Thursday, April 23, 2009

43.6 သူတို့ဆီက အညာဓလေ့

ကျွန်တော်တို့ ငယ်တုံးက အိမ်ကို ဧည့်သည်လာရင် အမေက “ဟဲ့.. သွားသွား.. ဆေးပေါ့လိပ်သွားဝယ်စမ်း” လို့ အမြဲပြောတာ မှတ်မိသေးတယ်..။ အမေပေးတဲ့ ပိုက်ဆံကို ကျစ်ကျစ်ပါအောင်ဆုပ် ၊ ဆေးလိပ်ရောင်းတဲ့ဆိုင်ဆီ အပြေးလေးသွား.. ဆေးလိပ်လေးငါးလိပ်ဝယ်ပြီးပြန်လာ.. အိမ်ရောက်တာနဲ့ ပန်းကန်ပြား တစ်ချပ် ထဲထည့်ပြီး ဧည့်သည်ကို ဧည့်ခံရတာပဲ..။

တတ်နိုင်တဲ့ သူများကတော့ စီးကရက်ပေါ့လေ..။ ကျွန်တော်တို့လို သူလိုငါလို လူတွေကတော့ လာတဲ့ဧည့်သည်ကို ဆေးပေါ့လိပ်တောင် အနိုင်နိုင် ပါပဲ..။

တခါတလေ.. ဧည့်သည်လာတဲ့အချိန် ဆေးလိပ်ဖိုးတောင် လက်ထဲရှိမနေရင် ရင်းနှီးတဲ့ဆိုင်ကနေ အကျွေးပြေးဆွဲ ဧည့်ခံရတတ်တယ်..။

အညာကျေးလက်မှာတော့ ဧည့်သည်ကို အဲသလို ဆေးပေါ့လိပ်နဲ့ ဧည့်ခံကြတာပါပဲ..။ အဖန်ရည်၊ အခါးရည် လို့ ခေါ်တဲ့ ရေနွေးကြမ်းနဲ့ ဧည့်ခံဖို့ဆိုတာ ကျွန်တော်တို့ ကလေးဘ၀တုံးက ဓါတ်ဗူးမရှိ၊ လျှပ်စစ်မီးမရှိ ဆိုတော့ .. ဆေးလိပ်လောက်မလွယ်လှဘူး..။

အညာဓလေ့ လက်ဖက် တို့ ထန်းလျက်တို့ ဆိုတာကတော့ ရှိရင် ရှိသလို ပေါ့..။ မရှိတော့လည်း ဧည့်သည်ခမျာ ဆေးလိပ်သောက်တတ်တတ် မသောက်တတ်တတ် .. အိမ်ရှင်ကတော့ ပန်းကန်ပြားတစ်ချပ်ထဲ ဆေးလိပ်ထည့်ပြီး ရှေ့ချပေးလိုက် တာပါပဲ..။

တခါကဆို ကျွန်တော်တို့အိမ်လာတဲ့ ဧည့်သည် ဆေးလိပ်တောင် သောက်မသွားရဘဲ.. လျှက်ဆားလျက် ပြန်သွားရတာ ရှိသေးတယ်..။

သူလာတဲ့အချိန် အဖေက လျှက်ဆား လျက်နေတာနဲ့ ကြုံတယ်..။ ဆေးလိပ်ဝယ်ဖို့ ပိုက်ဆံကလည်း မရှိ..။ တခြား ဧည့်ခံစရာ မုန့်တို့ လက်ဖက်တို့ကလည်း မရှိဆိုတော့ အဖေက ဧည့်သည်ကို သူလျက်နေတဲ့ လျှက်ဆားဗူးကြီး ထိုးပေးပြီး “ လျက်ပါဗျ..၊ ကောင်းတယ်ဗျ ” နဲ့ လုပ်လို့ ဧည့်သည်လည်း နဝေတိမ်တောင် နဲ့ တစ်ကော်နှစ်ကော်လောက် လျက်သွားရရှာတယ်..။

ဧည့်သည် ပြန်သွားမှ ကျွန်တော်တို့ ညီအကို မောင်နှမတတွေ အဖေ့ကို ပြော ရယ်ကြတယ်..။ အဖေလုပ်လိုက်တာနဲ့ နောက်ဆို အဲဒီလူ အိမ်လာလည်မှာ မဟုတ်တော့ ဘူးလို့ လေ..။ အဖေကတော့ “ ဟ.. ငါ့ရှိတာ ဧည့်ခံတာပဲ ဧည့်ဝတ်ကျေပါတယ်ကွာ ” လို့ စပ်ဖြဲဖြဲနဲ့ လုပ်နေသေးတယ်..။ ဧည့်သည် ခမျာတော့ ကျွန်တော်တို့အိမ် လာလည်တာ ဗိုက်မပြည့်တဲ့ အပြင် အစာတွေကြေပြီး ဗိုက်ဟောင်းလောင်းနဲ့ ပြန်သွားခဲ့ရတယ်..။

အဲဒါက အညာဓလေ့တော့ မဟုတ်ပါဘူး..။ ကျွန်တော်တို့ မိသားစုရဲ့ ကိုယ်ပိုင် ဧည့်ခံပုံ ဧည့်ခံနည်း နိဿရည်းပေါ့..။ ဘလော့ဂ်ကြွလာ ဆွေသဟာတို့လည်း ကျွန်တော့်ဆီ အကြောင်းတိုက်ဆိုင်လို့ လာလည်ဖြစ်ရင် စားပြီးသောက်ပြီးမှ လာခဲ့ကြဗျား..။ ကျွန်တော်က အဖေတူသား ရယ်.. ။

ဆိုခဲ့သလို အညာမှာ ဆေးလိပ်နဲ့ ဧည့်ခံသလိုမျိုး တရုတ်ပြည်မကြီးမှာလည်း ရောက်ရာအရပ် တွေ့တဲ့သူက အိပ်ထောင်ထဲက စီးကရက်ဗူးထုတ် တိုက်တော့ တာပဲ..။

အညာမှာလို အိမ်လာလည်မှ တိုက်တာမျိုးတောင် မဟုတ်ဘူး..။ လမ်းမှာတွေ့လို့ မိတ်ဆက်လိုက်တာနဲ့ ဆေးလိပ်က တိုက်ပြီးသားပဲ..။ တရုတ်ယောက်ျားလေးတွေ ဆေးလိပ်သောက်တာကလဲ လွန်လွန်းတယ်..။

ဧည့်သည်တင် တိုက်တာလား ဆိုပြန်တော့လည်း မဟုတ်ဘူး..။ သူတို့အချင်းချင်းလည်း ကိုယ်တစ်လိပ်သောက် သူတစ်လိပ်သောက်ပဲ..။ ကိုယ့်အလှည့် သူတိုက်..၊ သူ့အလှည့် ကိုယ့်ပြန်တိုက်နဲ့ ကျွန်တော်တို့ဆို ကြားထဲက နားတောင် မနားရဘူး..။ ဆေးလိပ်ကို နတ်ကတော် သောက်နည်း သောက်ခဲ့ကြရတယ်..။

နောက်ပြီး သူတို့ဆီမှာက မသောက်တတ်တဲ့သူကအစ အိပ်ထောင်ထဲမှာ ဆေးလိပ်တစ်ဗူးတော့ ထည့်ထားတတ်တယ်..။ ကိုယ်မသောက်ပေမယ့် ဧည့်ခံဖို့ဆိုတဲ့ အထာနဲ့ ပေါ့..။

13 comments:

Unknown said...

ဟောဗျာ... အဆုပ်ကင်ဆာတွေ မဖြစ်ကြဘူးလား

Anonymous said...

တော်သေးတယ်။ရန်ကုန်ရောက်တုန်း ကိုနဗနဆီကိုမဝင်လိုက်တာ...လျက်ဆားနဲ.တိုးလိမ်.မယ်။ ဟားဟားဟား

Anonymous said...

လျက်ဆားလည်း ကောင်းကောင်းပါပဲဗျာ အစာကျေတာပေါ့လို့ :P

မေ့သမီး said...

ဆေးလိပ်နဲ့ဧည့်ခံတာတော့ မကြိုက်ဘူး။ (ကိုယ်မှ စားလို့မရတာ။)

ဂျူနို said...

လျှက်ဆားပဲ ကြိုက်တယ်။
တော်တော်လေးများ စာလိုက်ရင် မော်တော်လေးများ....

အောက်က ဟာကြီး ဖြုတ်ပေးပါ။

ရွက်လွင့်ခြင်း said...

Its meaning respect to each others and this country have the a lot of brands and youcan buy easily everywhere

Ðaywalker[Soul] said...

အညာအကြောင်းလေး တွေ့လိုက်လို့ လာဖတ်တာ...၊ ဟုတ်တယ်ဗျ... အညာကတော့ အဲလိုပဲ။ အခုနောက်ပိုင်းတော့ ဆေးလိပ်သောက်သူ အရေအတွက် အတော်လေး ကျသွားပါပြီ။ အရင်ကဆို ပြောင်းဖူးဖက်ကြီး တစ်ဖွာဖွာနဲ့...

Unknown said...

ဟုတ်ပြီ ပိုက်ပိုက် စုပြီး တရုတ် ပြည် သွားမယ် ........
ဒီမှာ ဆေးလိပ် ဈေးကြီးလို.သောက်နိုင်ဘူးရယ် .........
တစ်ဗူး ၁၀ ၊ ၁၁ ကျပ် ...............
ဟိုမှာဆို အလကားသောက်ရမှာ ...........

ကိုရီး{ကိုကြီး} said...

ရန်ကုန်ရောက်ရင်တွေ့မယ် အစ်ကိုကြီးရေ။

ကိုရီး{ကိုကြီး} said...

ရန်ကုန်ရောက်ရင်တွေ့မယ် အစ်ကိုကြီးရေ။

Moe Cho Thinn said...

ရန်ကုန်မှာ မမခင်ဦးမေနဲ့ တွေ့သေးတယ် ကြားတယ်။ မမလဲ လျက်ဆားလျက်လိုက်ရသေးလား မသိ။

Summer Field said...

ဟုတ်ပ.. ပြည်ကြီးက တရုတ်တွေ စီးကရက်ကို ဖင်မီးခိုးထွက်အောင် သောက်ကြတာဗျ။ ကမ္ကာပေါ်မှာ စီးကရက်အများဆုံး သောက်သုံးတဲ့ နိုင်ငံတွေထဲမှာ တရုတ်ပြည်မကြီးက ထိပ်ဆုံးကလို့ မှတ်ဖူးတယ်။

Unknown said...

ဟုတ်တယ်ကိုနဗနရေ
ကျောင်းမှာတရုတ်သူငယ်ချင်းတွေနဲ့ တွေ့ လို့ ကတော့ ဖင်မီးခိုးထွက်ပြီသာမှတ်
သူကလည်းတိုက်..ကိုယ်ကလည်းပြန်တိုက်နဲ့ 
နောက်ထပ်ဝင်လာတဲ့ သူငယ်ချင်းကလည်းတရုတ်ဆိုလို့ ကတော့ ချောင်းပါဆိုးအောင်သောက်လိုက်ရတာ