Wednesday, August 12, 2009

45.1 Guangzhou (ကွမ်ကျိုး) သို့

တရုတ်ပြည်ရဲ့ တော်လှန်ရေးခေါင်းဆောင်ကြီး ဆွန်ယက်ဆင် ( Sun Yat-Sen ) အကြောင်း ဖတ်တုံးက.. ကန်တုံပြည်နယ်၊ ကန်တုံမြို့ ဆိုတဲ့ စကားလုံးတွေနဲ့ ရင်းနှီးခဲ့ ရတယ်..။ ဆွန်ယက်ဆင်ရဲ့ တော်လှန်ရေး မွေးဖွားရာနေရာ၊ အချက်အချာ ဒေသအဖြစ်နဲ့ ဖတ်မှတ်ခဲ့ရတာပဲ..။ နောက်များမှ.. ကန်တုံ(Canton) ဆိုတာ အင်္ဂလိပ်အခေါ်အဝေါ် ဖြစ်ပြီး.. တရုတ်လိုကတော့ ကွမ်တုံးလို့ ခေါ်ကြောင်းနဲ့ ပြည်နယ်မြို့တော်ကိုလည်း ကန်တုံ အစား.. ကွမ်ကျိုးလို့ ခေါ်မှန်း သိရတော့တယ်..။

ကွမ်တုံးပြည်နယ်က ကမ္ဘာကျော် ဟောင်ကောင်၊ မကာအို တို့နဲ့ ဟိုဖက်ကမ်း ဒီဖက်ကမ်းဖြစ်တဲ့အပြင်.. တရုတ်ပြည်ရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ အတူ တဟုန်ထိုး အရှိန်ကောင်းကောင်းနဲ့ ဖွံ့ဖြိုးတိုးတက်လာခဲ့တဲ့ ပြည်နယ်တစ်ခုပဲ..။

တရုတ်ပြည်ကို ကျွန်တော်ရောက်ခဲ့တဲ့ သုံးခေါက်မှာ.. ပထမဆုံးအခေါက်က.. ကူမင်း၊၀င်းဇိုး၊ချန်ဇိုး၊နန်ကင်း ကနေ ပြည်တော်ပြန်ခဲ့ကြပြီး ဒုတိယအခေါက်မှ အဲဒီကွမ်တုံးပြည်နယ်ကို ရောက်ခဲ့ရတယ်..။ ခရီးစဉ်ကတော့ ထုံးစံအတိုင်း ရန်ကုန်ကနေ မန္တလေးဆင်း၊ ဆရာသမား ရေမြင်းကို ပင့်၊ ကူမင်းကို ချီတက်..၊ အဲဒီကမှ တဆင့် ကွမ်ကျိုးပေါ့..။ ဒါပေမယ့်.. ဒီတစ်ခေါက်တော့.. ကျွန်တော်ရယ်၊ ရေမြင်းရယ်၊ ကျော်သူရ ရယ် အပြင်.. နောက်တိုးမိတ်ဆွေတစ်ယောက်ပါ ပါလာခဲ့တယ်..။ နိုင်ငံခြားကိုတစ်ခါမှ မရောက်ဖူးလို့ အတွေ့အကြုံရအောင်ဆိုပြီး သူ လိုက်လာခဲ့တာပဲ..။

တကယ်လည်း သူမျှော်လင့်သလို.. အတွေ့အကြုံတွေ တပုံကြီး ရသွားခဲ့တယ်..။

အဲဒီအခေါက် ကူမင်း.. ကွမ်ကျိုးလေယာဉ်က နောက်ကျတယ်..။ ညဉ့်အတော်နက်မှ ကွမ်ကျိုးကို ရောက်တယ်..။ ရောက်ရောက်ခြင်းပဲ.. နီးစပ်ရာ ဟိုတယ်တစ်ခုမှာ အိပ်လိုက်ကြရတယ်..။ ထူးခြားတာဆိုလို့ ကျော်သူရက ဟိုတယ်အခန်းခကို ဈေးဆစ်တာပဲ..။ reception desk မှာ အခန်းအမျိုးအစားနဲ့ သက်ဆိုင်ရာဈေးနှုန်း ရေးထားတာကြည့်ပြီး ကျော်သူရက.. ဈေးကို သုံးချိုးနှစ်ချိုးလောက်နဲ့ ဆစ်တယ်..။ ဧည့်ပါးလို့လား တော့ မပြောတတ်ဘူး..။ ယွမ်လေးရာ ရေးထားတဲ့အခန်းကို နှစ်ရာ့ငါးဆယ်လောက်နဲ့ ဈေးတည့်သွားတယ်..။

ကျွန်တော့်အလိုသာဆိုရင်.. ရေးထားတဲ့ ဈေး.. ပေးလိုက်မိမှာပဲ..။ ကျော်သူရ ပြောမှပဲ ဟိုတယ်ခ ဆိုတာ.. အလျော့အတင်းရှိမှန်း သိတော့တယ်..။

နောက်တနေ့မနက်မှာ ရေမြင်းအမ မိတ်ဆွေတွေနဲ့ တွေ့တယ်..။ ရေမြင်းအမက ကွမ်ကျိုးမှာနေတယ်..။ သူ့အဆက်အသွယ်နဲ့ပဲ.. ကျွန်တော်တို့အဖွဲ့.. ကွမ်ကျိုးကနေ.. ကီလိုမီတာ လေးဆယ်လောက်ဝေးတဲ့.. တုံးကွမ် (Dongguan) လို့ ခေါ်တဲ့ မြို့ကို သွားခဲ့ကြတယ်..။ ကွမ်ကျိုး ကနေ တုံးကွမ် တောက်လျှောက် လမ်းတွေ သိပ်ကောင်းတယ်..။ ဘန်ကောက်က အဝေးပြေးလမ်းတွေလိုပဲ ကွန်ကရစ်မိုးပျံလမ်းတွေပဲ..။တုံးကွမ်မှာ.. ကျွန်တော်တို့ လိုချင်တဲ့ စက်ပစ္စည်းစက်ရုံက လူတွေနဲ့ တွေ့ပြီး လိုအပ်တာလေးတွေ ကြည့်ကြရှုကြ ဆွေးနွေးကြနဲ့ တနေကုန်သွားခဲ့တယ်..။

ကိစ္စပြီးလို့ ပြန်မယ်လုပ်တော့ စက်ဝယ်တာ၊ မ၀ယ်တာ အပထားလို့.. မိတ်ဖြစ်ဆွေဖြစ်.. ညစာ ကျွေးပါရစေ၊ စားပြီးမှ ပြန်ကြပါ..။ တုံးကွမ်နဲ့ ကွမ်ကျိုး လွန်ရောကျွံရော မောင်းရ တစ်နာရီပေါ့..။ သူတို့ ယာဉ်မောင်းနဲ့ လိုက်ပို့ပေးပါ့မယ် ဆိုပြီး.. ဒင်နာ စားဖို့ အတင်းပြောနေတာနဲ့ပဲ ကျွန်တော်တို့လည်း ညစာကို တုံးကွမ်မှာ လွေးလိုက်ကြတော့တယ်..။ ထုံးစံအတိုင်း.. “ ဟောင် ” ကြ ရပြန်တယ်..။ အားလုံး စားပြီး သောက်ပြီးတော့.. ကျွန်တော်တို့လဲ ဒေါင်ချာဆိုင်း လို့..။ သူတို့တတွေလည်း သိုင်းကွက်တွေ နင်းလို့ ပေါ့..။

စက်ရုံ သူဌေးက မူးနေတဲ့ကြားက သူ့ဒရိုင်ဘာကို ကျွန်တော်တို့ လိုက်ပို့ ဖို့ လျှာလေးအာလေးနဲ့ အမိန့်ပေးတယ်..။ မင်း ယာဉ်မောင်းက ငါတို့တည်းတဲ့နေရာ သိလို့လားလို့ မေးတော့.. “ သိဖို့ မလိုဘူး.. ငါ့ကားမှာ GPS ပါတယ်.. မင်းတို့ တည်းမယ့် ဟိုတယ်သာ ပြောလိုက် .. GPS အညွှန်းအတိုင်း ငါ့ ဒရိုင်ဘာ မောင်းလိမ့်မယ် ” တဲ့..။

တယ်ဟုတ် ပါ့လားလို့ မူးမူးနဲ့ အံ့သြမိရသေးတယ်..။

အဲသလိုနဲ့ ညဆယ့်တစ်နာရီလောက်မှာ တုံးကွမ်ကနေ ကျွန်တော်တို့အဖွဲ့ ကွမ်ကျိုးကို ပြန်ခဲ့ကြတယ်..။ ရေမြင်းက ဒရိုင်ဘာကို ကျွန်တော်တို့တည်းတဲ့ ဟိုတယ်လိပ်စာ ပေးလိုက်တယ်..။ ဒရိုင်ဘာက အဲဒီလိပ်စာကို GPS မှာ ထည့်သွင်းပြီး လမ်းကြောင်းအညွှန်းအတိုင်း မောင်းတော့တာပဲ..။ ကျွန်တော်တို့အားလုံးလည်း ခပ်ထွေထွေဖြစ်နေတဲ့ အရှိန်ရယ်၊ ခရီးပမ်းလာတာရယ်ကြောင့် ကားပေါ်မှာ ယူပြီး လိုက်လာခဲ့ကြတယ်..။

နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားတာမျိုး မဟုတ်ပေမယ့် မှေးကနဲဖြစ်လိုက်.. နိုးတ၀က်ဖြစ်လိုက်.. ခေါင်းထောင်ထလိုက်နဲ့ ရောက်နိုးရောက်နိုး လိုက်လာခဲ့ကြတာ.. နောက်တစ်နေ့မနက် သုံးနာရီသာ ထိုးသွားတယ်..။ ကျွန်တော်တို့ ဟိုတယ်က GPS ကျေးဇူးနဲ့ ဘယ်ဆီ ဘယ်ဝယ်မှန်းတောင် မသိသေးဘူး ဖြစ်နေပါရော..။

ရေမြင်း.. ဒရိုင်ဘာကို သေချာမေးအုံး..၊ ဒီလမ်း ဒီခရီးက ဒီလောက် ကြာစရာ အကြောင်းမရှိဘူး..။ တစ်ခုခုတော့ လွဲနေပြီလို့ အားလုံးက စိုးရိမ်တကြီး ၀ိုင်းပြောတော့မှ.. ကိုယ်ရွှေဒရိုင်က သူလည်း လမ်းပျောက်နေတယ် လို့ ၀န်ခံတော့တယ်..။ ကောင်းလေစွ..။

ဖြစ်ပုံက.. ကွေ့ရမယ့်လမ်းကို မကွေ့မိဘဲ ကျော်သွားမိသည့်တိုင် GPS က ကျော်သွားပြီလို့ မပြောဘဲ.. နောက်ထပ် ဖြစ်နိုင်မယ့်လမ်းကြောင်းအသစ်တစ်ခုကို ပြန်ညွှန်းတာမို့.. ရွာလည် ကုန်တော့တာပဲ..။

ဥပမာ ပြောရရင်.. ဆူးလေ အသွားမှာ သမ္မတရုပ်ရှင်ရုံရှေ့ကနေ ဘူတာကြီးဖက်မှားချိုးမိတာကို.. လမ်းမှားချိုးမိတယ်လို့ မပြောဘဲ.. ဘူတာကြီးရှေ့ကနေ ပန်းဆိုးတန်းကို ညွှန်၊ အဲဒီကမှ ကန်ပတ်လမ်းအတိုင်း ဗဟန်းအ၀ိုင်းပြန်ပတ်၊ အဲဒီကမှ.. သမ္မတရုပ်ရှင်ရုံ စသဖြင့် လမ်းညွှန်တာမျိုးဆိုတော့..တစ်ခါပဲမှားရင် ကိစ္စမရှိပေမယ့် အမှားပေါ် အမှားထပ်တော့.. ဟိုကွေ့ဒီကွေ့နဲ့.. မရောက်နိုင် ဖြစ်နေတော့တာပဲ..။

GPS ဆိုတော့လည်း လူ့စိတ်ကို ဘယ်သိမလဲ..။ မှားကွေ့မိတာလား၊ ကွေ့ချင်လို့ ကွေ့တာလား ဆိုတာ သူမှ မဝေခွဲနိုင်တာဆိုတော့.. လမ်းမှားသွားပြီလို့လည်း ဘယ်ပြောတော့မလဲ..။

နောက်ဆုံးတော့.. ကိုယ်ရွှေဒရိုင်ဘာကို.. ပြောရတယ်..။ ငါတို့ကို ရှေ့နားမှာသာ ချထားခဲ့ပေတော့..၊ တို့ဖာသာ.. Taxi ငှားပြန်လိုက်တော့မယ် လို့..။

အဲသလိုနဲ့ GPS နဲ့မောင်းတဲ့ ကားကြီးပေါ်က ဆင်းပြီးသကာလ.. တွေ့ရာ Taxi ဖမ်းတားပြီး ပြန်လာခဲ့တာ.. ဆယ်မိနစ်လောက်ပဲ ကြာတယ်..။ ကျွန်တော်တို့ တည်းမယ့် ဟိုတယ်ရှေ့ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက် လာခဲ့ကြ ပါတော့တယ်..။

8 comments:

Unknown said...

I am waiting for so long to read ur post.Really very good!U r a genius!

Rita said...

ဘယ်လောက်စောင့်ရစောင့်ရ ဖတ်ရတာနဲ့ ရီရတာပါပဲ။
ရေမြင်းအမ ဆိုလို့ တော်တော် စဉ်းစားရသေးတယ်။

Dr.Nay Oo (Burma) said...

ကျွန်တော့် အတွေ့အကြုံ အရ။ ဂျီပီအက်စ်ကို သုံးခါစ၊ သိပ်မကျွမ်းသေးရင် ဒီလိုပဲ ဖြစ်တတ်ပါတယ်။ တရုပ်ပြည်က ဂျီပီအက်စ်မှာတော့ အင်္ဂလိပ်လိုပြောလား၊ တရုပ်လိုပြောလားမသိပါ။ စက်က မိန်းခလေးအသံနဲ့ ရှေ့မီတာ ၅၀ မှာ ညာဖက်ကွေ့ပါလို့ပြောမယ်။ပုံကို ကြည့်လိုက်ရင် လမ်းညွှန်တဲ့မြှားပုံကို ကားပုံကလေးက မနင်းမိသေးဘူး။ အဲဒီ အချိန်မှာ ညာဖက်ကွေ့နိုင်တဲ့ လမ်းကို တွေ့လို့ ကွေ့ဝင်လိုက်ရင် သွားရော၊ မှားသွားပြီပဲ။ ဒါပေမဲ့ အဲဒီလိုမှားသွားရင် စက်ကတော့ ကိုနဗန မှားနေပြီလို့ မပြောရဲရှာဘူးလေ။ စက်က သူ recalculating ပြန်လည်တွက်ချက်နေပါတယ်လို့တော့ ပြောလိမ့်မယ်။ အဲဒါဆို လမ်းမှားဝင်လိုက်လို့ပဲလို့သိနိုင် ပါတယ်။ ပြန်တွက်ပြီးရင်တော့ ကိုယ့်လိုရာကို မရောက်ရောက်အောင် ပြန်ညွှန်ပေးမှာပါ။ မ၀င်ရလမ်းတို့ တလမ်းမောင်းလမ်းတို့နဲ့ တိုးခဲ့ရင်တော့ ပိုကြာသွားနိုင်ပါတယ်။ မရောက်တော့ မရှိပါဘူး။ နောက်ထပ်၊ နောက်ထပ် မှားမနေရင်ပေါ့ဗျာ။ သုံးနေကျ အထာသိသွားရင်တော့ အတော်ကောင်းတဲ့ စံနစ်တခုပါ။ တခါမှ မသွားဖူးတဲ့နေရာကို ရဲရဲသွားလို့ရပါတယ်။ ယာဉ်မောင်းက မကျွမ်းသေးတာ ဖြစ်ပါလိမ့်မယ်ခင်ဗျား

မင်းအိမ်ဖြူ Minn Eain Phyu said...

လာရောက်ဖတ်ရှုသွားပါကြောင်း ..............

navana said...

comments အားလုံးအတွက် .. ကျေးဇူးတင်မိပါတယ်..။

ဒေါက်တာနေဦး ပြောသလို ဂျီပီအက်စ်က.. တကယ်အသုံးဝင်တဲ့ဟာ ဖြစ်ပါလိမ့်မယ်..။

သုံးတဲ့သူတွေအနေနဲ့.. မရင်းနှီးသေးလို့.. အထာမကျ၊ မကျွမ်းကျင်တော့ အိုးနင်းခွက်နင်းတွေ ဖြစ်ကုန်ရပါတယ်..။

navana said...

ဟုတ်တော့ ဟုတ်တယ် မရီတာရေ..

ရေမြင်းအမ ဆိုတော့ ရေမြင်းအထီးမဟုတ်သလိုမျိုးဖြစ်သွားတယ်..။

Ko Boyz said...

ကားမောင်းတာ အရှိန်နည်းနည်းမြန်နေမယ်ဆိုရင် လက်ရှိ ရှိတဲ့ နေရာကို ဂျီပီအက်စ်က တွက်ချက်တာ နည်းနည်း လွဲနိုင်ပါတယ်။ အေ အမှတ်နေရာမှာ ရောက်တုန်း ဂြိုဟ်တုဆီကို အချက်အလက် ပို့လိုက်ပါတယ်။ ဂြိုဟ်တုဆီက အေ အမှတ်အတွက် အချက်အလက်ကို ပို့လာတဲ့ အချိန်မှာ ကားက ဘီ အမှတ်ကို ရောက်နေပါပြီ။ ဒါပေမယ့် ဂျီပီအက်စ်က ဂြိုဟ်တုဆီက ရလာတဲ့ အချက်အလက်ကိုပဲ ဖေါ်ပြပေးနေတော့ နေရာ မတူညီတဲ့ ပြဿနာကိုလဲ ကြုံနိုင်ပါသေးတယ်။

Myanmar Good Knowledg Co., Ltd said...

အကြောင်းအရာက စိတ်ဝင်စားစရာကောင်းသလို၊
စိတ်ဝင်စားအောင်လည်း ရေးတတ်တယ်၊ စာကောင်းဖတ်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။