Thursday, July 22, 2010

47.2 အုံးဖေ (သို့) ကုန်းဖေ

အဖေ့ကို ကျန်တဲ့ညီအကိုမောင်နှမတွေက နာမည်ရင်း အုံးဖေ အစား ကုန်းဖေ လို့ ခေါ်ကြပါတယ်..။ အဖေက အတိုင်အတော အလွန်ထူတဲ့အပြင် ကုန်းချော ကုန်းတိုက်ကလည်း မောင်နှမတွေကြား အလွန်လုပ်လို့ ကုန်းဖေ နာမည်တွင်ခဲ့ဟန် ရှိပါတယ်..။ အဘိုးဖြစ်သူ ဦးဘိုးလှိုင်အလိုလိုက်တာကြောင့်လဲ အဖေ စိတ်ကြိုက်ဆိုးခွင့်ရခဲ့ဟန် ရှိပါတယ်..။

ဦးဘိုးလှိုင်ကလည်း အဖေ့ကို သည်းသည်းလှုပ်မျှ ချစ်ပါတယ်..။ ညတိုင်း အဖေက သူမအိပ်မချင်း ဦးဘိုးလှိုင်ကို “ အဘ ” “ အဘ ” နဲ့ ခေါ်ပါတယ်..။ ဦးဘိုးလှိုင်ကလဲ “ ဗျ ” “ဗျ” နဲ့ ခေါ်သမျှ တခွန်းမကျန် ပြန်ထူးလေ့ရှိပါတယ်..။ တခါတရံ အဖေ အိပ်ပျော်သွားပြီး ခေါင်းရင်းခြံက ဆိတ်တွေ “ပဲ” “ပဲ” နဲ့ အော်နေတာကိုတောင် ဦးဘိုးလှိုင်က သူ့မြေး ခေါ်သံထင်ပြီး “ဗျ” “ဗျ” နဲ့ ပြန်ထူးနေတတ်ပါသေးတယ်..။

နောက်ဆုံး ဘွားတင်က “ အဖေ့မြေးက အိပ်သွားတာ ကြာပေါ့ ” “ ခေါင်းရင်းခြံက ဆိတ်အော်သံကို မြေးခေါ်သံ ထင်မနေနဲ့ အိပ်တော့ ” ဆိုမှ ဦးဘိုးလှိုင် က စိတ်ချလက်ချ အိပ်တယ်လို့ ဆိုပါတယ်..။ တကယ်တော့ အဖေတို့ ညီအကိုမောင်နှမတတွေဟာ အဘိုးဖြစ်သူ ဦးဘိုးလှိုင်ရဲ့ စောင့်ရှောက်မှုနဲ့ ကြီးပြင်း လာခဲ့ကြရတယ်ဆိုရင် မမှားပါဘူး..။

ဦးဘိုးလှိုင်က သတ္တိဗျတ္တိနဲ့လည်း ပြည့်စုံတယ်လို့ ဆိုပါတယ်..။ အဖေ့ရဲ့ စိတ်ဓါတ်တော်တော်များများဟာ ဦးဘိုးလှိုင်ဆီက အမွေရခဲ့ဟန် တူပါတယ်..။

အဖေတို့ လူလားမြောက်တဲ့အချိန်က မြန်မာ့ပြည်တွင်းရေး အရှုပ်ထွေးဆုံး အချိန်ဆိုတော့ မြို့ မြို့အလျောက်၊ တော..တောအလျောက် သိပ်ကြီးငြိမ်းချမ်းလှတယ်လို့ မဟုတ်ပါဘူး..။ ဂျပန်က အပြေး၊ အင်္ဂလိပ်က တကျော့ပြန်အ၀င်.. ဂျပန်တွေ ကျန်ခဲ့တဲ့ သေနတ်တွေဆိုတာကလဲ ရွာတိုင်း အိမ်တိုင်းနီးနီးလောက်မှာ ဖောချင်းသောချင်း ရှိကြတာဆိုတော့ ဓါးပြတိုက်တယ် လူသတ်တယ်ဆိုတာ အတော့်ကို လွယ်လွယ်နဲ့ လုပ်နေကြတဲ့ အချိန်ပေါ့..။

အဖေတို့အိမ်မှာကို သေနတ် သုံးလက်ရှိတယ်လို့ ဆိုပါတယ်..။ ဦးဘိုးလှိုင်က တစ်လက်၊ အဖေ့ရဲ့အကိုအကြီးဆုံး ဦးခင်မောင်ကိုင်တာက တစ်လက်နဲ့ အဖေ့အထက်ကပ်လျက် ဦးဟန်စိန်က တစ်လက်.. ပေါင်းသုံးလက်ပေါ့..။ အဖေကတော့ အဲဒီအချိန်က ဆယ့်နှစ်နှစ်၊ဆယ့်သုံးနှစ်လောက်ပဲ ရှိသေးတာမို့ သေနတ်ကိုင်ခွင့် မရသေးပါဘူး..။

သေနတ်ကိုင်ချင်ရင် သူ့အကိုအကြီးဆုံး ဦးခင်မောင်ရဲ့ သေနတ်ကို ခိုးခိုးကိုင်ရလေ့ရှိပါတယ်..။ ဒါပေမယ့် ဦးခင်မောင်က အိမ်သိပ်မကပ်တော့ အဖေ့အနေနဲ့ တရားဝင် သာ သေနတ်ကိုင်ခွင့်မရတာ သေနတ်ကိုတော့ ကောင်းကောင်း ပစ်တတ်နေခဲ့ပါပြီ..။ အဲသလို သေနတ်ခိုးကိုင်တဲ့ အကျိုးကျေးဇူးက အဖေ့ဘ၀ လောကဓံခရီးမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်..။

တစ်ရက် အဖေတို့အိမ် ဓါးပြ အတိုက်ခံရပါတယ်..။ ဓါးပြတွေက ညဆယ့်နှစ်နာရီလောက် အိမ်ကိုဝင်စီးပြီး ဓါးစာခံအဖြစ် အဖေ့မိဘနှစ်ပါးနဲ့ ညီအကိုမောင်နှမ တချို့ကို ဖမ်းလိုက်ကြပါတယ်..။ အဖေက အဲဒီညက ဦးဘိုးလှိုင်နဲ့ အိမ်ပေါ်မှာ အိပ်တာမို့ အဖမ်းမခံရဘူး..။ အဖေ့အကို ဦးခင်မောင်က အဲဒီအချိန် တခြားရွာ ခရီးလွန်နေလို့ အိမ်မှာမရှိဘူး..။

အဲဒါနဲ့ အဖေက ဦးခင်မောင် သေနတ်ယူပြီး အဘိုးဖြစ်သူ ဦးဘိုးလှိုင်နဲ့ အိမ်အပေါ်ကနေ ဓါးပြတွေကို ခံ ပစ်ကြတယ်..။ အဖေ့အထက်က ဦးဟန်စိန် ကလည်း ၀ိုင်းထဲက ပဲမှော်တိုက်အောက်ကနေ ဓါးပြတွေကို ပစ်တယ်..။ ဓါးပြတွေက အဲသလို အပစ်ခံရတော့ ဘွားတင်ကို အကျပ်ကိုင်ပြီး အော်ခိုင်းတယ်။ “ အမေတို့ကို မိထားပြီ.. အုံးဖေတို့ ဟန်စိန်တို့ မပစ်ကြပါနဲ့ ” ပေါ့..။

ဒါပေမယ့် အဖေတို့က နားမထောင်ဘူး..။ အော်လေ တွန်းပစ်လေ ပဲ..။ နောက်ဆုံး ဓါးပြ လေးယောက်သေပြီး ဓါးပြတွေ ထွက်ပြေးကြတော့တယ်..။

နောက်နှစ်ရက်အကြာ.. အဲဒီသတင်းကြားတဲ့ မြို့က အာဏာပိုင်တွေ ရောက်လာပြီး ဓါးပြတွေကို ခံချတဲ့ အဖေတို့ ညီအကိုနှစ်ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ မြင်းစီးရိုင်ဖယ် နှစ်လက် ဆုချတယ်..။

အဲဒီကစပြီး ပစ်ချင်ခတ်ချင်၊ တိုက်ချင်ခိုက်ချင်တဲ့စိတ်က အဖေ့ဆီမှာ သန္ဓေတည်သွားခဲ့ပါတော့တယ်..။

6 comments:

Rita said...

bro!
သိပ်လည်း အဆက်ဖြတ်မထားပါနဲ့လေ။

navana said...

အင်း.. ဟုတ်ပ။ မရေးဖြစ်တာ တစ်နှစ်နီးသွားပြီ..။ password တောင် မေ့သွားလို့ မနည်း ပြန်စဉ်းစားရတယ်..။

ဒီလိုပါပဲ..။ အကြောင်းကြောင်းတွေက ရှေ့မှာ ပိတ်ဆို့ကားဆီးနေတာ မနည်းလှတော့ ရေးချင်ပေမယ့် မရေးဖြစ်ခဲ့ဘူး..။

ညီမရော အေးအေးဆေးဆေးပဲလား..။

အခုလို ပြန်ရေးဖြစ်ဖြစ်ခြင်း သတိတရနဲ့ အရင်ဆုံး လာဖတ်တဲ့အတွက် ကျေးဇူးပါ..။

Rita said...

မလိုတာတွေ ခေါက်ထားလို့ရရင် အေးဆေးသွားတာပါပဲ အစ်ကို

အစ်ကို စာများများ ရေးနိုင်ပါစေ။ မဟုတ်ရင် ဖတ်ရမယ့် ဘလော့တစ်ခု လျော့နေတယ်။
=)

Htoo Myat said...

ဖိုက်တာမျိုးရိုးပဲဗျ။ အဟီး

Unknown said...

အစ်ကိုရေ လွန်ခဲ့တဲ့တစ်နှစ်ခွဲကျွန်တော်ကGoogleကမိတ္ထီလာမြို့ဆိုတဲ့နာမည်ကိုရှာရင်း မထင်မှတ်ပဲ အစ်ကိုBlogလေးကိုတွေ့မိသွားတယ် ။အဲဒီမှာ စဖတ်ရင်းနဲ့
(3)ရက်လောက်ဆက်တိုက်ဖတ်မိတယ် ။အစ်ကိုရေ..
သဘောလဲကျတယ်..။လေးလဲလေးစားတယ်ဗျ...။
ပြီးတော့လဲ ကျွန်တော်ခဏခဏလာလည်ပါတယ်..။
အခုလိုစာပြန်ရေးတာ သိရတော့ အရမ်းဝမ်းသာတယ်ဗျာ...။

Unknown said...

အစ်ကိုရေ လွန်ခဲ့တဲ့တစ်နှစ်ခွဲကျွန်တော်ကGoogleကမိတ္ထီလာမြို့ဆိုတဲ့နာမည်ကိုရှာရင်း မထင်မှတ်ပဲ အစ်ကိုBlogလေးကိုတွေ့မိသွားတယ် ။အဲဒီမှာ စဖတ်ရင်းနဲ့
(3)ရက်လောက်ဆက်တိုက်ဖတ်မိတယ် ။အစ်ကိုရေ..
သဘောလဲကျတယ်..။လေးလဲလေးစားတယ်ဗျ...။
ပြီးတော့လဲ ကျွန်တော်ခဏခဏလာလည်ပါတယ်..။
အခုလိုစာပြန်ရေးတာ သိရတော့ အရမ်းဝမ်းသာတယ်ဗျာ...။