Friday, September 11, 2009

46.1 အဖေ့မွေးနေ့ အတွေးတစ

မကြာမတင်ကပဲ အဖေ့အသက် ၇၇ နှစ်ပြည့်လို့.. ကျွန်တော်တို့မိသားစု အဖေ့ကို ကန်တော့ဖြစ်ကြတယ်..။ တခမ်းတနား ကြီးကြီးကျယ်ကျယ် ကန်တော့တာမျိုးတော့ မဟုတ်ပါဘူး..။ အဖေ့အတွက် ပုဆိုးတစ်ထည် အင်္ကျီတစ်ထည် အပြေးအလွှားသွားဝယ်ပြီး သားမိသားဖတတွေ အဖေ့အိမ် ချီတက်ကန်တော့ကြတာပဲ..။

အကန်တော့ခံ မွေးနေ့ရှင်ကလည်း စွပ်ကျယ်ချိုင်းပြတ်နဲ့ အိမ်အောက်က ကွပ်ပျစ်မှာ တင်ပလ္လင်ခွေထိုင်ပြီး အကန်တော့ခံတာပါပဲ..။ တကယ်တော့ ၇၇ နှစ်ဆိုတဲ့ အသက်ဟာ.. အတော်အိုပြီပဲ..။ စားနိုင်သောက်နိုင် သွားနိုင်လာနိုင် တုံးလို့ ဘယ်လိုပဲပြောပြော.. ဇရာထင်တိုင်းကြဲထားတဲ့ ဒဏ်ရာဒဏ်ချက်တွေက အဖေ့ကိုယ်ပေါ်မှာ ပွရွ နေပါတော့တယ်..။

အဖေနဲ့ ဒီနှစ်ပိုင်းတွေမှာ မကြာခဏ တွေ့နေကြတယ်ဆိုပေမယ့်.. အဲသလောက် အိုစာသွားတာကို.. အမှုမဲ့အမှတ်မဲ့နဲ့ ကျွန်တော်သတိမထားမိခဲ့ဘူး..။ အဲဒီနေ့ကမှ.. အဖေ့အသက်နဲ့ဇရာကို ယှဉ်တွဲစပ်ဟပ် သတိထားမိတော့တယ်...။

တချိန်တုံးက အားတွေမာန်တွေနဲ့ တင်းတင်းရင်းရင်း ရှိခဲ့တဲ့ အဖေ့လက်မောင်းတွေဟာ အခုတော့ စွပ်ကျယ်ချိုင်းပြတ်အောက်မှာ ခြောက်ကပ်ပိန်လှီလို့..။ လက်ပြင်း တွဲကျဖို့ အသားရယ်လို့ တောင် လုံလုံလောက်လောက် မရှိတော့တာ တွေ့ရတယ်..။ တချိန်တုံးက ဘီးမတိုးခဲ့တဲ့ အဖေ့ခေါင်းဆိုလည်း.. အခုတော့ တောမီးလောင်ထားတဲ့ ကျက်တီးကုန်းမြေလို ဟိုတစ်ကွက် ဒီတစ်ကွက် ငုံးတိတိနဲ့..။

အဲဒါတွေဟာ.. အဖေ့အတွက်.. အချိန်များများစားစား မကျန်တော့ဘူးဆိုတဲ့.. နိမိတ်ပုံ သင်္ကေတတွေ ဖြစ်မယ်ထင်ပါရဲ့..။

တကယ်တော့ အဖေဟာ.. ဘ၀အနိမ့်အမြင့်အတက်အကျ လှိုင်းလုံးတွေအောက်မှာ ထွေးလုံးရစ်ပတ် ကူးခတ်ခဲ့ရဖူးတယ်..။ အလိုဆန္ဒတွေနောက် တကောက်ကောက်လိုက်ရင်း အချစ်နဲ့အမုန်းတွေကို အဖေ အလဲအလှယ်လုပ်ခဲ့ဖူးတယ်..။ မတူညီတဲ့ အိမ်ထောင်ဖက်တွေကနေ ပေါက်ဖွားလာခဲ့တဲ့ သူ့ရင်သွေး တွေရဲ့ ယုံကြည်ကိုးစားမှု၊ မုန်းတီးနာကျဉ်းမှုတွေ ကိုလည်း အဖေ လက်ခံရယူခဲ့ဖူးတယ်..။

အဲသလို အဖြစ်သနစ်တွေနဲ့ ဘ၀ကိုထုဆစ်ခဲ့တဲ့ ကျွန်တော့်အဖေ သိပ်မကြာလှတော့တဲ့ အနာဂါတ်ကာလတစ်ခုမှာ ဟောဒီကမ္ဘာကနေ.. ဝေသီမှုန်ဝါး လွင့်ပါးပျောက်ကွယ်သွားရတော့မယ်..။

ဂျပန်ဧကရာဇ် မီဂျီဘုရင် လက်ထက် .. ဆာမူရိုင်းတွေ အကြောင်း ရိုက်ထားတဲ့ The Last Samurai ဆိုတဲ့ ဇာတ်ကားထဲမှာ.. ဆာမူရိုင်းခေါင်းဆောင် (katsumoto) သေသွားပြီဆိုတာကြားတော့.. ဧကရာဇ် မီဂျီက

'' Tell me how he died '' လို့ စိတ်မကောင်းကြီးစွာနဲ့ မေးပါတယ်..။

katsumoto နဲ့ အတူ သွေးသောက်ဖွဲ့ပြီး အတူတိုက်ပွဲဝင်ခဲ့သူ အမေရိကန်စစ်ဗိုလ် ( Nathan Algren ) အဖြစ် သရုပ်ဆောင်သူ မင်းသားတွမ်ခရုဇ်က.. ဧကရာဇ်ရဲ့ အမေးကို..

'' I will tell you how he lived '' လို့ ပြန်ဖြေခဲ့ပါတယ်..။

အခုလည်း ကျွန်တော့်အဖေ ဘယ်လိုသေမလဲ ဆိုတာထက်.. သူ ဘယ်လိုရှင်သန်နေထိုင်သွားခဲ့တယ် ဆိုတာလေး.. ပြောမလားလို့ စိတ်ကူးမိတာနဲ့ နိဒါန်းချီလိုက်ရပါကြောင်း..

23 comments:

:P said...

အဲဒါတွေဟာ.. အဖေ့အတွက်.. အချိန်များများစားစား မကျန်တော့ဘူးဆိုတဲ့.. နိမိတ်ပုံ သင်္ကေတတွေ ဖြစ်မယ်ထင်ပါရဲ့..။

တရားမရှိတဲ့လူမို့ထင်ပါရဲ့.. အဲဒီစကားတွေ မကြားရဲဘူး.. ကျွန်မအဖေလည်း နိုဝင်ဘာမှာ 77 ပြည့်မှာ

ရွှေရတုမှတ်တမ်း said...

ကိုအ၀ှာရေ
အချိန်ဆိုတာမြန်လိုက်တာဗျာ
ဇရာဆိုတာလဲချက်ချင်းရောက်လာတာပဲ
ကိုယ့်ဖာသာကိုယ်လူငယ်လေးပဲထင်နေချိန်မှာကိုယ့်ဆံပင်ပြန်ကြည့်တော့တ၀က်လောက်ဖြုနေပြီ
ဒါနဲ့ စကားမစပ်
ခင်ဗျားကဆီမီးခုံသားဆိုတော့ မေးရအုန်းမယ်
ဆမိတ်ခုံရွာလည်တံတားကြီးအရှေ့ ထိပ်က
ကံထူး(သူက ဆမိတ်ခုံ မှာကျောင်းဆရာ ခင်ဗျားတို့ ဆရာဖြစ်လောက်တယ် )ကို မာကြောင်းသာကြောင်းမေးပေးပါခင်ဗျာ
ကံထူးနဲ့  ခိုင်မြဲ ဆမိတ်ခုံသား (၂)ယောက်နဲ့ 
ကျွန်တော်က မန်းတက္ကသိုလ်မှာ Geology အတူတက်
ခဲ့ ကြတာ
ကျွန်တော် ဗမာပြည်မပြန်ဖြစ်တာ (၅)နှစ်လောက်ရှိပြီ
ကျွန်တော် မြင်းခြံ ကပါ
အကြိုးအကြောင်းလေးသိရင် စာရေးပါအုန်း
e mail က
maungnaipe@gmail.com
Thank u ပါခင်ဗျာ

ကိုရီး{ကိုကြီး} said...

အစ်ကိုကြီး......
လာရောက်ခံစားသွားပါတယ်၊ မတွေ့တာကြာပြီနော်။

Myanmar Good Knowledg Co., Ltd said...

စာလာဖတ်ပါတယ်။ ဖေဖေ့ကို ပိုသတိရလာတယ်။ ဖေဖေ့ကို မတွေ.ရတာ (၃)နှစ်ရှိပါပြီ၊ ကိုယ်ဝန်ရှိ၊ ခလေးမွေး၊ အလုပ်က ခွင့်မရ၊ ဖေဖေကလည်းခေါ်တာကိုမလာ(အဲလောက်လေယဉ်ခ နှမြောတယ်၊ ဖေဖေ အသက်ကြီးပါပြီ၊ သမီးတို.မေမေကိုပဲခေါ်၊ ဖေဖေ့အတွက်ကုန်မယ့် ပိုက်ဆံ၊ တခြားသမီးတို. လိုတာသုံး နော်)ဆိုပြီး၊ မလာဘူးလေ။မတွေ.ရပေမယ့် ဒီစာကို ဖတ်ရတော့၊ စိတ်က ဘာမှန်းမသိတဲ. ကိုယ့်အဖေကို မြင်လာရသလိုပဲ။ ဆက်ရေးပါ၊ မျှော်နေပါတယ်။
စကားမစပ်၊ ကျွန်မ Mega Steel မှာ ၃လလောက် ဘာသာပြန်လုပ်ဘူးတယ်။ အဲဒီတုန်းက တွေ.ဘူးခဲ့ကြသလားမသိဘူးနော်။ ( ကျွန်တော်တို.စက်ရုံရှေ.ဆိုပြီး ရိုက်ထားတဲ.ဓါတ်ပုံကိုတွေ.လို.ပါ။)

navana said...

ှSDL ရေ..

ကျွန်တော်ကတော့ အဖေနဲ့ ခွဲခွါရမယ့် ခံစားချက်ထက်.. ကျန်ရှိနေသေးတဲ့ အဖေ့ရဲ့အချိန်လေးတွေကိုပဲ ပိုပြီး အာရုံစိုက်ထားပါတယ်..။

(ဒါလည်း ပုံမှန်သဘောတရားအရ စဉ်းစားထားတာပါ.. အခန့်မသင့်ရင် ကိုယ်တောင်သူ့ရှေ့က သွားနိုင်သေးတာပဲ..)

navana said...

အကိုမြင်းခြံသားရေ..

ဆရာဦးကံထူးနဲ့ ခင်မင်ရင်းနှီးပါတယ်..။ အကို့ရဲ့ သတင်းစကား ရွာရောက်ရင် ပါးပေးပါ့မယ်..။

ဆရာဦးခိုင်မြဲကတော့.. အခုစစ်တွေတက္ကသိုလ်မှာ ဒေါက်တာခိုင်မြဲဖြစ်နေပြီလို့ ကြားပါတယ်..။

ဆရာဦးကံထူးနဲ့က စာတော့မသင်ခဲ့ရပါဘူး..။ ဒေါက်တာခိုင်မြဲနဲ့ကတော့.. ဂိုဏ်းတူညီအကိုတွေလို့ ပြောနိုင်ပါတယ်..။

သူ သင်္ကန်းစီးခဲ့တဲ့ ဘုန်းကြီးကျောင်းမှာ ကျွန်တော်လည်း.. ကိုရင်ကြီး ရှစ်လလောက် ၀တ်ခဲ့ဖူးလို့ပါ..။

လူချင်းတော့ မရင်းနှီးကြပါဘူး..။ ကျွန်တော်တို့ လူလားမြောက်တော့.. သူက ရွာမှာ မနေသလောက် ဖြစ်သွားလို့.. သတင်းစကားလောက်ပဲ.. ကြားနေခဲ့ရပါတယ်..။

navana said...

ကောင်းမွန်ဝင်းဆိုတာ ကျွန်တော်သိတဲ့ မမွန်များလား..။ mr. onishi အတွက် စကားပြန်လုပ်ပေးသွားတဲ့ တစ်ယောက်လေ..။

ဘယ်လိုပဲဖြစ်ဖြစ် တွေ့ရတာ ၀မ်းသာပါတယ်..။

navana said...

KO GYI လေး..

ဟုတ်ပ..။ စကားမပြောဖြစ်တာ အတော်ကြာသွားပြီ..။ အလုပ်အကိုင် အဆင်ပြေရဲ့လား..။

အကြောင်းအထူးရှိရင် ပြောပါအုံး..။

ခန့်ကျန်းမျှတရှိပါစေ..။

ငွေဇင်ယော် said...

ငွေထုတ်စက်လေး အသိမ်းခံခဲ့ရတဲ့ အဖေ့အကြောင်းရေးတော့မယ်ပေါ့။ အကို့ထုံးစံအတိုင်း ပွင့်လင်းပြီး သွက်သွက်မြူးမြူးနဲ့ ဖတ်လို့ကောင်းမှာ အသေအချာပဲ။ ပိုစ့်အသစ်တွေကို အမြဲတမ်းစောင့်မျှော်နေပါတယ်။

ရွှေရတုမှတ်တမ်း said...

ကိုနဗနရေ

ချက်ချင်းစာပြန်ပို့ တာဝမ်းသာတယ်ဗျာ
ကျေးဇူးလည်းတင်တယ်။
ခင်ဗျားစာတွေဖတ်ဖြစ်နေတာ တနှစ်လောက်ရှိပြီ
ဆရာကြီးသော်တာဆွေလို စာရေးကောင်းလို့ 
အမြဲတမ်းဂရုတစိုက်ဖတ်ဖြစ်ပါတယ်
လိုအပ်တဲ့ စာအုပ်ရှိရင်လဲပြောပါခင်ဗျာ
ကျွန်တော်အခု ၀ါရှင်တန် ဒီစီ suburb area မှာနေတော့
ဗမာပြည်လူကြုံ မကြာမကြာရှိပါတယ်
စာအသစ်တွေ လဲမကြာမကြာ တင်ပေးပါ
blog ကိုအကြာကြီးပစ်မထားပါနဲ့ 

HlaPaing said...

ဘလော့စပေါ့ ကို မြန်မာပြည်ကနေ ကြည့်လို့ ၇ပါသလား။ ဒို့ က စင်္ကာပူ ကနေ ကြည့်တာကတော့ အိုကေတယ်။

သက်ဝေ said...

အချိန်ပြည့် အတူတူမနေနိုင်တဲ့ မိဘ နှစ်ပါး အကြောင်းတွေးနေမိရင်း ဒီစာကိုဖတ်လိုက်ရတော့ ရင်ထဲကို မီးတောင်ပြင်းပြင်းတစ ဖြတ်ဝင်သွားသလိုပါပဲ...
ကျန်ရှိနေသေးတဲ့ အချိန်လေးတွေကို ပိုပြီး အာရုံစိုက်ဖို့ သတိပေးထားသလို ဖြစ်သွားတာ ကျေးဇူးသိပ်တင်ပါတယ်...

ရွှန်းလဲ့ said...

၇၇ နှစ်အထိ ဖခင်က ကျန်းကျန်းမာမာရှိနေတာ ကောင်းပါတယ်။ ကျွန်တော့်ပါးပါးကတော့ ၅၃ နှစ်ကတည်းက မရှိတော့တာမို့ သူများ သားအဖတွေမြင်ရင် ပါးပါးကိုသတိရမိတယ်။ ပါးပါးရဲ့ အဖေ အဘိုးကတော့ ၈၀ ကျော်ပြီ ကျန်းကျန်းမာမာရှိတယ်။ ကံတွေက ခွဲခြားပေးလိုက်တာလားပဲနော်။

Rita said...

ဖေဖေဆုံးတော့ ၅၈ နှစ်၊
အနှစ် ၂၀ လောက် ထပ်နေလို့ ရသေးရဲ့သားနဲ့ လို့ တွေးမိတယ်။

Nanda said...

ကိုပွကြီးစာက ခေါင်းထဲမှာ ခေါင်းလောင်းသံတွေဆူညံသွားစေတယ်။

Summer Field said...

xxx အလိုဆန္ဒတွေနောက် တကောက်ကောက်လိုက်ရင်း အချစ်နဲ့အမုန်းတွေကို အဖေ အလဲအလှယ်လုပ်ခဲ့ဖူးတယ်..။ xxx
အင်း.. ကိုနဗနရဲ့ အဖေနဲ့ "ရွယ်တူတချို့"တွေတောင် ကနေ့ထိ အလိုဆန္ဒတွေနောက် တကောက်ကောက်လိုက်ရင်း အချစ်နဲ့အမုန်းတွေကို အလဲအလှယ်လုပ်နေဆဲပါဗျာ..၊ အဲ့ဒီတချို့တွေနဲ့စာရင်.. ဘဝရဲ့နောက်ဆုံးအချိန်တွေကို အေးချမ်းစွာ ဖြတ်သန်းနေမဲ့ ကိုနဗနရဲ့ အဖေကို အသက်ရှည် အနာမဲ့ပါစေကြောင်း မေတ္တာပို့ ဆုတောင်းပေးလျက်ပါခင်ဗျာ...။

ကိုရီး{ကိုကြီး} said...

အစ်ကိုကြီး.....
ငွေကြေးအရဆိုရင်တော့ လုံးဝအဆင်မပြေပါဘူး၊
အချိန်အတိုင်းအတာ တစ်ခုရယ် အမည် နဲ့ သိက္ခာအတွက် ကျားကန်ပြီး ဆက်လက်ချီတက်နေပါ၏။ အစ်ကိုကြီးလည်း အစစ အရာရာ အဆင်ပြေပါစေ ခင်ဗျာ။

လေးစားစွာဖြင့်
(ညီငယ်)
KO GYI

Unknown said...

ဆရာ(...)ရေ..
ခေါ်နေကျအတိုင်းခေါ်ချင်ပေမယ့် ဘလော့ဂ်မှာဆိုတော့ မကောင်းဘူးထင်တယ်. နောက်ပိုင်းမဖတ်ဖြစ်တာကြာပြီ.. ခုမှပြန်ဖတ်တော့လည်း စိတ်ဝင်စားစရာကြောင်းတွေကို ဖတ်ချင်စရာကောင်းတဲ့အရေးအသားတွေ ဆန်းနေတုန်းဘဲ.
အဖေကတော့ ခု ၆၅ ရှိပြီ.. ကျန်းမာတုန်းဘဲ. အိမ်ထောင်ကျသွားတဲ့ သားသမီးတွေနဲ့ မြေးတွေရဲ့ ကိစ်စတွေနဲ့ ပင်စင်စားဘ၀ကို ပျော်ပျော်ကြီး ဖြတ်သန်းနေတယ်.. သားသမီးတွေ မြေးတွေကို အရမ်းဂရုစိုက်လွန်းလို့ အမေက မနာလိုဖြစ်တဲ့အထိဘဲ. ကျွန်မတို့လည်း ကိုယ့်မိသားစုကို ဂရုစိုက်၊ အလုပ်လုပ်နေတာနဲ့ အဖေ့ကို နေ့တိုင်းနီးပါးလည်း တွေ့ဖြစ်ပေမယ့် ကျန်းမာရေးဘာညာ သိပ်ဂရုမစိုက်ပေးခဲ့နိုင်ဘူး.. အဖေက ကျန်းမာတာလည်းပါတာပေါ့လေ. ဘာဘဲဖြစ်ဖြစ် ဆရာ(..)ရဲ့ ဘလော့ဂ်ဖတ်ပြီးတော့ အဖေ့ကို ပိုဂရုစိုက်ဖို့ ကိုယ့်ကိုယ်ကို သတိပေးဖြစ်သွားတယ်. ရှိနေတုန်း၊ လုပ်ပေးနိုင်တုန်း၊ လုပ်ပေးသင့်တယ် ဆိုတာကိုပါ.. အဲဒီအတွက် ကျေးဇူးဘဲ..

navana said...

BUSY လေး..

ညည်းဘယ်သူလဲလို့ ငါ့မှာ စဉ်းစားလိုက်ရတာ..။ ခုမှ သိတယ်..။

ဘလော့ဂ်မှာ ညည်းတို့ငါတို့ ကဲခဲ့တာတွေ ရေးရင် ကောင်းမလားလို့ တွေးနေမိတယ်..။ ဟဲဟဲ

မြစ်ကျိုးအင်း said...

အကိုရေ

အဖေ့အကြောင်းလေးဖတ်ပြီး ကျွန်တော့်ဖေဖေကို သတိရမိသွားတာတော့ အမှန်ပဲ ...မတွေ့ရတာ ကြာနေပြီ
အကိုရေးသလို လက်ပျဉ်တွေလည်း တွဲကျနေပြီတဲ့လေ
စိတ်ထဲမှာ မကောင်းဘူး....။
အကို့ဖေဖေ သက်တော်ရာကျော်ရှည်ပါစေနော်

(ကျနော့်ဘလော့မှာ အကို့ဘလော့လင့်ချိတ်ထားတာ update တွေ တက်မလာတော့ အသစ်တင်တာ မသိဘူး
ဖြစ်နေတာ အခုမှ အမှတ်မထင် ရောက်လာဖြစ်တယ်
အကိုရဲ့ ဘလော့ကို ပထမဆုံးစဖတ်တော့ တညလုံး မရပ်မနား ဖတ်ဖြစ်တယ် ကောင်းလွန်းလို့ သူငယ်ချင်းတွေကိုလည်း ညွှန်းမိတယ်လေ
နောက်တော့ ကိုမင်းဒင်ဘလော့ကိုပါ ဖတ်ပြီးတော့
ကျနော် ဘလော့ရေးချင်စိတ် ဖြစ်မိသွားတာပါပဲ အဲဒါနဲ့ ဘလော့လေး လုပ်ဖြစ်သွားတယ်...။

အကို့ကိုတော့ ခင်မင်လေးစားအားကျလျက်ပါပဲ

ညီငယ် (မောင်ပိုင်)

ညီညီ said...

အဖေ ဆိုတာ ကိုယ့်အနားမှာ အမြဲရှိနေလိမ့်မယ်လို့ သူငယ်နှပ်စား အတွေးလေး ဒီပိုစ့်ကို ဖတ်လိုက်ပြီးမှ အားငယ်သွားသွားတယ်.။ အော် အဖေ လည်းလူသား ပါပဲနော်။ အချိန်တန်ရင် ကျွန်တော့် ကိုထားခဲ့မှာပဲ.။
စာရေးသူ ကို ကျေးဇူးတင်ပါတယ်.။ သံဝေဂနဲ့ အတူ ခံစားသွားပါတယ်.။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

mini nilay said...

အကို့ Blog ကို အလွန်အထူး ကြိုက်နှစ်သက်လွန်း လို့  link ယူသွားပါတယ်.. ခွင့်ပြုပါ။
အမြဲလာဖတ်နေပါတယ်..ကျေးဇူးတင်ပါတယ် အကို..။

MYO HAN HTUN said...

လာဖတ်သွားပါတယ်။ ကျွန်တော့်အဖေကတော့ ၅၅ နှစ်မှာ Accident နဲ့ ဆုံးသွားပါတယ်။