Thursday, January 3, 2008

2.4 အိမ်က ထမင်းဝိုင်း

နောက်တော့ အိမွန်နဲ့ကျုပ် ပိုနေမြဲကျားနေမြဲဖြစ်သွားခဲ့တယ်။

စပျစ်သီးချဉ်တာတော့ မဟုတ်ဘူး။ အိမွန်က အသက်ကြီးလေရုပ်ဆိုးလေပဲ။ သူတို့မိသားစုကို ရွာကလူတွေက ခွေးမျိုးတွေလို့ ကွယ်ရာမှာခေါ်တယ်။ ခွေးလေးတွေဟာ ငယ်စဉ်မှာ အရမ်းချစ်ဖို့ကောင်းတယ်။ ဒါပေသည့် ကြီးလေအမြင်ကတ်ဖို့ ကောင်းလေ ရုပ်ဆိုးလေပဲ။ အိမ်မှာ ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေရတော့ ငယ်ငယ်တုံးကတော့ ဖြူဖြူပျော့ပျော့ ကနွဲ့ကယျလေးပေါ့။ ရှစ်တန်းလောက်ရောက်တော့ အိမွန်က အတော်ပုံပျက်နေပြီ။

ဆရာကြီးနဲ့သူ့အမေကိုတောင် ကျေးဇူးတင်မိတယ်။ ငါးတန်းနှစ်တုံးက ရွှေခွက်ကြီးကသုံးနှစ်ပဲခံတယ်။ ရှစ်တန်းနှစ်မှာ ကြေးခွက်ကြီးဖြစ်သွားတယ်။ ဒါပေသည့်ကျုပ်လက်ကတော့ အနူလက်ဖြစ်မြဲပဲ။ မိသားစုစီးပွားရေးက ပိုလို့တောင် ဆိုးလာခဲ့တယ်။

ကျုပ်ပြောခဲ့ဖူးတဲ့ ရွှေနီပြောင်းဆံကို ချက်စားရတဲ့အထိပဲ။ ပြောင်းထမင်းဆိုတာ အရမ်းကြမ်းတယ်။ အ၀င်ဆိုးတယ်။ အထွက်မှာ အသက်အောင့်ထားရတယ်။ မိသားစုထမင်းဝိုင်းမှာ ကျုပ်အဖေဆိုတဲ့ကဗျာတစ်ပုဒ်ရှိတယ်။ ရှုလော့။

လေယူရာယိမ်းကာနွဲ့
တိမ်းပါတဲ့ထိုပြောင်း
မောင်းဆုံမှာထောင်းရုံမျှနဲ့
ကောင်းပုံမမြင်

ရိုးတံကနီ
ဆီမပါမျောကာချ
သြကာလရွတ်ရင်း
အခင်းကြီးစွန့်မယ်ကြံ
စိုးထိတ်ရပြန်
အားတင်းကာ ကိုယ်ဟန်စောင်း
ဖင်ချဲ့တဲ့ပြောင်း။

ကျုပ်တို့မိသားစုထမင်းစားချိန် ဧည့်သည်လာမှာ အရမ်းစိုးတယ်။ စားပါဦးလို့ လောကွတ်ချော်ရအောင်ကလဲ မဖြစ်။ စားနေတာကပြောင်းဆံ။ ဟင်းကခရမ်းချဉ်သီးငပိချက်။ ဆားဗူးနဲ့ရေအိုးက အနားမှာ။ မနက်က ရောင်းကျန် အကြော်ရှုံ့တွတွလေး ငါးခုနဲ့ပေါ့။

တစ်ခါတုံးက အဖေ့မိတ်ဆွေမိသားစု ရွာကိုလာလည်တယ်။ တည်းတော့သူ့အမျိုးတွေ အိမ်မှာတည်းတယ်။ ဒါပေသည့် အဖေတို့အမေတို့နဲ့ သူတို့ကအရမ်းခင်တော့ တစ်ရက်အိမ်မှာ ညနေစာဖိတ်ကျွေးမယ် စီစဉ်တယ်။ ဧည့်သည်ကျွေးမှာဆိုတော့ ဆန်ကောင်းကောင်းတခွက် သွားဝယ်ရတယ်။ တခွက်ဆိုတာ ဆန်နို့ဆီဗူးလေးဗူးကိုပြောတာ။ ဟင်းကတော့ ထုံးစံအတိုင်း ဆရာဦးဆွေမြင့်လမ်းစဉ်လိုက်ရတာပဲ။ ဒါပေသည့် ဆရာလိုတော့ သူများကြက်မဟုတ်ဘူး။ အိမ်က ကြက်ဖရိုက်ချက်တာပဲ။

ညနေငါးနာရီလောက်မှာ သူတို့မိသားစုအိမ်ရောက်လာတယ်။ သမီးနှစ်ယောက် သားတစ်ယောက် စုစုပေါင်းငါးယောက်ပေါ့။ အကြီးမက ချောတယ်။ သူ့နာမည်က အေးအေးအောင်။ ထမင်းဝိုင်းပြင် လက်ဆေးဇလုံပြင် အဆင်သင့်ဖြစ်တော့ သူတို့ထမင်းစစားတယ်။

အဖေနဲ့အမေကတော့ ဘေးနားထိုင်ယပ်ခတ်ရင်း သာကြောင်းမာကြောင်းတွေ ပြောနေတာပေါ့။ ကျုပ်ကတော့ အေးအေးအောင်ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေမိတယ်။ ကျုပ်ကြည့်နေတုံး အေးအေးအောင်က ကြက်သားဟင်းခွက်နှိုက်တယ်။ ဇွန်းပြန်အဆယ်မှာ ကြက်ခေါင်းကြီးပါလာတယ်။ တိုက်တိုက်ဆိုင် ဆိုင်အိမ်ခေါင်ပေါ်က ကြက်မက လန့်ပြီးထမင်းဝိုင်းပေါ် ကျလာရော။ သူ့လင်ကြက်ဖရဲ့ မျက်နှာကို မှတ်မိလို့ ထမင်းဝိုင်းထဲဝင်လာတာတော့ မဟုတ်လောက်ပါဘူး။ အဲဒီမှာ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်သွားပြီး ထမင်းဝိုင်းပြီးသွားတယ်။

4 comments:

AlmightyAD said...

very very funny.
Your post is amazingly funny.
great writing dude.

sin dan lar said...

တကယ် အဖြစ်အပျက်တော့ မဟုတ်ပါဘူးနော်..
ကဗျာလေး မိုက်တယ်

ဂျူနို said...

တစ်ကယ်လား။
ဘစ အမောတွေထဲ အသောလေးလည်းပါတယ်။
ဘ၀တွေကတော့ တစ်ယောက်တမျိုးပေါ့လေ။
မိဘတွေ ကျေးဇူးကြီးပါပေတယ်။
ဒီလိုအခြေအနေကနေ ကျောင်းထားခဲ့တယ်လေ။
နဗနက ဘ၀အသိတွေလည်း မနည်းပါလား။

F@LL3N said...

ဒီပိုစ့်လေးကြိုက်တယ် ကဗျာရောပဲ
ရယ်ရတယ်ရေးတဲ့ပုံက များများတင်ပါဦး