Tuesday, February 24, 2009

41.1 အိပ်မက်လှလှ မက်ကြပါစေ...

လာမယ့် ၂၇ ရက်နေ့ ကျွန်တော် ရွာခဏပြန်ပါ့မယ်..။ အခမဲ့ အင်္ဂလိပ်စာသင်တန်းလေး ဖွင့်ဖို့အတွက် စီစဉ်စရာရှိတာ သွားစီစဉ်မလို့ပါပဲ..။ မျိုးဆက်သစ် လူငယ်တွေ အတွက် အင်္ဂလိပ်စာနဲ့ ကွန်ပြူတာက ရှောင်လို့မရတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာနေပါတယ်..။ အဲဒါလေးကို မီသလောက် ပံ့ပိုးကြည့်မယ်..။ ဆရာဦးအောင်သင်း ရဲ့ စကားငှားသုံးရရင် “ မျိုးဆက်သစ်တွေ၊ တိုးတက်ရစ်ဖို့ ” ပေါ့..။

ဆရာကိုတာကတော့ စာအုပ်ထီးနဲ့ ကာကွယ်ကြ လို့ ပြောပါတယ်..။ စာကြည့်တိုက်လေး တစ်ခုလောက်လည်း ရွာမှာ ကြိုးစားလုပ်ကြည့်ပါ့မယ်..။ စာအုပ်စာတမ်း ပံ့ပိုး မယ့်သူများလည်း အဆင်သင့် ရှိနေတာမို့ အဲဒါလေးကိုလည်း ဖိဖိစီးစီးလေး လုပ်မယ် စိတ်ကူးထားပါတယ်..။ အကြမ်းဖျဉ်း စဉ်းစားထားတာကတော့ လူငယ် လူရွယ်တွေအတွက် လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ ဖြစ်စေမယ့် စာအုပ်စာပေ တွေ ဖြစ်ရမယ် လို့ပဲ..။

အဲဒါမှ သူတို့လေးတွေရဲ့ အိပ်မက်တွေ စိတ်ကူးတွေ လှလှပပ တူတူတန်တန် ဖြစ်မှာ..။ စိတ်ကူးယဉ်တာပဲ ပိုက်ဆံပေးရတာလိုက်လို့.. လို့ ပြောတတ်ကြတယ်..။ ကိုယ့် ဦးနှောက်ထဲမှာ ဘာအတွေးအခေါ် မှ မရှိဘဲ စိတ်ကူးယဉ်လို့ကတော့ အလကားရတဲ့ စိတ်ကူးတောင်.. တူတူတန်တန် ယဉ်နိုင်မှာ မဟုတ်ပါဘူး..။

သိန်းထီပေါက်ရင် ဘာလုပ်မလဲ လို့ ငယ်တုံးကသူငယ်ချင်းတသိုက် စိတ်ကူးယဉ်ဖူးတယ်..။ မော်ကြီးဆိုတဲ့ ကျွန်တော့်သူငယ်ချင်းက “ အခုနေ သိန်းထီပေါက် ရင် ဟယ်လီကော်ပတာ ၀ယ်ပြီး မကွေးတိုင်းက ပြောင်းရိုးတွေ သွားရိတ်ပစ်လိုက်မယ် ” လို့ ပြောခဲ့တယ်..။ သူ့ရဲ့ ဘ၀မျှော်မှန်းချက်က နွားစာ ပေါပေါလောလော ရရေး ဖြစ်နေခဲ့တယ်..။

မျှော်မှန်းချက်ဆိုတာ ဦးနှောက်ရဲ့ အကန့်အသတ်က ဖော်ပေးတဲ့ ပုံအတိုင်းပဲ ပေါ်တာမို့ မျိုးဆက်သစ် ကလေးတွေရဲ့ ဦးနှောက်မှာ ကွက်လပ်တွေ သိပ်များ မနေအောင် ကျွန်တော် တို့ ပံ့ပိုးရပါ့မယ်..။

အဲသလို လုပ်ဖို့ ကျွန်တော်တို့မှာ အင်အားတွေ ရှိကို ရှိနေပါတယ်..။

အထက်တန်းကျောင်းသားဘ၀ မှာ “ အိုက်ခမန်း၏ ငရဲခန်းများ ” ဆိုတဲ့ စာအုပ် ကျွန်တော် ဖတ်ရတယ်..။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျုးတွေကို ဆိုက်ကလုံဘီလို့ခေါ်တဲ့ ဓါတ်ငွေ့တွေ လွှတ်ထားတဲ့ အခန်းထဲ မောင်းသွင်းပြီး နာဇီဗိုလ်မှုးကြီး အိုက်ခမန်းက မျိုးဖြုတ်ခဲ့တဲ့ အကြောင်း ရေးထားတဲ့ စာအုပ်ပေါ့..။ တကယ့်ဖြစ်ရပ်မှန် ဖြစ်တာရယ်၊ လုပ်ရပ်က ရက်စက်လွန်းတာရယ်ကြောင့် အဲဒီစာအုပ်ကို အခုထိ မှတ်မှတ်ရရ ရှိနေခဲ့တယ်..။

အထူးသဖြင့် ခေါင်းထဲစွဲနေတာက အသတ်ခံရမယ့်အခန်းရှေ့မှာ ဂျုးတွေ ၀တ်လစ်စလစ်နဲ့ ကြောက်ကြောက်လန့်လန့် တန်းစီနေတုံး သူလိုကိုယ်လို အသတ်ခံရမယ့် ကလေး မလေးတစ်ယောက်က ကျန်တဲ့သူတွေကို လိုက်လံ အားပေးနှစ်သိမ့်နေတဲ့ အကြောင်းအရာပဲ..။ ဖြစ်ရပ်က ဘယ်လောက်ပဲ ဆိုးနေပါစေ ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင် ကောင်းအောင် ဆောင်ရွက်နိုင်တာ တစ်ခုခုတော့ ရှိနေခဲ့တာပဲ ဆိုတာလေး အဲဒီကနေ ကျွန်တော်သိခဲ့ရတယ်..။

10 comments:

ကိုရင်ညိန်း said...

အသတ်ခံရမယ့်ဂျူးတွေ ၀တ်လစ်စလစ်နဲ့ တန်းစီရပ် နေတဲ့ပုံ ဆိုလို့ ကျွန်တော်ဒီ (မော်စကို) က ပန်းခြံ
(အောင်ပွဲရ ပန်းခြံ) မှာ ရုပ်တုသွန်းထားတာ တွေ့ခဲ့တာ
သတိပြန်ရတယ်ဗျာ ။ သိပ်ကို အသက်ပါလွန်းပါတယ် ။
အဆင်ပြေတဲ့အခါ မေးလ်ပို့ပေးလိုက်ဦးမယ် အစ်ကိုရေ .. အဆင်ပြေပါစေဗျာ .. အဟေးဟေး

Phyo Maw said...

မျှော်မှန်းချက်ဆိုတာ ဦးနှောက်ရဲ့ အကန့်အသတ်က ဖော်ပေးတဲ့ ပုံအတိုင်းပဲ ပေါ်တာမို့ မျိုးဆက်သစ် ကလေးတွေရဲ့ ဦးနှောက်မှာ ကွက်လပ်တွေ သိပ်များ မနေအောင် ကျွန်တော် တို့ ပံ့ပိုးရပါ့မယ်..။

ဒီစကားကို တကယ်သဘောကျမိတယ်...
မဖြတ်သန်းဘူးရင် ဒါမှမဟုတ် ဖြတ်သန်းခွင့် မရသေးခင်အထိ လူငယ်တွေ အတွေးက ဘောင်ပိတ်နေကြရတာ...

kolay said...

ဪ--- အိုက်ခမန်းရဲ့ ငရဲခန်းမှာ အဆိပ်ငွေ့ပေး အသတ်ခံရဖို့ကို တန်းစီစောင့်နေကြရတဲ့ ဂျုးတွေနဲ့ ကျုပ်တို့ပြည်သူတွေရဲ့ဘ၀ ထပ်တူကျနေလေပြီလား---
သိပ်ကြိုက်သွားပြီ။

Amanda Sobek said...

ဖတ်လို့ကောင်းတယ်။
စကားမစပ် Nirvana လို့ စာလုံးပေါင်းတယ်ထင်တယ်။

(ကျွန်တော့်နာမည် နဗန

ဗုဒ္ဓဘာသာဝင်တိုင်း မျှော်လင့်တောင့်တနေတဲ့ နိဗ္ဗာန်ဆိုတာ ဘယ်လိုအရာ သေချာမသဲကွဲလို့ သိချင်စိတ်ပြင်းပျလွန်းတာနဲ့ Navana ဆိုတဲ့ နစ်ခ်ကို ကျွန်တော် ရွေးခဲ့တယ်..။)

navana said...

နိဗ္ဗာန်စာလုံးပေါင်းက.. Nirvana ဟုတ်ပါတယ်..။ Nibbana လို့လဲ ပေါင်းပါတယ်..။ ကျွန်တော်က တိုက်ရိုက်ကြီး မယူချင်လို့ Navana လို့ ယူလိုက်တာပါ..။

ကျေးဇူးပါပဲဗျား..။

ဆန်းဝင်း said...

လာလည်ပါတယ် ခင်ဗျာ .. စာတွေ အရေးအသား သိပ်ကောင်းလှပါတယ်… အားကျပါတယ်ခင်ဗျာ.

ဂျူနို said...

စိတ်ကူးရင်တာတောင် တူတူတန်တန် ရင်တိုင်ဖို့ တဲ့
သဘောကျစရာ တွေးစရာတွေ နဲ့ ပါလား။


အယ်ဇီ

F@LL3N said...

"ဖြစ်ရပ်က ဘယ်လောက်ပဲ ဆိုးနေပါစေ ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင် ကောင်းအောင် ဆောင်ရွက်နိုင်တာ တစ်ခုခုတော့ ရှိနေခဲ့တာပဲ ဆိုတာလေး အဲဒီကနေ ကျွန်တော်သိခဲ့ရတယ်"
အဲဒီစာပိုဒ်လေးနဲ့တင်ဖတ်ရတာတန်သွားပြီ

Unknown said...

စာကြည့်တိုက်ဖွင့်မယ်ဆိုတဲ့ စိတ်ကူးလေးအကောင်အထည်ဖော်တာကိုလေးစားပါတယ်ခင်မျာ

thu thu win said...

နောက်ဆုံး စာသားလေးကို မှတ်သားသွားပါတယ်ဆရာ