Monday, February 2, 2009

39.5 လင်ဇီးမုန်တိုင်း မွှေတဲ့နေ့ ( အပိုင်းနှစ် )

သူနဲ့ကျွန်တော် စကားပြောတာ နည်းနည်းလေး အရှိန်ရလာတော့.. ကျွန်တော်လည်း တခါတရံ ထုတ်ထိုးအိုးပေါက်လေးတွေ ပြောမိလာတယ်..။ ခုမှတွေ့ကြတယ် ဆိုပေမယ့်.. ဆွေးနွေးတဲ့အကြောင်းအရာက လိုရင်းမရောက်တော့.. အငြင်းအခုန်လေးတွေ ဖြစ်လာတော့တာပဲ..။ သူကလည်း မလျော့ဘူး..။ ဇွဲကြီး တယ်..။ ဘာလို့ လင်ဇီးကို တီဗွီကနေ မကြော်ငြာရတာလဲ ဆိုတာကို.. တမျိုးပြီးတမျိုး ဆင်ခြေပေးတယ်..။

လင်ဇီးဟာ ဆေးမဟုတ်ဘဲ ဓါတ်စာ သာဖြစ်တယ်..။ ဒါကြောင့် ဆေးတွေ ကြော်ငြာသလိုမျိုး ကြော်ငြာရောင်းလို့ မဖြစ်ဘူး လို့ သူအကြောင်းပြတယ်..။ ဓါတ်စာ ဆိုတော့လည်း ဓါတ်စာလို့ ကြော်ငြာပေါ့ လို့ ကျွန်တော်ပြန်ပြောတော့လည်း အဲသလိုလည်း မဟုတ်ပြန်ဘူးလို့ ပြောပြန်တယ်..။

နောက်ဆုံးတော့ ကျွန်တော်လည်း

“ အမတို့ ကုမ္ပဏီက ကျွန်တော်သိသလောက် non-profit organization မှ မဟုတ်ဘဲ.. ဒီထက်ဒီ ပိုပြီး ရောင်းအားကောင်းမယ့်ကိစ္စမျိုး လုပ်နိုင်ရမှာပေါ့ ”..

“ ကဲ.. ဒီလိုလုပ်..၊ အမတို့ ကုမ္ပဏီလူကြီးတွေကို ပြောလိုက်..၊ အမတို့ရဲ့ အခုရောင်းအားကို နှစ်ဆဖြစ်အောင် ကျွန်တော်တာဝန်ယူတယ်..။ marketing ကို ကျွန်တော့်လွှဲလိုက်..။ အမတို့ဖက်က အမတို့လင်ဇီးရဲ့ အစွမ်းသတ္တိတွေကိုသာ တာဝန်ယူပေး.. ကျန်တာ ကျွန်တော့်တာဝန်ထား..ဘယ်လိုလဲ ” ပေါ့..။

challenge လုပ်သလိုမျိုး ဆိုပေမယ့်.. မတတ်နိုင်တော့ဘူး..။ ပွဲက.. လိုရင်းမရောက်ဘဲ ပေက ရှည်နေပြီ..။ ဒါတောင်.. တီဗွီမှာ ကြော်ငြာရောင်းဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး လုပ်နေလို့ “ ဘာတုံး၊ ကျိန်စာဆိုထားလို့လား ” လို့ ခပ်ငေါ့ငေါ့လေး ပြန်မေးလိုက်မှ ငြိမ်သွားတယ်..။

ကောင်းတော့ မကောင်းဘူးပေါ့..။ ကိုယ်က အိမ်ရှင်ဖြစ်ပြီး ဧည့်သည်ကို အငေါ့်တူးပြောသလိုမျိုးတွေ ဖြစ်ကုန်တာ..။

ဒါပေမယ့်.. သူတို့လင်ဇီးက AIDS တောင်ပျောက်တဲ့ အထောက်အထားတွေ ရှိတယ် ဆိုပြီး ရောင်းတော့ အချဉ်ဖမ်းရောင်းသလိုမျိုး လုပ်နေတယ်..။ ဘယ်လို ဆင်ခြေနဲ့ ဖုံးဖုံး ကျေနပ်လောက်တဲ့အဖြေ မရတော့ ကျွန်တော်လည်း စိတ်က အချဉ်ပေါက်နေခဲ့ပြီ..။

AIDS သာ တကယ်ပျောက်ရင် ပွဲကပြီးပြီပေါ့..။ တကမ္ဘာလုံး ငွေကြေးဘီလီယံနဲ့ချီပြီး အဲဒီကိစ္စအတွက် သုတေသနတွေလုပ်.. အားထုတ်ကြိုးကုတ်နေကြတာပဲ..။ အဲဒါတွေအတွက် ပေးဆပ်ခဲ့ရတဲ့ အချိန်တွေ ငွေတွေဆိုတာ မနည်းလှတော့ဘူး..။ သူတို့ရဲ့လင်ဇီးသာ ပြောသလိုစွမ်းလို့ကတော့.. အခုလို နောက်ဖေးပေါက်က marketing ဆင်းနေတာမျိုး ဘယ်လုပ်စရာလိုလို့လဲ..။

ကမ္ဘာကို ခေါင်းမော့ရင်ကော့ကြော်ငြာပြီးသာ.. ရောင်းစမ်းပါ..။ မအောင်မြင်ရင် ပြောချင်တိုင်းပြော..။ အကျိုးအမြတ်ဆိုတာ စဉ်းကိုမစဉ်းစားနဲ့..။ အခုလို ရောင်းနေတာထက် အဆပေါင်းများစွာ မသာရင်.. ကြိုက်သလိုသာ ပြော..။ သေချာပေါက် ဖြစ်ကိုဖြစ်ရမှာပဲ..။ အခုတော့.. ကုတ်ကုတ်ကုတ်ကုတ် ဟိုလိုလို ဒီလိုလို နဲ့ အချဉ်ကြီးက အချဉ်လေးကိုဖမ်း၊ အချဉ်လေးက အချဉ်ပိစိကိုရှာ၊ အချဉ်ပိစိက အချဉ်သစ်လေးတွေ မွေးမြူ နဲ့ ချီတက်နေတယ်..။

သူတို့ အဲသလို ချီတက်တာက အရေးမကြီးဘူး..။ ကိုယ့်မိန်းမက အလားအလာရှိတဲ့ အချဉ်လေး လာဖြစ်နေတော့ ကျွန်တော့်မှာ တခါမှမတွေ့ဖူးတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သူတင်ကိုယ်တင် စကားက ပြောနေခဲ့ရတယ်..။ heated debate ဆန်ဆန် ငြင်းတာခုန်တာလေးတွေ လုပ်နေခဲ့ရတယ်..။ အဲဒါတွေ မပြောချင်ပေမယ့်.. ကျွန်တော်တို့ပွဲကို ဘေးကနားထောင်နေတဲ့ မဒမ့်ကိုလည်း ကွက်ကွက်ကွင်းကွင်း သိသွားစေချင်နေတော့.. အမျိုးမျိုး လည်ပတ် ပြောနေခဲ့ ရတယ်..။

အဓိက က သူပဲလေ..။ ကျွန်တော်ဘယ်လောက်တားတား.. သူ့အတွေးထဲ အဟုတ်ထင်နေခဲ့ရင် ရှေ့မှာ မလုပ်ပေမယ့် ကွယ်ရာမှာ လုပ်ချင်လုပ်နေမှာပဲ..။ သူ့စိတ်ထဲ ရှင်းရှင်းလင်းလင်း သိသွားပြီး ရပ်တန်းကရပ်မှ ခိုင်မာမှာ ဆိုတော့ ကျွန်တော်လည်း အာပေါက်မတတ် ပြောရပါတယ်..။

ပြောရကျိုးတော့ နပ်ပါတယ်..။ အဲဒီနေ့ကစလို့ မဒမ် နဲ့ လင်ဇီးနဲ့ တခန်းရပ်သွားခဲ့တယ်..။ အဲဒီအမျိုးသမီးကတော့ မပြန်ခင်အထိ.. ကျွန်တော့်ကို သူတို့အဖွဲ့အစည်း ထဲ ၀င်ဖို့ ဆွယ်သွားသေးတယ်..။ ကျွန်တော်သာ ဆိုရင် သူတို့အဖွဲ့အစည်းရဲ့ အမြင့်ဆုံးအဆင့် member ဖြစ်နိုင်တယ် ပေါ့..။ တစ်ရက်လောက် သူတို့အကြီးအကဲ တွေနဲ့ လိုက်တွေ့ဖို့လည်း ခေါ်သေးတယ်..။

“လိုက်တော့ မလိုက်ပါရစေနဲ့.. အခု အမကို ကျွန်တော်ပြောတာလေးတွေသာ သူတို့ကို ပြန်မေးလိုက်ပါ.. ပြီးရင် သူတို့အဖြေ ကျွန်တော့်ကို ပြန်ပြောပေါ့.. အဲဒီအဖြေ ကြည့်ပြီးမှ သူတို့နဲ့ တွေ့မတွေ့ ကျွန်တော်ဆုံးဖြတ်ပါရစေ.. ” လို့ပဲ ပြန်ပြောလိုက်တယ်..။

အခုထိတော့ အကြောင်းပြန်တဲ့အဖြေ မရပါကြောင်း..။

....................... ......................................... .......................................... ..........................................

(ဘလော့ဂ်ကြွလာ ဆွေသဟာများ ...

လင်ဇီးအကြောင်း ရေးမယ် စ စိတ်ကူးတော့ ကိုယ်မယုံပေမယ့် ယုံနေသူများကို ထိထိခိုက်ခိုက် လုပ်သလိုများ ဖြစ်နေမလား တွေးမိတယ်..။ ဒါပေမယ့် လင်မယား နှစ်ယောက် လင်ဇီးနဲ့ ပတ်သက်ပြီး ကတောက်ကဆ ဖြစ်ခဲ့တာကလည်း အမှန်ဆိုတော့ အိမ်ထောင်သည်ဘ၀ ကြုံရဆုံရ ရေးတာမှာ အဲဒီအကြောင်းကို ချန်ထားခဲ့တာ မျိုးလည်း မလုပ်ချင်လို့ အမှန်အတိုင်း အလိုအပိုမရှိ တင်ပြလိုက်ရပါတယ်..။

ကျွန်တော်ရေးတာကို ဖတ်ပြီး တစ်စုံတစ်ခု စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုခဲ့ရင် မေ့လျော့သွားနိုင်ပါစေ လို့..)

6 comments:

Anonymous said...

inအချဉ်ကြီးက အချဉ်လေးကိုဖမ်း၊ အချဉ်လေးက အချဉ်ပိစိကိုရှာ၊ အချဉ်ပိစိက အချဉ်သစ်လေးတွေ မွေးမြူ နဲ့ ..........ကောင်းသဗျာ.....လောကကြီးကဟုတ်နေတာပဲ။ မသိမတတ်သူတွေကြားမှာ ကွင်းကွင်းကွက်ကွက်မြင်အောင်ရေးပေးတာ သာဓုပါဗျား။

Anonymous said...

ခါတိုင်း တိတ်တိတ်လေး Reader ယူဖတ်နေတာ၊ တကယ်အဟုတ်ကို မွှေနိုင်တာအမှန်ပါအကိုတို့။ ဘယ်လို ပွဲသိမ်းလိုက်လဲဆိုပြီး စောင့်ဖတ်နေတာ။ ဘာတဲ့။ 'အချဉ်ကြီးက အချဉ်လေးကိုဖမ်း၊ အချဉ်လေးက အချဉ်ပိစိကိုရှာ၊ အချဉ်ပိစိက အချဉ်သစ်လေးတွေ မွေးမြူ' ကွက်ကွက်ကွင်းကွင်းပါပဲဗျာ။

မေ့သမီး said...

ကိုနဗနရေးတဲ့ လင်ဇီးအချဉ်ဖမ်းသံသရာကိုဖတ်ပြီး ရယ်သွားပါတယ်။

bmar said...

အဲ့ဒီလင်ဇီးကို မကြိုက်နေတာကြာပေါ့.. လင်ဇီးမှမဟုတ်ပါဘူး.. Multilevel marketing(Network Marketing) ဆိုတာကြီးကို မုန်းတာ... ပိုက်ဆံလိမ်ယူနေတာပါ..

ကိုနဗနရဲ့ ပို့စ်ကို အပြည့်အ၀ထောက်ခံအားပေးပါကြောင်း သတင်းပေးလိုက်ရပါတယ်...

မပန်းအိ

Anonymous said...

မရေးဘူးနေမလို.ဘဲ ဒါပေမယ့် သိစေချင်တာလေးတွေ မျှဝေချင်တဲ့ ရည်ရွယ်ချက်နဲ. ရေးလိုက်ပါတယ်
ဆေးနဲ. ရောင်းတဲ့နည်းလမ်းကို ခွဲမြင်ပေးစေချင်ပါတယ်
ရောင်းတဲ့နည်းလမ်းကို သဘောမကျရင်လဲ ကြိုက်သလို ဝေဖန်နိုင်ပါတယ်
လူတစ်ကိုယ် အကြိုက်တစ်မျိုး ဆိုသလိုပေါ့
ဆေးနဲ.ပတ်သတ်လာရင်တော့ ဆင်ခြင်ပြီးမှ ဝေဖန်စေချင်ပါတယ်
ဒီဆေးစားပြီးတော့ ညီမအမေရဲ. ဆယ်စုနှစ်ချီခံစားခဲ့ရတဲ့ အညောင်းရောဂါ လုံးဝပျောက်သွားတာ ကိုယ်တွေ.မို.ပါ
အမေ ဒီဆေးသောက်ပြီး တစ်ပတ်အတွင်းမှာပဲ ညီမတို. မောင်နှမတွေ ညစဉ်နှိပ်ပေးရတဲ့ တာဝန် လုံးဝပြီးဆုံးသွားတာ ၁၉၉၈ ကစပြီး ဒီနေ.အထိပါ
ညီမရဲ. ကားစီးတိုင်း မူးပြီးအော့အန်တဲ့ ရောဂါ လဲ ရက်ပိုင်းအတွင်းမှာပဲ ပျောက်သွားတာ ဒီနေ.အထိပါ
ဒီနေ.အထိ ဆေးစားနေတာမဟုတ်ပါ
၁၉၉၈ တုန်းက စားခဲ့ဖူးတဲ့ အတွေ.အကြုံ ကိုပြောပြတာပါ
အခုညီမက တခြားနိုင်ငံမှာနေနေတာ ကြာပါပြီ
မြန်မာပြည်မှာ ဒီဆေးအခုဘယ်လိုစခန်းရောက်နေပြီလဲ ညီမ မသိပါ
အခုရေးရခြင်းအကြောင်းကိုလဲ ကြော်ညာတယ်လို. မထင်စေချင်ပါ
ကိုယ်တွေ. အဖြစ်အပျက်ကလေးကို သိစေချင်တဲ့ စေတနာနဲ. မျှဝေတာပါ
ဒီဆေး ဈေးကြီးတာ ရောင်းတဲ့စနစ်က ဟာကွက်တွေရှိတာတွေကြောင့်
ဒီဆေးမှာရှိတဲ့ တကယ့် အစွမ်းလေးတွေကို ရောင်းတဲ့စနစ်ကို ကြည်.မရတဲ့စိတ်နဲ. သိမ်းကြုံးပြီး မကဲ့ရဲ.စေချင်ပါဘူး
အကိုရေးတဲ့စာတွေကို ညီမသိပ်ကြိုက်ပါတယ် ဖတ်ပြီးတဟားဟားနဲ. ရယ်နေကျပါ
ဒီဆေးအကြောင်းကို ကိုယ့်အမြင်နဲ.သိမ်းကြုံးဝေဖန်ထားတာတော့ စိတ်မကောင်းဖြစ်မိပါတယ်
ဒါပေမယ့် အကိုရေးတဲ့စာတွေကို ဆက်ပြီးအားပေးသွားမှာပါ
အမှားပါရင်ခွင့်လွှတ်ပါရှင်

Benjamin Lin said...

လင်ဇီးအချဉ်ဖမ်းသံသရာ....အ ရမ်း ကို သ ဘော ကျ အား ရ တယ် ဗျာ အ ကို.....အ ခု လည်း စင် ကာ ပူ မှာ အဲ့ ဒီ လို မျိုး လူ တွေ ကို အ ယုံ သွင်း ပြီး လိမ် စား နေ ကြ တယ်....မြန်မာ ပ ရိတ် သတ် ကို က ၃၀၀ ကျော် လောက် ရှိ တယ် လို့ သိ ရ တယ်....ကျွန် တော့ အိမ် ရှင် တွေ အ ပါ အ ဝင် ပေါ့ ဗျာ။