Thursday, May 24, 2012

49.2 အမှတ်တရ ဖဲဝိုင်းဖမ်းခံထိတဲ့နေ့



ဟို တစ်ရက်က.. မျှော်လင့်မထားတဲ့ ဖုံးတစ်လုံး ၀င်လာတယ်..။ ကျောင်းမပြီးခင်ကတည်းက.. မတွေ့ဖြစ်တော့တဲ့ သူငယ်ချင်းတစ်ယောက်ဆီက ဖုံးပဲ..။ ထူးခြားတာက.. အခု အဲဒီသူငယ်ချင်းက.. ဘုန်းကြီးဝတ်နဲ့ ဖြစ်နေတယ်..။ ပိုပြီးထူးခြားတာက.. သူလုပ်နေတဲ့ လုပ်ငန်းစဉ်မှာ.. တတပ်တအား ပါဝင်လှူဒါန်းစေခြင်ကြောင်း ပြောလာတာပဲ..။ အဲဒါထက် ပိုထူးခြားတာက.. သူ့လုပ်ငန်းဆိုတာ.. ရွှေဖြစ်ငွေဖြစ် ဖိုထိုးနေတာ ဆိုပဲ..။

ရွှေကလည်း.. ဖြစ်ခါနီးနေပြီတဲ့..။ အီလက်ထရွန် တစ်လုံး ဖယ်ထုတ်ဖို့ပဲ ကျန်တော့သတဲ့..။ တယ်လီဖုံးနဲ့ဆိုတော့လည်း.. ကျွန်တော့်မှာ.. ခွတီးခွကျပေါ့..။ သူပြောသမျှ ပြန်ပြောရတာကအစ.. ဘုန်းကြီးလို “ တင်ပါ့ဘုရား- မှန်ပါ့ဘုရား ” လို့ ပြောရခက်..။ ကျောင်းတုံးကလို “ ဟေ့ကောင်-မင်းဟာက ဟုတ်လို့လားကွာ ” လို့ ရင်းရင်းနှီးနှီး ပြောလို့ကလည်း မဖြစ်..။ အီလက်ထရွန်ကို ဖယ်ထုတ်ဖို့ဆိုတာကလည်း .. လွယ်တာမှတ်လို့..။ ကြားဖူးဖတ်ဖူးထားတာက.. အဏုမြူဗုံးဆိုတာ.. အဲဒီ အီလက်ထရွန်ကိုပဲ.. စွမ်းအင်အခြေမတူတဲ့ ပတ်လမ်းတစ်ခုကနေ အခြားတစ်ခုဆီကို လွတ်မြောက်စေတာကနေ ထွက်ပေါ်လာတာ လို့ပဲ..။

အဲဒါတော့.. သူ့ကို မပြောဖြစ်ပါဘူး..။ သူ့ယုံကြည်ချက်နဲ့ သူဆိုတော့လည်း.. သိပ်ကြီး ကပျက်ယပျက် မလုပ်ချင်တော့ဘူး..။ ဒီကြားထဲ.. သူက ဘုန်းကြီးဝတ်ကြီးနဲ့ဆိုတော့.. အားလည်း နာမိတယ်..။ ပြောလည်း ရမှာ မဟုတ်ဘူး..။ ကျောင်းမှာကတည်းက.. သူက.. ဓါတုဗေဒ.. ခရေဇီ သမား..။ အိပ်တာတောင်.. ရင်ဘတ်ပေါ် ဓါတုဗေဒစာအုပ်မှောက်.. အိပ်တဲ့ကောင်..။

ဒါထားတော့..။ အဓိကက.. သူဖုံးဆက်လာတာကနေ.. ကျောင်းတုံးက.. ဖဲမရိုက်ဘဲနဲ့ .. အဆောင်မှုးက ဖဲဝိုင်းဝင်ဖမ်းတော့.. သူ့ဖမ်းသွားတာ.. ခေါင်းထဲပေါ်လာတာ.. ပြောချင်လို့ပဲ..။ အဲဒီတုံးက.. သူ့ဘေးကုတင်မှာ ဖဲဝိုင်းရှိတယ်..။ သူက.. ဖဲငွေ့တောင်မလှုံဘဲ.. ဓါတုဗေဒ စာအုပ်လေး ရင်ဘတ်ပေါ်တင်ပြီး အိပ်ပျော်နေတယ်..။ ကျွန်တော်တို့ ပထမနှစ်တုံးက.. မန္တလေးစက်မှုတက္ကသိုလ်ကျောင်းအဆောင်တွေက.. hall-type တွေ..။ ရန်ကုန်မှာလို အခန်းသီးသန့်မဟုတ်ဘူး..။

ကုတင်တစ်လုံးနဲ့ တစ်လုံးကလည်း ကပ်လို့..။ အဲဒီတုံးက သူ့ဘေးကုတင်မှာက.. ၀ိုင်း ဖြစ်နေတယ်..။ ၀ိုင်းဖြစ်နေတယ် ဆိုပေမယ့်.. ဆရာလာဖမ်းမှာ စိုးလို့.. အဆောင်ရှေ့မှာ.. အစောင့်ထားသေးတယ်..။ စောင့်ပေးတဲ့ ကောင်က.. အခု စင်ကာပူမှာ.. အခြေကျနေတဲ့.. မျိုးသူရဆွေဆိုတဲ့ကောင်..။ အဲဒီကောင်က.. ထူးအိမ်သင် ခရေဇီ..။ ဂစ်တာတစ်လက်နဲ့.. အဆောင်ရှေ့မှာ.. ဆရာလာ-မလာကို ထူးအိမ်သင် သီချင်းလေးညည်းရင်း စောင့်ပေးရှာတယ်..။ ဒါပေမယ့်.. သီချင်းထဲ ဈာန်ဝင်သွားပြီး.. အဆောင်မှုး သူ့ဘေးကနေ.. ဖြတ်ဝင်သွားတာ.. သတိမထားလိုက်မိဘူး..။ သီချင်းကို ဖီးလ် အပြည့်နဲ့ မျက်စိတွေဘာတွေမှိတ်ပြီး.. အပြည့်ယူနေတော့.. ဆရာကို ဘယ်မြင်မလဲ..။

မျက်စိလည်း ပွင့်လာရော.. ဆရာက.. သူ့ကျော်ပြီး အဆောင်ထဲတောင် ရောက်နေပြီ..။ ဖဲဝိုင်းကကောင်တွေကတော့.. သူ့တို့ဇောနဲ့သူတို့ဆိုတော့.. ဘယ်သိမလဲ..။ အဲဒီတော့မှ.. သူကလည်း ကြောက်အားလန့်အားနဲ့ တာဝန်ကျေ လှမ်းအော်တယ်..။ “ ကို ဥက္ကာရေ.. ဆရာ လာတဲ့ ” တဲ့..။ ရိုက်နေကြတာက.. လူတွေအများကြီး.. ။ စောင့်ခိုင်းတဲ့ကောင်က.. သွေးရူးသွေးတန်းနဲ့.. မုံရွာသား ဥက္ကာ ကို နာမည်တပ်ပြီး.. အော်တော့.. ဥက္ကာကတော့.. နာမည်ပေါက်သွားပြီ..။ ပြေးမရတော့ဘူး..။

ကျန်တဲ့ကောင်တွေကတော့.. ၀ုန်းကနဲနဲ့ ခုန်ပြန်ကျော်လွှား လွတ်ရာ လွတ်ကြောင်း ပြေးကြတော့တာပေါ့..။ အဲဒီထဲက တစ်ယောက်က.. ကြောက်ကြောက်နဲ့ ထိုင်ရာကနေ ထခုန်ပြီး ပြေးတာ.. ဘေးကုတင်မှာအိပ်နေတဲ့.. စောစောက ဓါတုဗေဒစာအုပ်လေး ရင်ဘတ်ပေါ်မှောက်အိပ်နေရှာတဲ့.. သကောင့်သား ဗိုက်တက်နင်းမိတယ်..။ သူ့ဗိုက်တက်နင်းမိတော့.. အဲဒီကောင်လည်း.. “ အားကနဲ အော်ရင်း ငုတ်တိုင်ထထိုင်တယ် ”..။ အဲဒီအချိန် ဆရာက ရောက်လာတော့.. ဖဲထုတ်နဲ့.. ဗိုက်တက်နင်းခံရတဲ့.. ကောင်ပဲ ဖဲဝိုင်းနားမှာ ကျန်ခဲ့တော့တယ်..။

ကျန်တဲ့ကောင်တွေကတော့.. လွတ်သွားတာပေါ့..။ လွတ်တယ်ဆိုပေမယ့်.. တချို့က.. ဆရာမမြင်အောင်.. တံခါးကွယ်မှာ ပုံးနေတော့.. ထွက်မရသေးဘူး..။ ဆရာအပြန်ကို စောင့်နေရတယ်..။ အဲဒီတုံးက တံခါးကွယ်မှာ.. ပုံးနေတာက.. သစ်လွင်ဦးဆိုတဲ့ ကောင်..။ သူ့နာမည်ပြောင်က.. ရော့ခ်ပလွေ..။ ၁၉၉၁ လောက်မှာ.. ဇော်ဝင်းထွဋ်ရဲ့ “ ရော့ခ်တစ္ဆေ ” ဆိုတဲ့ ခွေထွက်တယ်..။ အဲဒီအခွေကို နားထောင်ပြီး.. ဇော်ဝင်းထွဋ်ရဲ့ အသံပါဝါက သူ့လောက် မကောင်းဘူးလို့ ပြောလို့.. သူ့ကို သူငယ်ချင်းများက.. ဟိုက ရော့ခ်တစ္ဆေ..မင်းက ရော့ခ်ပလွေ ဆိုပြီး နာမည်ပေးခဲ့ကြတာ..။

အဲဒီမှာ ဆရာက.. ဖဲထုပ်နဲ့ဝိုင်းကျန်ပိုက်ဆံတချို့ကို သိမ်းရင်း.. သူနဲ့အတူပါလာတဲ့.. အဆောင် EC ကို ပြောတယ်..။ အဆောင် EC ဆိုတာ.. ကျောင်းသားထဲက.. ပြန်ရွေးထားတဲ့ ကျောင်းသားပဲ..။ အဲဒီတုံးက.. ဆရာနဲ့ ပါလာတာက.. မောင်မောင်သန်း ဆိုတဲ့ ရေနံချောင်းသား..။ ဆရာက “ ဟေ့ မောင်မောင်သန်း.. ဖဲရိုက်တဲ့ကောင်တွေကို မှတ်ရအောင် ဘော့ပင်နဲ့ စာရွက် ယူခဲ့ ” လို့ ပြောတယ်..။ ဒါပေမယ့်.. မောင်မောင်သန်းက.. နားနည်းနည်း လေးတော့.. ဆရာမမြင်အောင် ပုံးနေတဲ့ကောင်တွေကို “ ဟေ့ ကောင်တွေ မင်းတို့ကို ဆရာတွေ့သွားပြီ- ထွက်ခဲ့ ” ဆိုပြီး တံခါးကြားက ကောင်တွေကို ဆွဲထုတ်လာတယ်..။

လာဖမ်းတဲ့ ဆရာတောင်.. ခွက်ထိုးခွက်လှန်ရီတယ်..။ သူခိုင်းတာက.. ဘော့ပင်နဲ့စာရွက်ယူခိုင်းတာ.. မောင်မောင်သန်းက.. သောက်တလွဲကြားပြီး ပုန်းနေတဲ့ကောင်တွေကို ဆွဲထုတ်လာတာကိုး..။ ရော့ခ်ပုလွေကဆိုတာ.. မိုးမွှန်နေအောင် ဆဲတော့တာပဲ..။ ဆရာက ဘော့ပင်နဲ့စာရွက်ယူခိုင်းတာကို သူတို့က ကြားပြီး.. ဟိုကောင် မောင်မောင်သန်းက.. မကြားဘဲ သူတို့ကို ဖော်ကောင်လုပ်မှတော့.. ဆဲပြီပေါ့..။

အဲဒီအကြောင်းက.. ခုတော့လည်း သူငယ်ချင်းများ ဆုံတိုင်း.. ပြောပြော ရီနေကြတဲ့.. ကျောင်းတုံးက.. အမှတ်တရ တစ်ခုကို ဖြစ်လို့..။





3 comments:

ko 9 said...

ကျောင်းသားဘဝပြန်လွမ်းသွားတယ်ဗျာ...

NSA said...

ပြုံးရာက တံခါးကြားကလူတွေ ဆွဲထုတ်ခံထိတော့ ရယ်မိတယ်...

San San Htun said...

တကယ့်ကို အမှတ်တရလေးတွေပါပဲ..ကျောင်းတုန်းက အဖြစ်တွေက ဘယ်အချိန် ပြန်တွေးကြည့်ကြည့် ရယ်မောရတယ်..ကြည်နူးရတယ်..