Tuesday, February 24, 2009

41.2 Realizing the Dream

တကယ်တော့ ဒီနာမည်က ကျွန်တော်တို့ ကိုယ်ပိုင်နာမည်မဟုတ်ပါဘူး..။ Dr. Martin Luther King, Jr. ရဲ့ http://www.realizingthedream.org/ ကနေ တဆင့် ကိုညီညီ Diethelm က ကျွန်တော့်ကို ပြန်မျှတာပါ..။

ရွာမှာ သင်တန်းလေး ဖွင့်မယ်ဆိုတော့.. နာမည်ရွေးဖို့ စဉ်းစားကြရာကနေ အဲဒီနာမည်ကို ကြိုက်တာနဲ့ ယူလိုက်ကြတယ်..။ ကလေး တွေကို အိပ်မက်မက်ခွင့်လေး ဖန်တီးပေးချင်တယ်..။ မက်တဲ့ အိပ်မက်လေးတွေကိုလည်း realizing လုပ်စေချင်တယ်..။ နိုးထလာတာနဲ့ ပျောက်ပျောက်ပျက်ပျက် ဖြစ်သွားမယ့် အိပ်မက်မျိုးတွေ မမက်စေချင်ဘူး..။

ကျွန်တော်တို့ ငယ်ဘ၀တွေမှာလည်း အိပ်မက် တွေ မက်ခဲ့ကြတာပါပဲ..။ ဒါပေမယ့် ရလာတဲ့ ကုန်ကြမ်းက မကောင်းမမွန်တွေဆိုတော့.. မက်သမျှ အိပ်မက်က တူတူ တန်တန်ကို မဖြစ်ခဲ့ပါဘူး..။ အဆင့်အတန်းမမီမကမ်းနဲ့ ပိန်ပိန်လိမ်လိမ်အိပ်မက်တွေသာ များခဲ့ရတယ်..။ ဒါကြောင့် အိပ်မက်ကုန်ကြမ်းက အရေးကြီးပါတယ်..။

ကြားသမျှ၊ မြင်သမျှ အရာအားလုံးမှာ ကောင်းမွန်တာတွေ ရှိသလို.. ဟောင်းလွန်တာတွေလည်း ရှိနေပါတယ်..။ အဟောင်းကို အဟောင်းမှန်းသိပြီး ရွေးယူ စွန့်ပစ် ဖို့ လိုပါတယ်..။ အဲသလိုမဟုတ်ဘဲ အဟောင်းကို အကောင်းထင်ပြီး ဖက်တွယ်ထားရင်.. ကယောက်ကယက်နိုင်တဲ့ ဆောင်းတွင်းအိပ်မက် သံသရာက သူတို့ ရုန်းထွက် နိုင်မယ် မထင်ပါဘူး..။

ဥပမာ..

“ ဒီနေ့ ကျွန်တော်က မနေ့ကကျွန်တော်ထက် သာအောင် ကြိုးစားနေပါတယ် ” ဆိုတဲ့ စကားကို ကျွန်တော်တို့ ငယ်စဉ်က အတော် သဘောကျခဲ့တယ်..။ ဒါပေမယ့် သေချာစေ့စေ့တွေးကြည့်လေ အဲဒီအတွေးအမြင်ဟာ စကားလုံးဖွဲ့စည်းပုံ ကောင်းတာကလွဲလို့ ကိုယ့်ဘ၀တိုးတက်ရာတိုးတက်ကြောင်းကို လောက်လောက်လားလား ထောက်ပံ့မပေးနိုင်ဘူးဆိုတာ တွေ့ရပါတယ်..။

လူဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ယှဉ်ပြိုင်နေယုံနဲ့ မရပါဘူး..။ အလုပ်ထဲမှာ.. စီးပွားရေးထဲမှာ.. အတန်းထဲမှာ.. နေရာတကာတိုင်းမှာ.. သူများတကာနဲ့ ယှဉ်ပြိုင်နိုင်အောင် အမြဲကြိုးစားနေရတာပါ..။ ကိုယ့်တိုးတက်မှုထက် ဘေးဘယ်ညာက ကိုယ်လိုသူလို လူတွေရဲ့ တိုးတက်မှုက အဆများစွာ သာလွန်နေခဲ့ရင် ကိုယ် ကျန်ခဲ့မှာပဲ..။

တိုးတက်သင့်သလောက် မတိုးတက်တာဟာ တကယ်တော့ ဆုတ်ယုတ်တာပါပဲ..။ အဲဒါလေးကို စီးစီးပိုင်ပိုင်လေး သိထားစေချင်တယ်..။

ဒါကြောင့် မကောင်းမွန်တော့တဲ့ အဟောင်းလွန် အတွေးအမြင်တွေကို မြောင်းထဲ လွင့်ပစ်နိုင်ရပါ့မယ်...။

ငယ်တုံးက အကြော်ရောင်းတော့ ကိုယ်ရောင်းကောင်းတာမြင်ပြီး နောက်တစ်ယောက်က ကိုယ့်ဆိုင် မျက်စောင်းထိုးမှာ ဆိုင်လာဖွင့်ပါတယ်..။ အမေ့ကို ဟိုမှာ ပြိုင် ဖက်တစ်ယောက်တော့ တိုးလာပြီလို့ ကျွန်တော်ပြောမိတယ်..။ “ငါ့သားရယ် စီးပွားရေးဆိုတာ သမုဒ္ဒရာရေပဲ ဘယ်သူသောက်သောက် မကုန်ပါဘူး ” လို့ အမေ ပြန် ပြောခဲ့တယ်..။

အဲဒီတုံးက ဟုတ်သလိုလို ကျွန်တော် ထင်ခဲ့မိတယ်..။ နောက်များမှ.. သမုဒ္ဒရာ ရေဆိုတာ .. supply and demand ပဲလို့ သိလာရတယ်..။ တကယ်တမ်းက ရွာအလျောက် အကြော်ဝယ်စားမယ့်သူက အကန့်အသတ်မဲ့ မှ မဟုတ်ဘဲ..။ တစ်ဆိုင်ကနေ နှစ်ဆိုင်၊ နှစ်ဆိုင်ကနေ သုံးဆိုင် ဖြစ်လာရင်.. ကိုယ့်ဖောက်သည်တွေကို သူများဖဲ့ရွဲ့ပေးရဖို့ ရှိလာတော့မှာပဲ..။

အဲဒါလေးတွေကို အခုခေတ်ကလေးတွေ.. မဟုတ်တာကိုမဟုတ်တဲ့အတိုင်း စောစောမွန်မွန်လေး သိစေချင်တယ်..။

5 comments:

မင်းနန္ဒ said...

လူဆိုတာ မနေ့က ကိုယ်ထက်၊ ဒီနေ့ကိုယ်က သာရမယ်ဆိုပေမယ့်။ ကိုယ့်ကိုယ်ကိုပြန် ပြိုင်ပြီးအဟုတ်မှတ်နေလို့တော့ မရသေးတာအမှန်ပဲ။ ဒါပေမယ့် ကျွန်တော်တို့ ရွှေပြည်ကြီးမှာတော့ ဒီနေ့ရွှေပြည်ကြီးဟာ နိုင်တီးဂွမ်တီး ၈၈ တုံးကနဲ့ ပြန်ယှဉ်နေရတာ အခုထိကို မပြီးနိုင်သေးဘူး။ အဲဒီအချိန်တုံးက ကိုပွကြီးတို့နယ်မှာ မူလတန်းကျောင်းသာရှိရာက၊ ယခုဆိုရင်တော့ အထက်တန်းကျောင်းကြီးများ အများအပြား၇ှိလာပါကြောင်း။

kagyikhakway said...

"နှဲကြီးကိုးလက်" ပုံပြင်ကြားဖူးတယ် ..(ရွာတစ်ရွာကလူတယောက်မြို့ရောက်တုန်း နှဲဈေးပေါလို့ဆိုပြီး ရွာမှာပြန်ရောင်းရင် အမြတ် ရမယ်လို့တွေးပြီး..နှဲကြီး၁၀လက်..ဝယ်လာခဲ့သတဲ့ ဒါပေမယ့် ..ရွာမှာကနှဲမှုတ်တတ်တဲ့သူကတစ်ယောက်တည်းရှိလို့ တစ်လက်တည်းရောင်းလိုက်ရတယ်တဲ့ ....)နှဲကြီးကိုးလက် ကတော့မှုတ်ချင်သော blogger များကိုလက်တို့လိုက်ပါတဲ့... :))

kagyikhakway said...

"ဈေးကွက်စီးပွားရေး မြင်တတ်ပုံကို ပြောတာပါ" (ရွာမှာလေ..) :))

Summer Field said...

တူတူတန်တန် အိပ်မက်တွေကို ပြည့်ပြည့်ဝဝ မက်ခွင့်ရပြီး၊ ခိုင်ခိုင်ခန့်ခန့် အကောင်အထည်ဖော်နိုင်ခွင့်တွေကိုလည်း တူတူတန်တန် အမြန်ရနိုင်ကြပါစေ..။
KMA

ဂျူနို said...

ိအိပ်မက်တော့ မက်ခဲ့တယ်။
ကုန်ကြမ်းက မကောင်းတော့
ပိန်ပိန်လိန်လိန် အိပ်မက်တဲ့
တယ်မှန်တာပဲ။
ရှေးဟောင်းအစွဲတွေ စကားပုံတွေလည်း ပြင်သင့်တာရော ဖျက်သင့်တာတွေရော မေ့လိုက်သင့်တာတွေရော မနည်းပါဘူး။
စာအရေးကောင်း အတွေးကောင်းလို့ သဘောကျပါတယ်။
အောက်က word verification ကို ဖြုတ်နိုင်ရင် ဖြုတ်ပေးစေလိုကါတယ်။ ရိုက်နေရတာ ရှုတ်လို့ ပါ။