Thursday, July 22, 2010

47.1 မြေတိုင်းစာရေးကြီး ဦးဘိုးလှိုင်

အဖေ့အကြောင်း ရေးတော့ ဘွားတင်ရဲ့အဖေ ဦးဘိုးလှိုင် အကြောင်းပါ ထည့်ရေးမှ ပြည့်စုံမယ်လို့ တွေးမိတယ်..။ ဘာဖြစ်လို့လည်း ဆိုတော့ အဖေက ဦးဘိုးလှိုင်ရဲ့ အချစ်ဆုံးမြေး..။ ဦးဘိုးလှိုင်က ကိုလိုနီခေတ် အစိုးရ၀န်ထမ်း၊ တစ်လကို လစာ သုံးကျပ်ခွဲရတဲ့ မြေတိုင်းစာရေးကြီး..။ မြေတိုင်းစာရေးဆိုတာ ကိုလိုနီခေတ် တောင်သူလယ်သမားတွေရဲ့ ကောက်ပဲသီးနှံစိုက်ပျိုးဖြစ်ထွန်းမှုကို လယ်ခင်းယာခင်းအရောက် ကိုယ်တိုင် သုံးသပ်လေ့လာပြီး အစိုးရကိုယ်စား မြေခွန်တော် စည်းကြပ်ကောက်ခံရသူပဲ..။

သီးနှံအထွက်နှုန်းကောင်းတဲ့ လယ် ကို အခွန်လျော့ပေါ့ ကောက်ခံတာတို့၊ ပုံမှန်လောက်သာထွက်တဲ့ လယ်ကို အခွန်စည်းကြပ်မှု လျှော်ပစ်တာတို့ ဆိုတာ ဦးဘိုးလှိုင်ရဲ့လက်ဖျား ငွေသီးစေတဲ့ လုပ်ပိုင်ခွင့်တွေပေါ့...။ ရာသီအလိုက် သီးနှံရိတ်သိမ်းချိန် ရောက်တိုင်း ဦးဘိုးလှိုင်က.. ဆူးဖြူးကုန်း နယ်တကျောက လယ်ယာမြေ တွေကို စနည်းနာ ထွက်လေ့ရှိတယ်..။

အဲသလို စနည်းနာ မထွက်ခင် ညမှာ “ မနက်ဖန်.. မနက်၊ ရုံးရင်းတောအပိုင်း အကွက်အမှတ် (----- မှ ------ အထိ) မြေတိုင်းစာရေးကြီး ဦးဘိုးလှိုင်မှ ကွင်းဆင်း စစ်ဆေးမည်ဖြစ်ပါသဖြင့် သက်ဆိုင်ရာ အခင်းရှင်များအနေဖြင့် မိမိတို့ ယာကွက်မှ အသင့်စောင့်ဆိုင်းနေကြပါရန် အသိပေးနှိုးဆော်အပ်ပါတယ် .. ဗျို့ ” ဆိုပြီး ဗျို့ဟစ်မောင်းထုလေ့ ရှိပါတယ်..။

မောင်းသံ ကြားတာနဲ့ တချို့အခင်းရှင်တွေက ဦးဘိုးလှိုင်အိမ် လာပြီး.. သူတို့အကွက် အခွန်တော် လျော့ပေါ့စေရန် အလို့ငှာ အသပြာ ငွေတစ်မတ်ကို ဦးဘိုးလှိုင်ရှေ့ချထားတဲ့ ကွမ်းအစ်ထဲ ထည့်ပါတယ်..။ တစ်ယောက် တစ်မတ်ဆိုပေမယ့် တောင်သူတစ်ရာ မတ်တစ်ရာ..။ မတ်တစ်ရာ ငွေနှစ်ဆယ့်ငါးကျပ် ဆိုတော့ တစ်လတစ်လ လစာ သုံးကျပ်ခွဲရတဲ့ မြေတိုင်းစာရေးကြီးရဲ့ ၀င်ငွေကို တွက်သာကြည့်ပေတော့..။

ဒီကြားထဲ ဦးဘိုးလှိုင်က ရလာသမျှ ၀င်ငွေအားလုံးကို ရင်းနှီးမြုပ်နှံမှုအဖြစ် လယ်ယာမြေတွေပဲ ပြန်ဝယ်တော့ ဧက ထောင်ချီပိုင်တဲ့ မြေပိုင်ရှင်ကြီး ဖြစ်လာ ခဲ့တယ်..။ ဒါတင်မက ပိုင်ဆိုင်သမျှ လယ်မြေအားလုံးကို မြေစုမြေငှားချလိုက်ပြန်တော့ ဦးဘိုးလှိုင်ရဲ့ စီးပွားရေးက ဒီလှိုင်းတွေလိုဆပွားတိုးလာခဲ့တော့တယ်။

မြေစုမြေငှားချတယ်ဆိုတာ.. ကိုယ့်မြေကို တကယ်လယ်လုပ်မယ့်သူဆီ အငှားချပြီး ထွက်ရှိလာတဲ့ ကောက်ပဲသီးနှံကို မြေရှင်နဲ့ မြေငှား အချိုးကျ ခွဲဝေ ယူကြတာပါပဲ..။

မြေရှင်က သီးနှံစတင်စိုက်ပျိုးချိန်မှာ မျိုးစေ့ စိုက်ထုတ်မပေးရရင် ထွက်လာတဲ့ သီးနှံရဲ့ သုံးဆယ်ရာခိုင်နှုန်း ဝေစုရပြီး၊ မျိုးစေ့ စိုက်ထုတ်ပေးရရင်တော့ ငါးဆယ်ရာခိုင်းနှုန်း မြေစုပြန်ရပါတယ်...။

ဘွားတင်က ဦးဘိုးလှိုင်ရဲ့ တစ်ဦးတည်းသော သမီးဖြစ်တာမို့ ဦးဘိုးလှိုင် ရှာသမျှ စည်းစိမ်တွေဟာ အဖေတို့ ညီအကိုမောင်နှမ ဆယ့်သုံးယောက်အတွက် ပိုလျှံတာထက်ကို ပြည့်စုံစေခဲ့ပါတယ်..။

3 comments:

သူကြီးမင်း (တုံးဖလား) said...

ကိုနဗနတို့က ဆွေကြီးမျိုးကြီးထဲကကိုး။ ဖတ်လို့ကောင်းပါ့ဗျား။ ထပ်လာပြီး ဖတ်ရဦးမယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ÁLVARO BÓMEZ CASTRO said...

Good morning: I've followed with great interest publications. I'm teaching and I am dedicated to trying to implement strategies that can bring culture to all corners of the world. If you want to visit my blog dedicated to literature and philosophy, the address is:

http://alvarogomezcastro.over-blog.es
Greetings

Saytana said...

ဘာတွေရေးထားလည်း တော့မသိဘူး။ ပုံလေးတွေတော့ ကြည့်လို့ရတယ်။
------------
မြန်မာတဲ့ မြန်မာ
ကိုယ့်ဘာသာ ကိုယ့်စကားရယ်နဲ့
ကိုယ့်စာပေ တမူခြားတာကြောင့်
ကမ္ဘာမှာ ငါတကားရယ်လို့
ကြွားဝံ့စရာ
အရေးမှာ တကယ်မိပါမှ
ထူးပါဘိ မြန်မာစာ
ဂုဏ်ယူပါစေသား
အို မြန်မာ... ကိုယ့်ဂုဏ်ကိုယ်.... မဖျက်ပါနဲ့

-----------
http://yangoncityfm.ourtoolbar.com