Thursday, April 23, 2009

43.9 သူတို့ဆီက အသောက်အစား ဓလေ့

ထိုင်းအစားအသောက်လိုပဲ တရုတ်အစားအသောက် တော်တော်များများ အစပ်ကဲတာ တွေ့ရတယ်..။ ငါး၊ပုဇွန်နဲ့ လုပ်ထားတဲ့ soup တစ်ခုဆိုရင် ငြုတ်သီးအခြောက်တောင့် တွေ ပေါလောနဲ့ စားခဲ့ရတယ်..။ နောက်ပြီး cold food menu တွေရှိတယ်..။ ကျွန်တော်တို့ ပါးစပ် ကျွန်တော်တို့လျှာက အေးစက်နေတဲ့ အစားအသောက်ကို မစားတတ်တော့ အဲဒီ cold food တွေလာချရင် ခွကျတော့တာပဲ..။

ဟင်းပွဲတွေ ဆိုတာလဲ သိပ် သေးသေးကွေးကွေး ကို မရှိလှဘူး..။ ဘယ်လိုမှာမှာ ဟဲဗီးကြီးတွေ ချည်းပဲ..။ မှာသမျှ မကုန်လို့ ထားခဲ့ရတာ ဘယ်နည်းမလဲ..။ သောက်စားတဲ့ ဓလေ့ကိုက ကျွန်တော်တို့နဲ့ မတူကွဲပြား ခြားနားနေတယ်..။ ဘီယာ သောက်တာက အစ သူတို့လူမျိုးက ရေခဲမပါရင် မသောက်ဘူး..။ ထိုင်းမှာလဲ ထိုနည်းလည်းကောင်းပဲ..။ ဘီယာမှာလိုက်တာနဲ့ ခွက်တစ်ခွက်ထဲ ရေခဲအပြည့်ထည့်ပြီး လာချတော့တာပဲ..။ အင်ဒိုမှာလည်း အဲသလိုပဲလို့ သိရတယ်..။

ပြည်မကြီးကတော့ ဘီယာလို့ အသံကြားလိုက်တာနဲ့ လူစေ့ တစ်ယောက်တစ်ပုလင်း လိုက်ချပြီး ပုလင်းအားလုံးကိုလည်း မမေးမစမ်းနဲ့ အကုန်ဖွင့်ပစ်လိုက်တယ်..။ ဆိုတော့ ပထမတစ်ခွက်လောက်ပဲ အေးပြီး နောက်ခွက်တွေကျ ပူကုန်ရော..။ သူတို့လူမျိုးကတော့ ဘီယာပူပူလည်း ဒီအတိုင်း သောက်နေကြတာပဲ..။ တိုင်းပြည်က အေးလို့လား မသိပါဘူး..။

သူတို့ သောက်သလို ကိုယ်မသောက်ချင်လို့ အရက်သောက်မယ်ဆိုပြန်တော့လည်း.. ၀ီစကီဆိုတာ ရှာမှရှားပဲ..။ တခြားနိုင်ငံတွေမှာ လွယ်လွယ်ကူကူ ရလေ့ ရှိတဲ့ စကော့ ၀ီစကီ ဆိုတာ. .သူတို့ဆီမှာတော့ မေးလိုက်တိုင်း မသိ၊ မရှိနေတာချည်းပဲ..။ သူတို့တိုင်းပြည်ရဲ့ တတိုင်းပြည်လုံး ၀ီစကီသောက်နှုန်းက မြန်မာပြည်တောင် မီမယ်မထင်ဘူး..။ အားလုံးလိုလိုက သူတို့ပြည်တွင်းဖြစ် တရုတ်အရက်တွေပဲ သောက်ကြတော့ ၀ီစကီဆိုတာ တော်ရုံတန်ရုံ ရှာ မရဘူး..။ ရောင်းမှ မရောင်းရပဲကိုး..။

ပြည်တွင်းဖြစ် တရုတ်အရက်မို့လို့ အထင်မသေးနဲ့..။ ဈေးတွေက ခေါင်ခိုက်လို့..။ တချို့ အရက်တွေဆိုရင်.. blue label ထက်တောင် ဈေးကြီးသေးတယ်..။ မြန်မာငွေ သိန်းသုံးဆယ်လောက်အထိ တန်တာတောင် တွေ့ခဲ့ရတယ်..။ aging ကလည်း.. နှစ်ငါးဆယ်၊ ခြောက်ဆယ် တဲ့..။ ဟုတ်ရော ဟုတ်ရဲ့လား မပြောတတ်ပါဘူး..။ အရက်ပုလင်းပုံစံကလည်း တွေ့နေကျ ၀ီစကီပုလင်းတွေလို ဖန်ပုလင်း မဟုတ်ဘူး..။ ငံပြာရည် ပုလင်း လိုမျိုး အောက်ခြေပုအိုင့်အိုင့် လည်ပင်းရှည်ရှည်နဲ့ ကြွေပုလင်းတွေပဲ..။

Acl % ကလဲ ၀ီစကီထက်တောင် ပိုချင်သေးတယ်..။ 50 %, 60 % အောက်လျော့တာ သိပ်မတွေ့ခဲ့ရဘူး..။

သောက်ပြန်တော့လည်း ၀ီစကီလို ရေခဲ၊ရေသန့်၊ဆော်ဒါ စတာတွေနဲ့ ရောစပ်သောက်တာမျိုး မဟုတ်ဘဲ လဘက်ရည်အကြမ်းပန်းကန် အသေးလေးလိုဟာထဲ စွပ်ကယ်စွပ်ကယ် ထည့်သောက်ကြတယ်..။ ဂျပန် အရက် ဆာကေး တို့ ကိုရီးယားအရက် ဆိုဂျုး တို့ကို ရေမရောဘဲ သောက်ရတာ ကိစ္စမရှိပေမယ့် သူတို့အရက်ကို ရေမရောဘဲ သောက်ရတာတော့ သိပ်မဟန်လှဘူး..။ ဆာကေး တို့ ဆိုဂျုး တို့က အယ်လ်ကိုဟော 20% လောက်ပဲ ပါတာ ဆိုတော့ သောက်လို့ ကောင်းရုံလောက်ပဲ..။

သူတို့အရက်ကတော့ အရသာကအစ ဇီးသီးလိုလို မက်မွန်သီးလိုလိုနဲ့ အကျင့်မရှိရင် အတော့်ကို အ၀င်ဆိုးပါတယ်..။

ဒီကြားထဲ သူတို့အရက်သောက်တာက ကျွန်တော်တို့လို အေးအေးလူလူ စကားတပြောပြောနဲ့ ဖြေးဖြေးလေးနဲ့ငြိမ့်ငြိမ့်လေး သောက်တာ မဟုတ်ပြန်ဘူး..။ အရက်ကို အကြောင်းရှာပြီး ဂုဏ်ပြုသောက် သောက်ကြတာပဲ..။ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်တာ၊ နာမည်မေးတာ၊ အသက်မေးတာ၊ အိမ်ထောင်ရှိမရှိ မေးတာ၊ ကလေးရှိမရှိ မေးတာက အစ အရက်နဲ့ ဂုဏ်ပြုလေ့ ရှိတယ်..။ အကြောင်းမသိခင်က ကျွန်တော်လည်း အတော်ခံ ခဲ့ရပါတယ်..။

ပထမကျွန်တော့်ကို နာမည်မေးတယ်..။ ကိုယ့်နာမည် ဘယ်သူဘယ်ဝါလို့ ပြန်ဖြေလိုက်တာနဲ့ မေးတဲ့သူက သူ့ခွက်ကို ကောက်ကိုင်ပြီး “ ဟောင်.. ဟောင်.. ကမ်ပိန်းကမ်ပိန်း ” နဲ့ ထ ဂုဏ်ပြုတော့တာပဲ..။ ရေမြင်းကလည်း အဆင်း ဘီးတပ်တယ်..။ အဲဒါ ခင်ဗျားကို ဂုဏ်ပြု နေတာ.. သူနဲ့အတူသောက်လိုက်.. နို့မို့ဆို ရိုင်းရာကျတယ် ဆိုတာနဲ့ တစ်ခွက် သောက်လိုက်ရရော..။ အဲဒါနဲ့ ပြီးသွားလား ဆိုပြန်တော့ မပြီးဘူး..။ နောက်တစ်ယောက်က မေးပြန်တယ်..။ မိန်းမရှိလား တဲ့..။

ရှိတယ် လို့ ပြန်ဖြေလိုက်တာနဲ့ “ ဟောင် ဟောင်.. ” ဆိုပြီး သူနဲ့ တစ်ခွက် ချလိုက်ရပြန်ရော..။ အသက်မေးလို့ သုံးဆယ့်ခုနှစ် ဆိုပြန်တော့လည်း “ ဟောင် .. ဟောင် ” ဆိုပြီး တစ်ခွက် ထပ်မော့ ရပြန်တယ်..။ ကလေးနှစ်ယောက် ရှိတယ် ဆိုတော့လည်း “ ဟောင်.. ဟောင် ” လုပ်ပြန်တယ်..။ သမီးလား သားလားမေးပြီး တော့လည်း ထပ် “ ဟောင် ” ရပြန်တယ်..။

နောက်ဆုံး ဆရာသမား ရေမြင်း ကတဆင့် ကျေးဇူးရှင်တွေကို တောင်းပန် ရတော့တယ်..။

“ ရေမြင်းရေ..သူတို့ကို ပြောလိုက်ပါ.. ငါဆက်ပြီး မဟောင်နိုင်တော့ဘူး ” လို့..။

9 comments:

nyimuyar said...

wow, lovely people and fantastic tradition :D

Htoo Myat said...

ဟောင်ဟောင်...

ကမ်းပေ့ ကမ်းပေ့... ဂလု :D

Summer Field said...
This comment has been removed by the author.
Summer Field said...
This comment has been removed by the author.
Summer Field said...

ဘီယာကို အပူလည်း မသောက်တတ်ဘူး..၊ ရေခဲရောလည်း မသောက်တတ်ဘူး။ ရေခဲစိမ်နဲ့ ရေခဲသေတ္တာထဲကပဲ သောက်လို့ကောင်းတာလို့ လုံးဝ ယုံကြည်ထားတယ်။ ဂျော်နီလမ်းလျှောက် ၈၀ ပရု(ဖ်) (၄၀%) တော့ ရေခဲရောမှ သောက်လို့ အဆင်ပြေတာ.. ၅၀-၆၀%ကြီးကတော့ ရေမရောတော့ အသေစောကြတာပေါ့။ ဒါပေမဲ့ဗျာ.. တရုတ်ပြည်မကြီးရဲ့ life expectancy at birth က မြန်မာပြည်ထက် အများကြီးမြင့်ပါသေးတယ်..။ (72.88 : 62.49) http://en.wikipedia.org/wiki/List_of_countries_by_life_expectancy

အရက်တုသေတီတစ်ဦး

strike said...

ခင်ဗျားလား မြင်ယောင်ပါသေးတယ် လေးဖက်ကြီးထောက်၊ခေါင်းစိုက်နေရင်တောင် ခွက်၊ကိုင် လက်ထောင်ပြီး ဟောင် ဟောင် လုပ်နေမှာကို

ဂျူနို said...

ဖတ်လို့ ကောင်းတယ်။ .....ဟောင်ဟောင်
ဆက်ရေးပါအုန်း။........ဟောင်ဟောင်

setting...comment....wordverification..no

လုပ်ကြည့်ပါ။
edoch တဲ့ ဘာမှန်းမသိ ရိုက်ထဲ့နေရပြန်ပြီ

Unknown said...

ဒို့ ကတော့ ...ဟောင်းဟောင်းကမ်းပေ့ချက်ဆို
တရုတ်တွေတောင်လက်လန်သွားတယ်

Blue Sky said...

ဖတ် လို့ ကောင်း လိုက် တာ ဗျာ ....