Wednesday, August 12, 2009

45.2 Dongguan ( တုံးကွမ် ) က ငပွေး

တရုတ်ပြည်မှာ ကျွန်တော်တို့နဲ့ ရင်းနှီးအဖွဲ့ကျတဲ့ တက်စီဒရိုင်ဘာ တစ်ယောက်ရှိတယ်..။ သူ့ပုံက မျက်စိမှေးမှေး၊ ပိတ်တိပ်တိပ် နဲ့မို့ ငပွေး လို့ ကျွန်တော်တို့က ခေါ်တယ်..။ သူက ကျွန်တော်တို့ကို GPS နဲ့ လိုက်ပို့တယ် ဆိုတဲ့ တုံးကွမ်စက်မှုဇုန်နယ်ထဲက ဟုတ်ကျယ် ဆိုတဲ့ မြို့ကပဲ..။ အဲဒီ ဟုတ်ကျယ်မှာ ကျွန်တော်တို့ တည်းနေကျ Sunshine Capital ဆိုတဲ့ ဟိုတယ် ရှိတယ်..။ တုံးကွမ်ကို ရောက်တိုင်း ကျွန်တော်တို့အဖွဲ့ အဲဒီမှာပဲ တည်းလေ့ ရှိတယ်။ စီးပွားရေးအချက်အချာကျတဲ့ နေရာမှာ ရှိတဲ့ ဟိုတယ်ဆိုတော့... ယောက်ျားသားတို့ပျော်စရာ အကုန်အစုံ ရှိတဲ့ ဟိုတယ်ပဲ..။ ဘား၊ နိုက်ကလပ်၊ ကာရာအိုကေ အားလုံး ရှိတယ်..။

ငပွေးက အဲဒီဟိုတယ်အောက်မှာ အမြဲဂိတ်ထိုးလေ့ရှိတဲ့ တက်စီဒရိုင်ဘာ ပေါ့..။ ငပွေးက လူနောက်..။ အင်္ဂလိပ်လို တစ်လုံးမှ မတတ်ပေမယ့်.. လက်ဟန်ခြေဟန်မျိုးစုံလုပ်ပြီး.. သူပြောချင်တာကို ရအောင် ပြောတတ်တယ်..။ အဲသလိုမျိုး လက်ဟန်ခြေဟန်အလုပ်ကောင်းလို့လည်း တခြားတက်စီဒရိုင်ဘာတွေထက် သူ့ကိုပိုပြီး မှတ်မှတ်ထင်ထင် ရင်းနှီးသွားခဲ့ကြတာပဲ..။ ငပွေးနဲ့ စတွေ့တာက. ကျွန်တော်တို့အဖွဲ့ ညနေခင်းလမ်းလျှောက်ဈေး ပတ်မယ်အတွေးနဲ့ ဟိုတယ်အောက် ဆင်းလာတဲ့အချိန်၊ သူက ဟိုတယ် Lobby မှာ ငုတ်တုတ်ထိုင်ပြီး ဧည့်မျှော်နေတဲ့ အချိန် တွေ့ကြတာပဲ..။

တွေ့တွေ့ချင်းပဲ ငပွေးက ဘာမပြောညာမပြောနဲ့ ကျွန်တော်တို့အဖွဲ့ကို လက်ဟန်ခြေဟန်နဲ့ သူလုပ်ပေးနိုင်တဲ့ services မျိုးစုံ သရုပ်ပြပါတယ်..။ သူဟာ တက်စီဒရိုင်ဘာ တစ်ယောက်ဖြစ်ကြောင်း လက်ဟန်ခြေဟန်နဲ့ သရုပ်ဖော်တာ.. ကိစ္စမရှိပေမယ့်.. မိန်းကလေးများနဲ့ ပျော်ပါးချင်ရင်လည်း သူကူညီနိုင်တဲ့အကြောင်း သရုပ်ပြတဲ့အခါမှာတော့ အကုန်လုံး ခွကျကုန်ပါတော့တယ်..။ တရုတ်မဟုတ်၊ အင်္ဂလိပ်မဟုတ် အသံ အူးအူးအဲအဲ နဲ့ ယောက်ျားမိန်းမ ကိစ္စတွေကို body language နဲ့ သူလုပ်ပြတာကိုကြည့်ပြီး ကျွန်တော်တို့မှာ.. ရှက်နိုးနိုးနဲ့ အိုးတို့အမ်းတန်း ဖြစ်ကြရပါတယ်..။

နောက်ဆုံး ရေမြင်းက တရုတ်လို တစ်ခွန်းစ နှစ်ခွန်းစ လှမ်းပြောမှ စပ်ဖြီးဖြီးနဲ့ ငပွေး တခန်းရပ်သွားတော့တယ်..။ အဲဒီကနေ စပြီး ငပွေးနဲ့ ကျွန်တော်တို့ အဖွဲ့ကျသွားခဲ့ကြတယ်..။ တရုတ်ပြည်မကြီးရဲ့ ညဉ့်ငှက်မလေး များအကြောင်းလည်း ငပွေးကနေတဆင့် .. ထဲထဲဝင်ဝင် သိခဲ့ကြရတယ်..။ သူတို့ဆီက ကြမ်းခင်းဈေး ယွမ်နှစ်ရာ့ငါးဆယ်ဆိုတာ.. မြန်မာငွေ ငါးသောင်းလောက် ရှိပါတယ်..။ ငပွေးအဆိုအရ.. အဲသလို ခန္ဓာကိုယ်ရောင်းစား ကြသူတွေထဲမှာ.. စက်မှုဇုန်ထဲက .. အလုပ်သမ လေးတွေလည်း အချိန်ပိုင်းဆန်ဆန် ၀င်လုပ်နေသူတွေ ရှိတာ သိရတော့.. ကိုယ့်နိုင်ငံက စက်မှုဇုန်တွေဆီ အတွေးက ရောက်သွားခဲ့သေးတယ်..။

ငပွေးကတော့ သူပြောတာမယုံရင် ကောင်မလေးတွေဆီက ၀န်ထမ်းကဒ် တောင်းကြည့်လို့ ရတယ် ပြောပေမယ့်.. သိပ်ကြီး ငြင်းလောက်တဲ့ ကိစ္စရယ်လို့ မထင်တာကြောင့် သူ့အဆိုကို ကန့်ကန့်ကွက်ကွက် တော့ မလုပ်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က.. မလေးရှားက မိတ်ဆွေတစ်ယောက် ရန်ကုန်လာလို့ သူ့ကို ညဖက် .. Park Royal ဟိုတယ်က နိုက်ကလပ် ကို လိုက်ပို့ဖူးတယ်..။ နိုက်ကလပ်မှာ သောက်စားပြီးလို့ အပြန်မှာ အဖော်အလှော်လေး လိုချင်တယ်ပြောလို့.. နီးစပ်ရာ ခေါ်ယူဈေးညှိကြည့်တော့.. ငါးသောင်း တဲ့..။ ဒါတောင်မှ.. နိုင်ငံခြားသား အလာများတဲ့ Park Royal လို နေရာကမို့ အဲသလောက် ဈေးဖြစ်နေတယ် ဆိုပေမယ့် ကျန်တဲ့နေရာတွေမှာလည်း သုံးလေးသောင်းအောက် မလျော့ပါဘူး..။

နောက်တနေ့မနက်.. အဲဒီမိတ်ဆွေနဲ့ ပြန်တွေ့တော့.. ညက သူခေါ်သွားတဲ့ မိန်းကလေးအကြောင်း စကားစပ်မိရာကနေ.. စက်မှုဇုန်တွေမှာ အလုပ်လုပ်နေကြတဲ့.. အလုပ်သမလေးများရဲ့ လစာ ကို သူမေးလို့ ပြောမိတယ်..။ တစ်လတစ်လ သုံးလေးသောင်းတော့ ရမှာပေါ့ လို့ ကျွန်တော်ဖြေတော့.. “ It is very attractive to be a prostitue, here ” လို့ သူက မှတ်ချက်ပြုတယ်..။ စိတ်ထဲမှာ.. သူ့မှတ်ချက်ကို မခံချင်သလို ဖြစ်မိပေမယ့်.. သူက အရမ်းကာရော မှတ်ချက်ချတာမဟုတ်ဘဲ.. ၀န်ထမ်းလစာနဲ့ prostitue ညကြေး ကို နှိုင်းယှဉ် ပြောတာမို့.. မခံချင်ပေမယ့် ခံခဲ့ရပါတယ်..။

သူရောက်ဖူးတဲ့ တခြားနိုင်ငံတော်တော်များများမှာ.. ကောင်းရောင်းကောင်းဝယ်လုပ်စားရင် ရမယ့် အနိမ့်ဆုံးလစာ ဟာ.. prostitue လုပ်စားလို့ ရမယ့် ညကြေးထက် အနည်းဆုံး ဆယ်ဆလောက် ရှိသတဲ့..။ အခု ဒီမှာက.. တစ်လလုံး ပင်ပင်ပမ်းပမ်း အလုပ်လုပ်လို့ ရမယ့်လစာနဲ့ ညကြေးက အချိုးတူလောက် ဖြစ်နေတော့.. အနည်းနဲ့အများ Impact ရှိကို ရှိတယ်လို့ သူကတော့ ထောက်ပြသွားခဲ့တယ်..။

ပြည်မကြီးမှာလည်း.. အနိမ့်ဆုံးလစာက.. ယွမ်ရှစ်ရာ၊ တစ်ထောင် ၀န်းကျင်လောက်ပဲ ရှိတာဆိုတော့ လစာ-ညကြေး အချိုးက သိပ်ကြီး မြင့်လှတယ်မှ မဟုတ်ဘဲလေ...။

6 comments:

:P said...

ဟုတ်နေတယ်နော်.....၊ အဲလိုကြီး နှိုင်းယှဉ်မတွေးဖူးဘူး....။

ဟူး............။

Rita said...

အင်း ခုမှ တွေးမိတော့တယ်။
အချိုး အပြင် နောက်တခုရှိတာက.. ကောင်းရောင်းကောင်းဝယ်နဲ့ ရတဲ့ လစာဟာ လုံလုံလောက်လောက် ရှိနေမယ် ဆိုရင်လဲ ဆိုသလောက် ဆိုးလှမယ် မထင်ဘူး။ မလုံလောက်တော့ ပိုဆိုးတာပေါ့။

Ko Boyz said...

ဒါက တွန်းအားတစ်ခု ဖြစ်နေခဲ့တယ်လို့ ပြောရင် လက်ခံနိုင်မလား။
ကျွန်တော်တော့ လက်ခံနေခဲ့တယ်ဗျာ။

Summer Field said...

တုံးကွမ်က ငပွေး ပို့စ်ကို ရင်လေးစွာနဲ့ အတွေးပွားမိလိုက်တယ်..။ In order to be less attractive, ဘယ် ကိန်းဂဏန်းကို မြှင့်ပြီး ဘယ်ကိန်းဂဏန်းကို နှိမ့်ရမလဲလို့...?????

yy said...

ဦးလေး က ဈေးမေးရုံပဲ ဆိုတာ ယုံဘူးနော်

Unknown said...

ကိုနဗန မိတ်ဆွေပြောတာကို လက်ခံပါတယ်ဗျာ
မြင်လည်းမြင်တွေ့ နေရတာကိုး