ယောင် အတင်းဆောင်နေရတာမျိုးရယ်။

ပြောရဦးမယ်။ ကျုပ်မိဘတွေက အထည်ကြီးပျက်တွေ ကျုပ်မမွေးခင်က ရွာမှာအတော်ချမ်းသာသတဲ့ ။ ဒါပေသည့် ကျုပ်မွေးကတည်းကတော့ အခုနပြောသလို ဆင်းရဲချက်ကတော့ ကမ်းကုန်ရော တစ်ခါတစ်လေ မနက်ထမင်းရည်သောက် ညနေမှထမင်းစားရတာမျိုး။ အဲဒါကိုနပ်မမှန်ဘူး လို့ပြောမရလောက်ဘူး။ နပ်ကတော့ တစ်နေ့နှစ်နပ်မှန်နေတာပဲ။ ထမင်းရည်တစ်နပ် ထမင်းတစ်နပ်ပေါ့။

ဘယ်လိုပဲဆိုဆို ကျုပ်မိဘတွေရဲ့ တုနှိုင်းမရတဲ့ ကျေးဇူးက ကျုပ်ကိုကျောင်းမထုတ်ခဲ့တာပဲ။ ရွာမှာကျုပ်တို့လောက် ဆင်းရဲရင် ဘယ်မိဘမှသူ့သားသမီးကို ကျောင်းမထားတော့ဘူး။ အဲဒီကျေးဇူးက လဲအခုလိုအရွယ်ရောက်လာမှ ပိုပြီးပေါ်လွင်လာတာပါ။ ငယ်ငယ်တုံးကတော့ ကျောင်းမထားလဲ သိပ်ပြီးကြေကွဲ နေမှာမဟုတ်ပါဘူး။ မထားတော့လဲ မနေရုံပေါ့လို့နေမှာပါပဲ။

6 comments:

Apprenticeship said...

ဒီလိုမေးတိုင်းအဆူခံရတဲ့ ကလေးတွေရဲ့ မေးခွန်းတွေ ပြန်ဖြေနိုင်ဖို့ကြိုးစားနေပါတယ်.. အတော်စိတ်ဝင်စားဖို့ကောင်းတဲ့ ဘ၀ နိဒါန်းပါ။

တက်လူငယ် said...

ကောင်းတယ်ဗျာ။ တော်တော်လေးကောင်းတယ်။

charmmyae said...

wow..so so great.. i lve to read ur post..:D..thanks

kkma said...

အသိဥာဏ်နုနယ်တဲ့ ကလေးငယ်တွေရဲ့ စူးစမ်းချင်တဲ့စိတ်တွေကို၊ အားမပေးပဲ ဦးဆုံး ရိုက်ချိုးဖျက်စီးတတ်တဲ့ ကျောင်းဆရာ၊ဆရာမတွေ ဘယ်လောက်များနေပြီလဲ။ အဲ့ဒီလိုဆရာ၊ဆရာမတွေ ပျောက်ကွယ်စေချင်ပါတယ်..။ ကျနော်တို့တတွေ ငယ်ငယ်တုန်းကလည်း ဒီလိုကပ်ကပ်သပ်သပ် မေးတတ်တာပါဘဲ။ ဒီလိုပဲ အဆူအငေါက်ခံခဲ့ရဖူးတာပါဘဲ..ဒါကြောင့် အဲ့ဒီလိုဆရာ၊ဆရာမတွေကို နံမည်ပြောင် ကြုံငေါက်ဆူ..လို့ တရုတ်နံမည်လိုလိုပေးလေ့ရှိခဲ့ပါတယ်..။

su mon said...

အစ်ကိုနဗန
အစ်ကို့Blog ကို ညီမစဖတ်မိတဲ့နေ့ကနေ2ရက်အတွင်း
အစ်ကိုရဲ့စာအားလုံးကိုဖတ်ပြစ်လိုက်တာ။
နောက်ထပ်အသစ်တွေဘယ်တော့တင်နိုင်မလဲလို့ခဏခဏရှာကြည့်မိတယ်။
အစ်ကို့ကိုအမြဲအားပေးနေတယ်။
အသိ Producer တစ်ယောက်ကစိတ်ဝင်စားလို့အစ်ကို့ Blog ကိုပြောပြလိုက်တယ်။သူဆက်သွယ်မယ်လို့ပြောပါတယ်။

thu thu win said...

ဆရာ မင်္ဂလာပါ။သူငယ်ချင်းတယောက်ဆီက လင့်ရလို့ အခုမှဖတ်ဖူးတာပါ။ အာဆင်နယ်ကြိုက်တာချင်းတူတော့ ဘာမှမဆိုင်ပေမယ့် ပျော်၏။