Wednesday, August 12, 2009

45.5 တရုတ်ပြည်သွားတောလား နိဂုံး

တရုတ်ပြည်နဲ့ပါတ်သက်လို့.. ဟိုပြောဒီပြော.. ခပ်သောသောလေး ပြောခဲ့တာ.. ကုန်သလောက် စုံသလောက် ရှိသွားခဲ့ပြီ..။ ပြောစရာကျန်တာဆိုလို့.. တရုတ်ပြည်က (ကျွန်တော်တို့တွေ့ဆုံခဲ့ရတဲ့) ကုမ္ပဏီတွေ အကြောင်းရယ်.. သူတို့ရဲ့ စီးပွားရေးလုပ်ထုံးလုပ်နည်းတွေ အကြောင်းရယ်.. ရဲမြင့်ခေါ် ရေမြင်းရဲ့ တရုတ်ပစ္စည်းများ ခန့်မှန်းဈေးဖြတ်နည်းရယ် လောက်ပဲ ကျန်တော့တယ်..။

အဲဒါလေးတွေကို တရုတ်ပြည်သွားတောလားရဲ့ နိဂုံးအဖြစ်.. အကျဉ်းရုံးပြီး (အကျယ်လည်းရေးစရာမရှိပါ) နည်းနည်းရေးလိုက်ရပါတယ်..။

စီးပွားရေးပြုပြင်ပြောင်းလဲမှု အကျိုးဆက်အဖြစ်နဲ့ တရုတ်ပြည်မှာ.. နိုင်ငံတကာနဲ့ ဆက်သွယ်ဆက်ဆံတဲ့.. အကြီးစား၊အသေးစား၊ အလတ်စား၊ ပိစိကွေး လုပ်ငန်းတွေ ပေါ်ပေါက်လာခဲ့ရတယ်..။ တချို့လုပ်ငန်းတွေကျတော့လည်း ပြည်တွင်းလိုအပ်ချက် ပြည့်မီရေးတောင် မနည်းဖြည့်စွမ်းနေရလေတော့.. နိုင်ငံတကာကုန်သွယ်မှု အတွေ့အကြုံမရှိဘဲ.. လုပ်ငန်းကြီးကတော့ ဧရာမ လုပ်ငန်းကြီးတွေ ဖြစ်နေတာ တွေ့ရပါတယ်..။

တချို့ကျတော့လည်း ပြည်တွင်းပြည်ပ ဒေါင်ဒေါင်မြည် ဆက်ဆံနိုင်တဲ့အထိ.. International Organization တွေ ဖြစ်နေကြပါပြီ..။

များသောအားဖြင့်တော့.. ကွန်မြူနစ်လက်အောက်မှာ နှစ်ပေါင်းများစွာနေလာခဲ့တဲ့ ဒေသခံတရုတ်တွေထက်.. ဟောင်ကောင်၊မကာအို၊တိုင်ဝမ် အစရှိတဲ့ နိုင်ငံခြားတိုင်းပြည်က တရုတ်တွေက ပိုပြီး စီးပွားရေးအမြင် လည်ဝယ်တာ တွေ့ရပါတယ်..။

ကျွန်တော်တို့ စက်ပစ္စည်းဝယ်တဲ့ စက်ရုံတစ်ရုံဆိုရင်.. ဒေသခံတရုတ်တွေ ပိုင်တာဖြစ်တဲ့အပြင်.. သူတို့ရဲ့ ဖောက်သည်တွေကလဲ ပြင်ပကဆိုလို့ ကျွန်တော်တို့ပထမဦးဆုံးဖြစ်နေလေတော့.. အရောင်းအ၀ယ်စာချုပ် လုပ်မယ်ဆိုလည်း.. ကြိုက်သလိုသာလုပ်ဆို ပြီး လက်မှတ်ထိုးပေးတယ်..။

ငွေရေးကြေးရေးကိုလည်း.. ကြိုက်တဲ့ပုံစံနဲ့သာ ပေးဆိုပြီး သဘောတူတယ်..။ သင်္ဘောတင်ဖို့.. ပစ္စည်းတွေထုတ်ပိုးဖို့ ဆိုရင်လည်း.. သူတို့သိမနေဘူး..။ လိမ်မယ်ကောက်မယ်ဆိုတဲ့သဘောမျိုး ဝေးလို့.. ရှိသင့်ရှိထိုက်၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့.. အရောင်းအ၀ယ်စာချုပ်တစ်ခု ဖြစ်ရေးကိုတောင်.. ကျွန်တော်တို့ကပဲ ဦးဆောင်ခဲ့ရတယ်..။

တကယ့်ကို.. နိုင်ငံတကာစီးပွားရေးအဖွဲ့အစည်း အဆင့်မီနေတဲ့.. ကုမ္ပဏီကျတော့လည်း.. ကျွန်တော်တို့နဲ့ ဈေးစကားပြော၊ ဈေးဖြတ်.. လက်ခံတွေ့ဆုံ ဆွေးနွေးတာက.. မြန်မာ့မျက်စိနဲ့ကြည့်ရင် ငချွတ်ကလေးသာသာပဲ..။

အဲဒါကတော့.. တရုတ်ပြည်မကြီးက ကုမ္ပဏီလုပ်ငန်းစုတွေကို .. ကိုယ်စားပြုတဲ့အမြင်ဖြစ်ချင်မှ ဖြစ်ပေမယ့်..ကျွန်တော်တို့ ထိတွေ့သိမြင်ခဲ့ရတဲ့ တစိတ်တပိုင်းရုပ်လုံးပါပဲ..။

တခြားမှတ်မှတ်သားသား ပြောစရာဆိုလို့.. ရေမြင်း ရဲ့ တရုတ်လုပ်ပစ္စည်းများ ကြမ်းခင်းဈေးဖြတ်နည်း သီဝရီ အကြောင်း ပြောရမှာပဲ..။

စက်ရုံတစ်ရုံရောက်လို့.. ဘယ်ပစ္စည်းကဘယ်ဈေးလို့.. ဈေးဖွင့်တာနဲ့ ရေမြင်းက .. ဂဏန်းတွက်စက် ကောက်ကိုင်ပြီး.. ဈေးများတယ်.. ဈေးနည်းတယ်.. ဈေးချောင်တယ်.. တန်တယ်.. စသဖြင့်.. တန်းပြောလို့.. ဘယ်လိုတွက်လိုက်တာလဲ လို့ စပ်စုမိတယ်..။

ဒါများအလွယ်လေး.. သူတို့ပစ္စည်းရဲ့ အလေးချိန်ကို.. မြန်မာပြည်က သံဈေးနဲ့ မြှောက်.. ရလာတဲ့ရလာဒ်ကို သုံးဆပြု လိုက်တာလို့.. ရေမြင်းကပြောတယ်..။

ဥပမာ တရုတ်လုပ်.. Generator တစ်လုံးရဲ့ ဈေးဆိုရင်.. စက်အလေးချိန် တစ်တန်လေးရင်.. သံဈေးတစ်တန် သုံးသိန်းလောက်နဲ့ မြှောက်ပြီး.. သုံးဆထပ်ပြုတော့ ကိုးသိန်းပေါ့..။ စက်ပစ္စည်းမှာ ထည့်သွင်းတပ်ဆင်ထားတဲ့.. Technology မြင့်တာမမြင့်တာ.. သုံးထားတဲ့ပစ္စည်းတွေ Quality ကောင်းတာမကောင်းတာ စတာတွေကို ထည့်မတွက်တော့ဘူးလားလို့ ကျွန်တော်က စောဒကတက်တော့.. “ခင်ဗျားတို့အခုဝယ်တဲ့ စက်တွေမှာ.. အဲဒါတွေထည့်တွက်စရာ ဘာပါလို့လဲ ” တဲ့..။

ရေမြင်းက ပြန်ပြောတယ်..။

ဟုတ်တော့လည်း ဟုတ်ပါတယ်..။ တရုတ်လုပ် စက်ပစ္စည်းတွေ အထူးသဖြင့် သံထည်ကြီးတွေနဲ့ ခိုင်ခိုင်ခန့်ခန့် လုပ်ထားတဲ့ စက်တွေဆိုရင်.. မူလီ၊၀က်အူကနေ.. ရှိသမျှ ပစ္စည်းအားလုံး တရုတ်ပြည်တွင်းဖြစ်တွေချည်းပဲ ဆိုတော့.. ရေမြင်းရဲ့ တွက်နည်းက.. နည်းနည်းတော့ အကြမ်းဖျဉ်းမှန်းဆနိုင်တာ တွေ့ရပါတယ်..။

ကဲ.. အဲဒါလေးကို.. တရုတ်ပြည်သွားတောလားရဲ. နိဂုံးချုပ်အနေနဲ့.. မျှဝေလိုက်ရပါကြောင်း..။

4 comments:

မြစ်ကျိုးအင်း said...

အကိုရေ ဘာရေးရေး ငေးမောပြီးတော့ကို ဖတ်ရှုရတဲ့ အထိကောင်းလွန်းတယ်...။
အမြဲလာဖတ်နေကြပေမယ့် မှတ်ချက်ရေးဘို့ လက်တွန့် မိတယ်...။
သူငယ်ချင်းတယောက်ပေးလို့ အစကနေ အဆုံးထိ တထိုင်တည်း ထိုင်ဖတ်တာ အိပ်ရေးပျက်ပြီး အလုပ်တရက်ပျက်ခဲ့ဖူးတယ်။
အဲဒါ ၂၀၀၈ နှစ်ကုန်ခါနီးကပေါ့...။
သဘောကျနှစ်သက်လွန်းလို့ ကျွန်တော်ကိုယ်တိုင် ဘလော့တခု တည်ဆောက်ဖြစ်ခဲ့တယ်။
နောက်ထပ်ပို့စ်တွေကို အမှန်တကယ် မျှော်နေပါတယ်။
ခင်မင်လေးစားအားကျလျက်...။

Rita said...

ဒါဖြင့် တရုတ်ပစ္စည်းက အခွံနီးပါးပေါ့

Ko Boyz said...

သူပြောချင်တာကနည်းပညာတွေက အလကားနီးပါး ဖြစ်သွားတာ...။
အခွံချည်းဆို ကြက်တန်းက သံဈေးမှာ သံစိမ်းဈေးတောင် ရမှာမဟုတ်ဘူး မိငိုတာရဲ့...။

nyimuyar said...

ကိုဏဗဏ ရဲ့ သူငယ်ချင်း ရေမြင်း ဈေဖြတ်ပုံက တော့ အံ့မခန်းပါပဲလားဗျာ