Friday, June 12, 2009

44.2 Changzhou သို့

အဲသလိုနဲ့ ကျွန်တော်တို့အဖွဲ့ Nanjing (နန်ကင်း) ရွှေမြို့တော်ကြီး ကို ဘေးမသီရန်မခ၊ အိပ်ရေးဝစွာ နဲ့ အောင်မြင်စွာ ဆိုက်ရောက်လာခဲ့ကြတော့တယ်..။ အညာသား အညာဆောင်းနဲ့ တသက်လုံး နပမ်းလုံးလာခဲ့တယ်ဆိုပေမယ့်.. တရုတ်ပြည်က အအေးဒဏ်က အညာထက် ပိုပြင်းတာကို သတိထားမိတယ်..။ ကျွန်တော်တို့ မပြောနဲ့။ သူတို့ ဌာနေတရုတ်တွေတောင်.. သိုးမွှေးအင်္ကျီ အထပ်ထပ်နဲ့ ချမ်းနေကြတာ တွေ့ရတယ်..။

တရုတ်မလေးကတော့ ခြေထောက်တွေပါ ချမ်းဟန်တူတယ်..။ အားလုံးလိုလို လည်ရှည်ဘွတ်ဖိနပ် တွေနဲ့ စတိုင်ကျကျ ကြွကြွရွရွလေးတွေမို့ ကျွန်တော်တို့မှာ သူတို့ကို မကြည့်မိဖို့ မတတ်နိုင်အောင် ဖြစ်ကြရပါတယ်..။ (ကိုယ့်ကိုယ်ကိုတောင် သနားလာပြီ )

သို့သော်.. အဲသလို အလှအပ တွေမှာ ယစ်မူးနေဖို့ အချိန်မရဘဲ ရေမြင်းရဲ့ အလုပ်ကိစ္စက လောနေတာနဲ့ .. ချက်ခြင်းပဲ.. Nanjing ဘူတာကနေ .. changzhou ကို ချီတက်ခဲ့ကြတော့တယ်..။ ဒီတစ်ခါ စီးရတဲ့ ရထားက Shanghai ~ Nanjing အမြန်ရထားဆိုတော့.. အရင်ရက်က စီးခဲ့ရတဲ့ ရထားနဲ့ မဆီလေးရယ်မှ အိုမဆိုင် ဆိုသလိုပါပဲ..။

ကြားဖူးနေကျ ကျဉ်ဆန်ရထားတွေလောက် မမြန်ပေမယ့်.. ကီလိုမီတာ နှစ်ရာလောက်တော့ သူလည်း အမြန်ဆုံးမောင်းတာ တွေ့ရပါတယ်..။ အဲဒီရထားတွေက ပုံမှန် Shanghai ကနေ စထွက်ပြီး Nanjing မှာ ဂိတ်ဆုံးတာပဲ..။ ကျွန်တော်တို့ သွားမယ့် Changzhou ဆိုတာကတော့ ကြားဘူတာ ပေါ့..။

Nanjing ကနေ ခရီးသည် အတက်အဆင်းလုပ်တာ တခြားဘူတာ ရပ်တာတွေပါ ထည့်တွက်ရင်.. Changzhou အရောက် တစ်နာရီခွဲလောက်တော့ ကြာပါတယ်..။ ဒါပေမယ့် ရထားက အတော့်ကို သက်တောင့်သက်သာ ငြိမ့်ငြိမ့်ညောင်းညောင်း ရှိတာမို့ Changzhou ကို ရောက်လို့ ရောက်မှန်းတောင် မသိလိုက်ပါဘူး..။ ရထားခကလည်း သူ့ခရီးနဲ့သူ အတော့်ကို သက်သာတယ်လို့ ပြောရမှာပဲ..။ တစ်ယောက်ကို တရုတ်ယွမ်လေးဆယ် ဆိုတော့ မြန်မာငွေ ခုနှစ်ထောင်လောက်ပဲ ကျတာမို့ ရွှေနိုင်ငံက ရထားခနဲ့ယှဉ်ရင်တောင် နည်းနေပါသေးတယ်..။

Changzhou ရောက်တော့ ရေမြင်းရဲ့ business partner က ဘူတာမှာ လာကြိုနှင့်နေတယ်..။ စက်ရုံက GM ကိုယ်တိုင် လာကြိုမှာ လို့ ရေမြင်းက လမ်းတစ်လျှောက် ပြောပြောနေတာမို့ .. တကယ်တမ်းတွေ့ရတော့ ဟုတ်မှ ဟုတ်ရဲ့လားလို့တောင် ထင်မိတယ်..။ လူက အသက်နှစ်ဆယ်အစိတ်လောက် ချာတိတ်လေး ဖြစ်နေတဲ့အပြင် သေးသေးညှက်ညှက်လေးဆိုတော့.. သူ့ကို တွေ့တွေ့ချင်း ကျွန်တော့်မှာ ဒီကောင် ဒရိုင်ဘာ ထင်ပါရဲ့ လို့တောင် တွေးမိသေးတယ်..။

နောက် ရေမြင်း မိတ်ဆက်ပေးတော့မှ.. GM ဖြစ်နေမှန်း သိရတော့တယ်..။

တရုတ်ပြည်မကြီးမှာ (ကျွန်တော်တို့ ထိတွေ့ခွင့်ရခဲ့သလောက် ) စီးပွားရေးလုပ်ငန်းတွေရဲ့ အရေးပါအရာရောက်တဲ့ သူတွေက.. အဲသလို လူငယ်လူရွယ်တွေ ဖြစ်နေတာ တွေ့ခဲ့ရတယ်..။ ကျွန်တော်တို့စက်ပစ္စည်းတွေဝယ်ဖို့ ဆွေးနွေးခဲ့တဲ့ Wenzhou စက်ရုံရဲ့ Executive Level ကလည်း လူငယ်တွေပဲ..။ ကုန်ကြမ်းကိစ္စနဲ့ ရောက်ခဲ့တဲ့ စက်ရုံမှာလည်း ဈေးနှုန်းဖြတ်တာ.. အရောင်းအ၀ယ်စကားပြောတာ.. စတာတွေကို ဒိုင်ခံပြီး ဆွေးနွေးတာ ချာတိတ်လေး တစ်ယောက်ပဲ..။

တရုတ်ပြည်ရဲ့ စီးပွားရေးက ဒီရေတက်သလို ဘက်ပေါင်းစုံက ပြိုင်တက်လာတော့.. အလုပ်အကိုင်အခွင့်အလမ်းတွေက.. လူငယ်လူရွယ်တွေလက်ထဲ အလိုလို ရောက်သွားခဲ့ဟန် တူပါတယ်..။ လုပ်ရင်းကိုင်ရင်းနဲ့ လူငယ် တွေရဲ့ အရည်အသွေးတွေကလည်း..မုဆိုးစိုင်သင် ပြည့်ဝလာဟန် ရှိပါတယ်..။ သူတို့ကြည့်ပြီး အခွင့်အလမ်းတွေသာ လုံလုံလောက်လောက် ရှိခဲ့ရင် .. ကိုယ့်နိုင်ငံက လူငယ်တွေလည်း..သူတို့လို မဖြစ်စရာ မရှိဘူးလို့ တွေးမိတယ်..။ စံနစ်ကောင်းဆိုတာ.. လူပျင်းလူဖျင်းတွေကိုတောင် ဒရွတ်တိုက်ဆွဲခေါ်နိုင်စွမ်း ရှိပါတယ်..။ စံနစ်မကောင်းလို့ကတော့ လူတော်လူမော်တွေတောင် လူရှော်ဖြစ်သွားရော..။

ရန်ကုန်စီးပွားရေး တက္ကသိုလ် မှာ နိုင်ငံခြားက ပုဂ္ဂိုလ်ကျော်တစ်ယောက် “ ကွန်ဖြူးရှပ်အတွေးအခေါ်နဲ့ တရုတ်ပြည်စီးပွားရေး ” ခေါင်းစဉ်နဲ့ ဟောပြောပွဲ လုပ်ပါတယ်..။ ကွန်ဖြူးရှပ်ရဲ့ အတွေးအမြင်တွေက မျက်မှောက် ခေတ် တရုတ်ပြည်စီးပွားရေးကို ဘယ်လိုလွှမ်းမိုး တိုးတက်စေတယ် လို့ သူပြောတော့.. အငြိမ်းစား ပါမောက္ခချုပ် ဆရာကြီး ဦးမြသိန်းက “ တရုတ်ပြည်စီးပွားရေး boom ဖြစ်လာတာ.. ကွန်ဖြူးရှပ်ကြောင့် မဟုတ်ပါဘူး ..ကွန်ဖြူးရှပ်ပေါ်တာ နှစ် နှစ်ထောင်ကျော်ပါပြီ.. တရုတ်ပြည်က အခုမှ တိုးတက်လာတာပါ ” လို့ ထပြောတယ်..။

သူတို့အဲသလို ဆွေးနွေးတာ နားထောင်ပြီး “ကွန်ဖြူးရှပ်တောင် နှစ်နှစ်ထောင်လောက် ငုတ်တုတ်မေ့နေခဲ့ရပါလား ” လို့ တွေးနေမိခဲ့ပါတယ်..။



Shanghai ~ Nanjing အမြန်ရထားပေါ်က ရွှေနှစ်ယောက်

7 comments:

Rita said...

စံနစ်ကောင်းဆိုတာ.. လူပျင်းလူဖျင်းတွေကိုတောင် ဒရွတ်တိုက်ဆွဲခေါ်နိုင်စွမ်း ရှိပါတယ်..။ စံနစ်မကောင်းလို့ကတော့ လူတော်လူမော်တွေတောင် လူရှော်ဖြစ်သွားရော..

(မှန်လိုက်လေ)

Summer Field said...

"အခွင့်အလမ်းတွေသာ လုံလုံလောက်လောက် ရှိခဲ့ရင် .. ကိုယ့်နိုင်ငံက လူငယ်တွေလည်း..သူတို့လို မဖြစ်စရာ မရှိဘူးလို့ တွေးမိတယ်..။ စံနစ်ကောင်းဆိုတာ.. လူပျင်းလူဖျင်းတွေကိုတောင် ဒရွတ်တိုက်ဆွဲခေါ်နိုင်စွမ်း ရှိပါတယ်..။ စံနစ်မကောင်းလို့ကတော့ လူတော်လူမော်တွေတောင် လူရှော်ဖြစ်သွားရော..။"

(ရှောင်တိ ဟင်န်တွေ့..ဟင်န်တွေ့..ဟင်န်တွေ့)

Summer Field said...
This comment has been removed by the author.
Nanda said...

ပိုဆိုးတာက စနစ်ဖျင်း။ စနစ်ဖျင်းမှာ လူဖျင်း လူမြှောင် လူမိုက်တွေကို မွေးဖွားစေတယ်။ နေရာရစေတယ်။ လူတော် လူကောင်း လူလိမ္မာတွေကို ပျက်စီးစေတယ်။ မှေးမှိန်စေတယ်။

Dust in the Wind said...

.......စံနစ်ကောင်းဆိုတာ.. လူပျင်းလူဖျင်းတွေကိုတောင် ဒရွတ်တိုက်ဆွဲခေါ်နိုင်စွမ်း ရှိပါတယ်..။ စံနစ်မကောင်းလို့ကတော့ လူတော်လူမော်တွေတောင် လူရှော်ဖြစ်သွားရော.........

(I think so. Human beings usually try to adjust the environment around them.)

Mr. White said...

တရုတ်ပြည်တိုးတက်တာ ခုမှပါ ဆိုတဲ့ ပါမောက္ခကြီးကို ဘီစီ ၆ရာစုကနေ အေဒီ၁၆၀၀ အထိ တရုတ်ပြည် ကို မြင်တွေ့စေချင်တယ်..

Unknown said...

ဒီပိုစ့် လေးကိုလည်းကြိုက်တယ်ဗျာ