Tuesday, September 30, 2008


အဲဒီကာလတွေဟာ အလုပ်လုပ်ခဲ့တဲ့ သက်တမ်းတလျှောက် အတော့်ကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေခဲ့ရတဲ့ ကာလတွေ ပေါ့..။

အားလုံး ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ဆိုပေမယ့်.. ကွန်ပြူတာ ဆရာမလုပ်ခဲ့တဲ့ တစ်ယောက်နဲ့ ကျွန်တော် ပိုရင်းနှီးတယ်..။ သူ့ကို တရုံးလုံးက ဟန်ရင်း လို့ ခေါ်ကြတယ်..။ မြ၀တီက လာတဲ့ တရုတ်ကား ဇာတ်လမ်းတွဲထဲက ဟန်ရင်း ဆိုတဲ့ မင်းသမီးနဲ့ တူလို့ အဲသလို ခေါ်ကြ တာပဲ..။

( ကျွန်တော်ကတော့ သူများ ဟန်ရင်း ဆိုလို့ ရင်း လိုက်တာပါ.. တီဗွီတလုံးတောင် မ၀ယ်နိုင်သေးလို့ ဟန်ရင်းကို မြင်တောင် မမြင်ဖူး လိုက်ဘူး )


တရုတ်ကား ထဲက ဟန်ရင်းမှာ ဘယ်လို ကာရိုက်တာ ရှိမှန်းမသိပေမယ့် ကျွန်တော့်ရုံးက ဟန်ရင်းမှာတော့ ထူးခြား တဲ့ အမူအကျင့် တခု ရှိတယ်..။

မိုးအကုန် ဆောင်းအကူးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက်ဖ၀ါး အရေခွံ ကွာတာ မြင်လို့ကတော့.. အတင်းလက်ဆွဲပြီး .. ခွါတော့တာပဲ..။ အူယား လွန်းလို့ တဲ့..။

ကျွန်တော့်လက် ဆို သူ့လက်ချက် ကင်းတဲ့နေ့ကို မရှိသလောက်ပဲ..။

ကျွန်ပြူတာ ဆရာမ လုပ်ခဲ့ဖူးသူ ဆိုတော့လဲ.. ကွန်ပြူတာ အရမ်းကျွမ်းတယ်..။ စာစီစာရိုက်ကလဲ ဘာမြန်သလဲ မမေးနဲ့..။ သူ့မှီပြီး ကွှန်တော်လဲ.. တဖြည်းဖြည်း ကွန်ပြူတာ နဲ့ ပြန်အကျွမ်းတ၀င် ဖြစ်လာခဲ့ရတယ်..။ သူ့ကြောင့်နဲ့ပဲ ကေအမ်ဒီမှာ.. စီ ပရိုဂရမ်မင်း တက်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်..။

အိုင်အာတီမှာ သင်ခဲ့ရပေမယ့်.. ရိုးရိုးသားသား ၀န်ခံရရင်.. ကျောင်းစာတွေက ကျောင်းမှာ ကျန်ခဲ့ပြီ..။ အကိုကြီး တို့ အင်ဂျင်နီယာတွေ စင်ကာပူမှာ အလုပ်သွားလုပ်ရင်.. သိပ်ဝင်ငွေကောင်းတာ.. အချိန်တွေလဲ ပိုနေတာပဲ.. တက်ထားရင်မမှားဘူးလို့ .. တိုက်တိုက်တွန်းတွန်း သူပြောနေတာနဲ့.. ကျွန်တော်လဲ.. မဒမ်နဲ့တိုင်ပင်ပြီး.. ကေအမ်ဒီမှာ.. ကျောင်းစတက်ဖြစ်တယ်..။ ညနေပိုင်း သင်တန်းပေါ့..။ စနေ တနင်္ဂနွေ နှစ်ရက် တက်ရတယ်..။

ဟန်ရင်း ကပဲ.. စာရင်းသွင်းတာ .. ကျောင်းအပ်တာ.. အကုန်လိုက်လုပ်ပေးတယ်..။ သင်တဲ့ ဆရာမက သူ့သူငယ်ချင်း..။ ၀ါဝါထွန်း လို့ ခေါ် မှတ်တာပဲ..။ ပိန်ပိန်သွယ်သွယ်.. အပျိုကြီး..။

စတက် တဲ့ ရက်မှာပဲ.. ခေတ်နဲ့ကိုယ်နဲ့ အလှမ်းဝေးသွားတာ သတိထားမိလိုက်တယ်..။ အတန်းဖော်.. ဆယ့်ငါးရောက်လောက် ရှိတယ်..။ သူတို့ထဲမှာ ကိုယ်က အသက်အကြီးဆုံး..။ အဘိုးကြီး..။ အားလုံး လိုလိုက.. ဆယ်တန်းအောင်ပြီးစ.. ချာတိတ်ကလေးတွေ..။ စိတ်ဓါတ်ကျချင်သလိုလို ဖြစ်သွားပေမယ့် တက်မိမှာတော့ မထူးတော့ပါဘူး လေလို့ ဆုံးဖြတ်ပြီး.. ဆက်တက်ရတယ်..။

သင်တန်းခန်းနဲ့ သင်တန်းသားက မမျှတော့.. နေရထိုင်ရတာ.. အတော့်ကို ကျင်းကျင်းကြပ်ကြပ် ပါပဲ..။ ပါလာတဲ့ လွယ်အိပ်ထားစရာနေရာတောင် ခပ်ရှားရှားရယ်.။ ကျွန်တော်ကတော့.. လွယ်အိပ်ကို ခြေထောက်အောက် ထားလိုက်တာပဲ..။ အပျိုကြီးဆရာမက.. အဲဒါကိုမြင်တော့.. ဟဲ့.. လွယ်အိပ်ကို အောက်ထား ရသလား လို့ မှတ်ချက်ပြုတယ်..။

'' ကမ်ဘာ့ ဟိုဖက်ခြမ်းက ကြည့်ရင် လွယ်အိတ်က အပေါ်က .. ကျွန်တော်က အောက်က '' လို့ ကျွန်တော် ပြန်ပြောတော့.. '' အမယ်လေး ကောင်းလိုက်တဲ့ လော့ဂျစ် '' လို့ သူပြန်ပြောတယ်..။

သင်တန်းတက်တာ တပတ် နှစ်ပတ်လောက် ကြာတော့ အတန်းဖော်ကလေးတွေနဲ့ ကျွန်တော် တော်တော်လေး ရင်းနှီးသွားခဲ့တယ်..။ ဆရာမ အပျိုကြီးနဲ့ကတော့.. ခပ်တန်းတန်းပါပဲ..။ ကလေးတွေက.. အတန်းထဲမှာ ကျွန်တော် ပေါက်ကရ ပြောတာ သိပ်သဘောကျ ကျတယ်..။

ကျွန်တော်ကလည်း.. ဆရာမ ရှေ့က စာသင်တာကအစ.. အကွက်ပေါ်ရင် ပေါ်သလို ဟာသလုပ်တယ်..။ ဟန်ရင်း က မိတ်ဆက်ပေးထား တဲ့အပြင်.. အသက်အရွယ်ကလည်း သူနဲ့က ရွယ်တူလောက်.. ကျွန်တော်ဟာသ လုပ်တာကလဲ.. ပျော်စေပျက်စေလောက် ဆိုတော့.. အပျိုကြီးခမျာလဲ စိတ်ဆိုးရ ခက်နေဟန်တူပါတယ်..။

တရက်.. စာမေးပွဲစစ်တယ်..။ မေးခွန်းကို ရှေ့မှာ ချရေးပေးရင်း.. '' ရွီးမယ် ဖျန်းမယ် တော့ စိတ်မကူးနဲ့နော် .. တို့က ဆရာလုပ်လာတာ.. အံတိုနေပြီ '' လို့ သူပြောတယ်..။

ကျွန်တော်လည်း ချက်ခြင်းပဲ.. '' ဟေ့.. တို့ကလဲ တပည့်လုပ်လာတာ.. အံခွ နေပြီ.. ဆရာတွေ ပါးစပ်ဟရင် အူဘယ်နှစ်ခွေ ရှိတယ် ဆိုတာ သိတယ် ဟေ့ '' လို့ အရွှန်းထဖောက်တယ်..။

အပျိုကြီး ဘာပြောရမှန်းမသိဘဲ အံ့သြတဲ့အကြည့်နဲ့ ကျွန်တော့်ကို ကြည့်နေတယ်..။ ကျန်တဲ့သူတွေကတော့ တ၀ါးဝါးနဲ့..။

28.2 အိမ်ပြန်ချိန် ညချမ်း ဒိုင်နာတွေက ခပ်ရမ်းရမ်း

သင်တန်းကာလက သုံးလ..။ အစဦးမှာသာ.. စိတ်ဓါတ် နည်းနည်းကျချင်သလို ဖြစ်ပေမယ့်.. နောက်တော့ သင်တန်းမှာ ကျွန်တော်ပျော်သွားခဲ့တယ်..။ ဒါပေမယ့်.. သင်တန်းပြီးလို့ ညနေညနေ အိမ်အပြန် မှာတော့ အတော်ဒုက္ခရောက်ခဲ့ရတယ်..။

သင်တန်းပြီးချိန်က ညရှစ်နာရီလောက် ဆိုတော့ စက်ရုံက ကားကို ယူလဲ မသုံးချင်..။ နိုင်ငံခြား ထွက်ဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးနဲ့ တက်တဲ့ သင်တန်း မို့ မသုံးချင်တာလဲ ပါပါတယ်..။

ဒါကြောင့်သင်တန်းပြီးတာနဲ့ ကေအမ်ဒီ ကနေ.. ဗန္ဓုလပန်းခြံနားထိ လမ်းလျှောက်..။ ပန်းခြံဘေးကနေ သမိုင်းလမ်းဆုံအထိ လိုင်းကားစီး..။ သမိုင်းလမ်းဆုံရောက်မှ အဲဒီက တဆင့် လှိုင်သာယာ ပြန်စီး.။ အိမ်ရောက်တော့ ကိုးခွဲ ဆယ်နာရီ ရှိနေပြီ..။

ပုံမှန်အချိန် နေ့လည်နေ့ခင်းဖက် လိုင်းကားတွေထက် ညပိုင်းလိုင်းကား နဲ့ အောက်ဆိုဒ်ကားတွေက အတင်းမောင်း အတင်းကျော်တက်.. တစီးနဲ့တစီး ပြိုင် ဆိုတော့.. အိမ်မရောက်မချင်း စိတ်တအား ပင်ပမ်း ရပါတယ်..။

အထူးသဖြင့် သမိုင်းလမ်းဆုံကနေ လှိုင်သာယာ ဆွဲတဲ့..ဒိုင်နာ တွေ အဆိုးဆုံးပဲ..။ မောင်းလိုက်တာ ၀ုံးဒိုင်း ကို ကျဲ နေတာပေါ့..။

တစ်ရက်မဟုတ်.. နှစ်ရက်မဟုတ် ဆိုတော့ မဖြစ်ချေဘူးလို့ ကျွန်တော်တွေးပြီး.. ဒရိုင်ဘာ ကိုနည်းနည်းလောက် အထိန်းအကွပ်လုပ်ကြည့် မယ် စိတ်ကူးနဲ့ ကျွန်တော် ခေါင်းခန်းက စီးဖို့ ကြိုးစားတယ်..။

ဒါတောင်မှ သိပ် လွယ်လွယ်ကူကူ စီးခွင့် မရပါဘူး...။ ကိုယ်ရွှေဒရိုင်ဘာများက ကျွန်တော့်လို လူထက် မဒီကညာများကိုမှ ခေါင်းခန်းမှာ တင်စီးချင်ကြတာ..။ ခေါင်းခန်းထဲ လိုက်မယ့်သူ မရှိတာ မြင်နေတွေ့နေ ရသည့်တိုင် ခေါင်းခန်း အားလား လို့ မေးရင် မအားဘူးလို့ ပြန်ပြောတာက ခပ်များများ..။

ဘယ်လိုပဲ ဖြစ်ဖြစ် ခေါင်းခန်းက စီးခွင့်ရတိုင်းတော့ ကျွန်တော် ဒ၇ိုင်ဘာကို စကားမရှိ စကားရှာပြီး ပြောကြည့်တယ်..။ သူစိတ်ဝင်စားလောက်တဲ့ အကြောင်းအရာလေးတွေကို သွေးတိုးစမ်းကြည့်ရင်းနဲ့ ပေါ့..။

များသောအားဖြင့်တော့ ကားသမားတွေကို ကားအကြောင်း ခရီးသည်တွေ အကြောင်း.. အုံနာ တွေ အကြောင်း စတာလေးတွေ စပ်စုကြည့်တာပါပဲ..။

တချို့လည်း စိတ်လိုလက်ရ လေး ကျွန်တော့်ကို ပြန်ပြောတယ်..။ အာရုံက ကျွန်တော်နဲ့ စကားပြောတဲ့ ဖက်ရောက်သွားတဲ့ဒရိုင်ဘာ တွေဆိုရင်တော့ ကျွန်တော့် ရည်ရွယ်ချက် အောင်မြင် တယ် ပြောရမှာပဲ..။

ကားကိုလဲ.. သိပ် ကြမ်းကြမ်းရမ်းရမ်း မမောင်းဘဲ..ကျွန်တော်နဲ့ စကားစမြည် ပြောရင်း အေးအေးဆေးဆေး ပဲ မောင်းတော့တယ်..။

ဒါတောင်မှ.. ကိုယ်ဖော်တဲ့ ဆေး ကိုယ် မစားနိုင် ဖြစ်ခဲ့ ရသေးတယ်..။

28.3 ကဲ မှတ်ပလား


အဲဒီနေ့က ခေါင်းခန်းအားတယ် ဆိုတာနဲ့ ကားမထွက်ခင်ကတည်းက ကျွန်တော် တက်ထိုင်နေလိုက်တယ်..။

ခဏနေတော့ ဒရိုင်ဘာ တက်လာတယ်..။ ကျွန်တော့်ကို တချက်ကြည့်ပြီး အောက်က လူနဲ့ ပြောလက်စ စကား သူဆက်ပြောနေတယ်..။

ဒီတစ်ပတ် ဘာထွက်သွားတယ်.. နောက်တစ်ပတ် ဘာကောင်းတယ်..။ ဘယ်ထိပ်စီးက ဘယ်တုံးက ..။ လာမယ့် အပတ် ဆယ့်တစ်ဘရိတ်..စသဖြင့် ပြောသံကြားတော့ ..ဒရိုင်ဘာက ချဲသမား ပဲ လို့ ကျွန်တော် သိလိုက်ပြီ..။

နောက် သိပ်မကြာဘူး..ကားစထွက်တယ်..။ လီဗာကို အသားကုန်နင်းပြီး သမိုင်းလမ်းဆုံ မီးပွိုင့်ကို အတင်းဆွဲကွေ့ပစ်လိုက်တယ်..။ ကျွန်တော်လည်း မျက်လုံးပြူး ..ကားပေါ်က ခရီးသည်တွေလည်း ဘုရားတွေ တပေါ့..။

ကျွန်တော်လည်း မသိချင်ယောင် ဆောင်ပြီး လာမယ့်အပတ် ဆယ့်တစ်ဘရိတ် လှတယ်နော်.. လို့ စကား စလိုက်တယ်..။ ကားက အရှိန်နည်းနည်း လျော့သလို ဖြစ်သွားပြီး .. '' ခင်ဗျားက ချဲ ၀ါသနာ ပါလို့လား '' တဲ့..။ ကားမောင်းရင်း ကျွန်တော့်ကို သူပြန်မေးတယ်..။

ကျွန်တော်ကိုယ်တိုင်တော့ မတွက်တတ်ပါဘူး.. ဒါပေမယ့် တကွက်ကောင်း ရရင်တော့ .. အိမ်တိုင်ချွတ်ပေါင်ပြီး ထိုးရမယ်ဆိုတောင် ကျွန်တော်ကတော့ ထိုးပစ်လိုက်တာပဲ.. လို့ ကျွန်တော်လည်း စကားစ အရှိန်ရအောင် ဆက်ဖောရတယ်..။

အဲဒါဆိုရင်တော့ ဒီတစ်ပတ် ၄၅၂ ထိုးပေတော့..။ ပတ်လည်တွေ ဘာတွေ လုပ်မနေနဲ့.. တည့်(ဒဲ့).. အဲဒီတစ်ကွက်ပဲ လို့ အားရပါးရ ထိုးခိုင်းတော့တာပဲ..။ ကျွန်တော်လည်း ၀မ်းသာအားရ ပုံစံမျိုးနဲ့ပေါ့..။

ဟာ.. လုပ်စမ်းပါအုံး.. အဲသလို သေချာတဲ့အကွက် လိုချင်နေတာ..။ ဘုန်းကြီးပေးတဲ့ အကွက်လား..။ အကိုကြီးတွက်တာလား..။ ဘယ်ဘိုးတော်ရဲ့ ချိုင်းလဲ.. စသဖြင့် ဆက်ရွှီးရတယ်..။

ကျွန်တော်ကိုယ်တိုင် တွက်ထားတာ..။ ခင်ဗျားမို့လို့ ပေးတာ..။ ဒီမှာကြည့် ဆိုပြီး သူ့အိပ်ကပ်က စာရွက် အပိုင်းအစ တွေ ထုတ်ပြတယ်..။ ကားပေါ်မှာလည်း ဖြစ်ပြန်.. လမ်းမီးကလည်း ဝေး ဆိုတော့ ဘယ်မြင်ရမလဲ..။

ဒါပေမယ့် သူ့ရဲ့ မဟာ့မဟာ ချဲကွက်ကို လမ်းမီးရှိမှ ကျွန်တော်မြင်ရမယ် ဆိုတာ သူသဘောပေါက်သွားတယ်..။

အဲဒီမှာ စပယ်ယာက ရှေ့မှတ်တိုင်ပါတယ် ဆရာရေ့ လို့ အော်ရင် သူက မှတ်တိုင်မှာ မရပ်တော့ဘူး..။

အနီးဆုံး လမ်းမီးတိုင်အောက်မှာ ထိုးရပ်ပစ်လိုက်တယ်..။ မှတ်တိုင်မှာ ဆင်းမယ့် ခရီးသည် ခမျာလည်း မှတ်တိုင်မရောက်မီ ရပ်တာ .. မှတ်တိုင်လွန် ရပ်တယ်ဆိုတာ ဖြစ်လေ့ ဖြစ်ထ ရှိတာမို့.. ဒရိုင်ဘာ ရပ်ပေးတဲ့ နေရာမှာပဲ မကျေမနပ်နဲ့ ပွစိပွစိ ပြောရင်း ဆင်းသွားကြတယ်..။

ဒရိုင်ဘာကတော့ အေးဆေးပဲ..။ ရသမျှ အချိန်လေးအတွင်းမှာ လမ်းမီးတိုင်ရဲ့ မှုန်ဝါးဝါးအလင်းရောင်အောက်မှာ သူတွက်ထားတဲ့ အကွက်တွေကို ကျွန်တော့်ကို တံတွေးစင်မတတ် ရှင်းပြတော့တယ်..။

ကျွန်တော့်မှာသာ ရယ်လည်း ရယ်ချင်..ရယ်လည်း မရယ်ရဲ..။ ကိုယ်ဖော်တဲ့ ဆေးမဟုတ်လား..။

ကားကတော့ အတော့်ကို ဖြေးဖြေးနှေးနှေး ဖြစ်သွားပြီ..။

အဲသလိုနဲ့ ကျွန်တော်ဆင်းမယ့် မှတ်တိုင်ရောက်လာခဲ့တော့တယ်..။ ၀ဋ်ကျွတ်ပြီပေါ့..။ ကားတံခါးဖွင့်ပြီး ကျေးဇူးပဲ.. ကျွန်တော်သေချာပေါက် အော ပစ်လိုက်မယ် လို့ ပြောပြီး ဆင်းဖို့ ပြင်နေတုံး.. ကောင်လေး.. ဒါက နောက်တမျိုး ခဏနေအုံး ဆိုပြီး နောက်တကွက် တွက်ပြ ပြန်တယ်..။

ဖွင့်ထားတဲ့ ကားတံခါးကို လက်တဖက်နဲ့ ပြန်ဆွဲထားရင်း စိတ်ဝင်စားချင်ယောင် ဆောင်ရပြန်တယ်..။ ခြေထောက်တစ်ဖက်ကတော့ တန်းလန်းကြီးပေါ့..။

စပယ်ယာက ရှေ့ကပြီးရင် မောင်း လို့ရပြီ ဆရာရေ လို့ နှစ်ခွန်းသုံးခွန်း ဆက်တိုက်အော်သည့်တိုင် သူ့အကွက်က တွက်လို့ မပြီးသေး..။ ကျွန်တော့်ကို ပြလို့ မပြီးသေး..။ ကြာတော့ ခရီးသည်တွေကပါ ဟေ့ ရှေ့က မပြီးသေးဘူးလားကွ လို့ ၀ိုင်း ကောင်းချီးပေးကြတော့တယ်..။

အဲဒီတော့မှ.. မထွက်ချင်ထွက်ချင်နဲ့ ကားဘီး စလှိမ့်တယ်..။ ဒါတောင်မှ '' ထိုးဖြစ်အောင် ထိုးနော် ကောင်လေး '' တဲ့..။ နောက်ဆုံးမှာတမ်း ချွေသွားသေးတယ်...။

Sunday, September 14, 2008

27.1 ခြေရာပိုင်ရှင်များ၏ နိဒါန်း

ဝင်းဘို အကြောင်း စကားစပ်မိတာကနေ တခြားလုပ်ဖော်ကိုင်ဖက်တွေအကြောင်း ခေါင်းထဲ စီကာစဉ်ကာ ပေါ်လာတယ်..။ ဆယ်နှစ်ကျော် ဆယ့်တစ်နှစ်နီးပါး ဘ၀ရဲ့ အချိန်တွေ ကုန်ဆုံးစေခဲ့တဲ့ အလုပ်ဆိုတော့လဲ တွေ့ဆုံကြုံကွဲ ခဲ့ရသူတွေ မနည်းလှဘူး..။

အဲဒီထဲက တချို့က မေ့မရနိုင်စရာ လူတွေ..။ တချို့ကတော့ သူလိုငါလို ကြာတော့လဲ မေ့သွားရသူတွေ..။ တချို့ကတော့ အခုအထိ ရင်းနှီးမှုကြိုး အဆက်အထုံးမရှိအောင် စွမ်းနိုင်ကြသူတွေ..။

သူတို့အကြောင်း တစေ့တစောင်း မျှဝေပါရစေလား..။


27.2 ထမင်းချိုင့် တစ်လုံးရဲ့ ပုံပြင် ( သို့ ) စန်းအောင်

စက်ရုံရဲ့ ၀န်ထမ်းအသစ် အင်တာဗျုးတိုင်း ကျွန်တော် ဗျုး ရလေ့ရှိတယ်..။ လူတစ်ယောက်အကြောင်းကို သူပေးသိတဲ့ အချက်အလက် အနည်းငယ်နဲ့ ဆယ့်ငါးမိနစ် ( တခါတလေ ငါးမိနစ် ) လောက်အချိန်အတွင်းမှာ ဆုံးဖြတ်ရတာဆိုတော့ အရည်အချင်းအစစ်အမှန်ကို အနီးစပ်ဆုံး အကဲဖြတ်နိုင်တာတွေ ရှိခဲ့သလို ဖွတ်ထွက်မှန်း တောင်ပို့မှန်း သိရတာတွေလဲ ဒုနဲ့ဒေးပဲ..။

တချို့က အင်တာဗျုးမှာ ရွှန်းရွှန်းဝေလို့..။ မေးသမျ မြန်းသမျ ဒိုးကနဲ ဒေါက်ကနဲ ပြန်ဖြေနိုင်ပေမယ့် တကယ့်အလုပ်ကျတော့ ဟိုယောင်ယောင် ဒီယောင်ယောင် ယောင်ခြောက်ဆယ် သမား..။

တချို့ကတော့ မရှိသုံးသုံးကြည့်မယ် စိတ်ကူးနဲ့ ခန့်လိုက်ပေမယ့် ရွက်ပုန်းသီး အရည်အချင်းတွေ တပုံကြီးနဲ့ အစွမ်းထပြ ကြပြန်တယ်..။

စန်းအောင် ကတော့ နဂိုရ်ကတည်းက အူကြောင်ကြောင်..။ အလုပ်ထဲမှာလည်း အူလည်လည် ပါပဲ..။ ဒါပေမယ့် သူ့ကို ကျွန်တော် ခန့်ခဲ့တယ်..။

သူ အလုပ်ဝင်ပြီး သိပ်မကြာခင်မှာပဲ တခြားသူတွေနဲ့ မတူတဲ့ သူ့ အကြောင်းလေးတွေ သိလာရတယ်..။
အထူးခြားဆုံးကတော့ သူ့ ထမင်းချိုင့်ပဲ..။

နေ့လည်ပိုင်း အလုပ်နားချိန်မှာ ၀န်ထမ်းတွေ စုပြီး ထမင်းစားကြတယ်..။ တခါတရံ ကျွန်တော်လည်း သူတို့နဲ့ အတူဝိုင်း ဖြစ်တယ်..။ စုစားတဲ့ အကျိုးက ဟင်းစုံစားကြရတယ်..။ ကိုယ့်ဟာ နည်းနည်းမျှ သူ့ဟာ နည်းနည်းယူစား နဲ့ အတော့်ကို မြိန်တဲ့ ထမင်းဝိုင်းမျိုး..။

ဒါပေမယ့် စန်းအောင်ဆီက မျှစားဖို့ကတော့ ယုန်ချို၊ လိပ်မွှေး ရှာတာထက် ခက်ဖို့ ရှိတယ်..။

ကျန်တဲ့ ၀န်ထမ်းတွေ.. ကိုယ့်ဟင်းသူ့ဟင်း စားပွဲပေါ် ပစ်တင်၊ စုပေါင်းစားသောက်ဖို့ပြင်ဆင်တိုင်း စန်းအောင်ကတော့ ခပ်လှမ်းလှမ်းမှာ သီးခြားစားဖို့ လုပ်လေ့ရှိတယ်..။

တခါကနှစ်ခါ အဲသလိုမျိုး ထူးထူးခြားခြားလေး ဖြစ်နေတာကို ကျွန်တော်သတိထားမိတော့ '' ကိုစန်းအောင် ဒီဖက်လာ ခဲ့လေဗျာ.. အတူတူ ပေါင်းစားကြတာပေါ့ '' လို့ ကျွန်တော် ပြောမိတယ်..။

'' ရပါတယ် ဆရာ၊ ဒီနားမှာပဲ ကျွန်တော်စားပါ့မယ် '' လို့ ခပ်တိမ်တိမ်အသံနဲ့ သူပြန်ဖြေတယ်..။

ကျန်တဲ့သူတွေကလည်း '' လာပါ စန်းအောင် .. တို့အတူတူ စားကြတာပေါ့ '' လို့ ၀ိုင်းပြောမှ မထချင်ထချင် ပုံစံနဲ့ ခပ်လေးလေး စန်းအောင် ထလာတယ်..။

စစ်တပ်သုံး ဟန်းကော ဆန်ဆန် သူ့ထမင်းချိုင့် မရင်း ကျွန်တော့်ဘေးနား သူ့ဝင်ထိုင်တယ်..။

ကျွန်တော့်ချိုင့်ထဲက ဟင်းတစ်တုံး ခပ်ပြီး သူ့ဟန်းကောထဲ ကျွန်တော်ထည့်ပေး တော့ ... '' ကျွန်တော့်ဆီမှာတော့ ဆရာ့ကို ပြန်မျှဖို့ ဘာဟင်းမှာ မပါဘူးနော် '' လို့ အားနာတဲ့ မျက်နှာနဲ့ သူပြောပြန်တယ်..။

ရပါတယ်ဗျာ ..ကဲစား လို့ ပြန်ပြောရင်း သူ့စားနေတဲ့ ဟန်းကောကို အမှတ်တမဲ့ ကြည့်မိမှ.. သူ့မှာ ဘာဟင်းမှ ပါမလာဘူးဆိုတာ ကျွန်တော် သတိထားမိတော့တယ်..။

ရုတ်တရက် ကျွန်တော်လည်း ဘာပြောရမှန်းကို မသိအောင် ဖြစ်သွားခဲ့ရတယ်..။

စိတ်မကောင်းခြင်းများစွာနဲ့ ကျွန်တော်ကြည့်နေဆဲမှာပဲ.. သူ့အိပ်ထောင်ထဲက အဖြူရောင်ပလတ်စတစ် ပုလင်းလေးတစ်လုံး ထုတ်ပြီး သူ့ထမင်းပေါ် ကို ဖြူးတယ်..။

စားပွဲပေါ်တင်ထားတဲ့ ရေခွက်ထဲက ရေကို ငံပြာရည် ဖျန်းသလိုမျိုး ဝေ့၀ိုက်ပြီး ထမင်းပေါ် ဖျန်းတယ်..။ နောက် ဇွန်းနဲ့ သုံးလေးချက် မွှေလိုက်ပြီး တစ်လုတ်ပြီးတစ်လုတ် သူစားတော့တာပဲ..။

ခေါင်းကြီးငုံ့လို့ သုံးလေးလုတ် ဆက်တိုက် ပလုတ်ပလောင်း သူ စားနေတာကို ကျွန်တော်အပါအ၀င် ကျန်တဲ့ သူအားလုံး မင်သက်မိစွာနဲ့ ၀ိုင်းကြည့်နေစဉ်မှာပဲ ဖျတ်ကနဲ သူမော့ကြည့်တယ်..။

ဝမ်းနည်းနေတာလား အားငယ်နေတာလား မကွဲပြားတဲ့ သူ့မျက်ဝန်းတွေ စိုစွတ်လာတာကို ကျွန်တော် သတိထားမိလိုက်တယ်..။

နောက်တော့ '' ၀ပြီဆရာ '' လို့ ခပ်တိုးတိုး ရေရွတ်ရင်း ကောက်ကနဲ သူထသွားခဲ့တော့တယ်..။

အဲဒီနေ့က ကျွန်တော် နေ့လည်စာ ဆက်မစားဖြစ်ခဲ့ ဘူး..။

စန်းအောင် ထမင်းကို ဆားဖြူး ရေဖျန်းပြီး စားနေတာ နေ့တိုင်းလိုလိုပဲ လို့ နောက်မှ ကျွန်တော်သိရတော့တယ်..။

27.3 စန်းအောင်မှာ ပေါင်သေး ကြောင်း နဲ့

ဟင်းဗလာ နဲ့ ထမင်းချိုင့် နေ့တိုင်း ယူလာရလောက်အောင် ဆိုးဝါးနေတဲ့ စန်းအောင်ရဲ့ အခြေအနေကို နောက်ရက်များမှာ ကျွန်တော် တစွန်းတစ စပ်စုကြည့်မိတယ်..။

မိဘမောင်နှမ ၀န်ထုတ်ဝန်ပိုးတွေ ပိလွန်းနေလို့လား..။ နေထိုင်မကောင်း ဖျားနာ.. အိပ်ရာထဲ လဲနေတဲ့ မိသားစုဝင် တစ်ယောက်ယောက်ကြောင့်များလား..။

စတဲ့ လားပေါင်းများစွာ တွေးတောရင်း ဟိုဟိုသည်သည် နီးစပ်ရာ ကျွန်တော် မေးကြည့်တော့မှ.. ကျွန်တော်ထင်တာတွေ တစ်ခုမှ မဟုတ်ဘဲ နှစ်လုံး သုံးလုံး နှိပ်စက်လို့ အဲသလို ဖြစ်နေတယ် ဆိုတာ သိခဲ့ရတယ်..။

ဝမ်းနည်းရမှာလား ၀မ်းသာရမှာလား မိသိန်းကြည် ဆိုတာမျိုးလို စန်းအောင်ကို သနားရမှာလား ကရုဏာ သက်ရမှာလား ဒေါသထွက်ရမှာလား ကျွန်တော် မဝေခွဲနိုင် ဖြစ်ရပါတယ်..။

ရတဲ့ လခ ပူအောင်တောင် မကိုင်နိုင်ဘဲ အိမ်ရှေ့မှာ တန်းစီစောင့်နေတဲ့ နှစ်လုံးသုံးလုံး ဆရာများကို ၀ကွက် အပ် အပ်နေတဲ့ စန်းအောင်..။

ချဲထွက်မယ့် မနက်.. ဒိုင်စာရင်းမပိတ်မှီ.. အပိုင်ကွက်ကို အပီအောဖို့.. ထမင်းကို စောစောထချက်.. ၊ ထမင်းကျက်တော့ အိုးကို ချွတ်တိုက်ဆေးကြောပြီး အပေါင်ဆိုင် အပြေးပို့ လုပ်နေတဲ့ စန်းအောင်..။

ယောဂ ကျင့်တာလိုလို.. သမထ လိုက်စားတာလိုလို .. ဘိုးတော်လိုင်း အားထုတ်တာလိုလို နဲ့ ထွက်ချင်ရာထွက်တဲ့ ချဲဂဏန်းကို အာရုံထင်လာအောင် ကြိုးကုတ် နေတဲ့ စန်းအောင်..။

စတဲ့ အကြောင်းတွေ ကျွန်တော်သိရပြီးနောက်မှာ.. ဒီလောက် မိုက်တဲ့ကောင် သူ့အပြစ်နဲ့ သူ နေပစေ လို့ ဥပက္ခာ စိတ်ထားဖို့ ကျွန်တော်တွေးမိပေမယ့် လက်တွေ့မှာတော့ ရသလောက် ပြုပြင်ကြည့်ဖို့ပဲ ကျွန်တော်ကြိုးစား ခဲ့တယ်..။

အသလိုလို နဲ့ အတော်လည်တဲ့ စန်းအောင်

တကူးတက သီးသန့်ကြီး ခေါ်တွေ့ပြီး သူ့လုပ်ရပ်တွေမှားနေကြောင်း ပြောတာထက်.. အလာပ္ပသလာပ္ပ ပြောရင်း ချဲနှစ်လုံး မကောင်းကြောင်း ပြောတာက ပိုကောင်းမယ်လို့ ကျွန်တော်တွေးမိတယ်..။

ဟိုရောက်ဒီရောက် လူငယ်တွေ စကားဝိုင်းမှာ တရားထိုင် သမထကျင့်ပြီး ချဲ ဂဏန်း သိအောင်လုပ်တာ ဟာ ခပ်ချာချာ အတွေးအခေါ် ဆိုတာမျိုး ကျွန်တော်ပြောဖို့ ကြိုးစားရတယ်..။

ဒါပေမယ့် ချဲကြောင်း စကားစလိုက်တာနဲ့ စန်းအောင်က သူ့ကို ဦးတည်နေမှန်း သိနေပြီ..။ တင်းတင်းရင်းရင်း သူ့ကို ဆုံးမတဲ့ အထိ အရောက်မခံဘဲ ခေါင်းညိမ့်လျာလွှဲ သူလုပ်တတ်တယ်..။
တခါတလေလဲ လိုရင်းမရောက်ဘဲ.. ခုတ်ရာတခြား ရှရာတခြား ဖြစ်ရပြန်တယ်..။

သမထ ကျင့်တဲ့ အကြောင်း နည်းနည်း ပြောမယ် စိတ်ကူးနဲ့ ထမင်းဝိုင်းမှာ
'' သမထ ဆိုတာ သိလား '' လို့ ကျွန်တော် စကားစတယ်..။

စန်းအောင်က သိသားပဲ လို့ ပြန်ဖြေတယ်..။ ကိုယ်ဦးတည်ချင်တဲ့သူက လိုလိုချင်ချင် ပြန်ဖြေတော့ ကျွန်တော်လည်း အားတက်သွားပြီး ''ကဲ လုပ်စမ်းပါအုံး.. သမထ ဆိုတာ ဘာလဲ '' လို့ မေးတာပေါ့..။
'' သမထ ဆိုတာ သမ ပြီး ထသွားတာကို ခေါ် တာ ဆရာ '' တဲ့..။ သူပြန်ဖြေတယ်..။

27.4 စန်းအောင်ရဲ့ ဒိုင်ကြောင်တွေ..

''မင်းကတော့ ဘုန်းကြီးတစ္ဆေပဲ စန်းအောင် '' လို့ ပြောရင်း ကျွန်တော့်မှာ အူပေါက်အောင် ရယ်ရတယ်..။ ဒါပေမယ့် မျက်နှာပိုးသပ်ပြီး ချဲထီအကြောင်း အတည်အတန့် ကျွန်တော် ပြောရတယ်..။

ဖြစ်တန်စွမ်း သီအိုရီအကြောင်း၊ ဖြစ်တန်စွမ်းများလေ မှန်လေ ဖြစ်နေတဲ့ ဘိုးတော်တွေရဲ့ အစွမ်းအကြောင်း၊ ထွက်ချင်သလို ထွက်နေတဲ့ ဂဏန်းနဲ့ ကိုယ်တွက်တာနဲ့ တခါတလေ တိုက်ဆိုင်မှု ရှိနိုင်ပေမယ့် အဲဒါဟာ ကိုယ်တွက်တဲ့ အတိုင်း ထွက်လာတာမဟုတ်ဘဲ တိုက်ဆိုင်မှုသာ ဖြစ်ကြောင်း၊ စတာတွေကို အာပေါက်မတတ် တခါမဟုတ် နှစ်ခါမဟုတ် ကြုံတိုင်း ကျွန်တော်ရှင်းပြတယ်..။

စန်းအောင်ကတော့ ကျွန်တော့်မျက်နှာရိပ်မျက်နှာကဲ ကြည့်ပြီး တခါတရံ ခပ်ပျက်ပျက် ပြောင်ချော်ချော် ပြန်ပြောတယ်..။ တခါတရံကျတော့လဲ လေးလေးစားစား နားထောင်ချင်ယောင် သူဆောင်တယ်..။
များသောအားဖြင့်တော့ ပေါက်တတ်ကရ ခပ်ကြောင်ကြောင် ဒိုင်ယာလော့ တွေ နဲ့ သူအရွှန်းဖောက် လေ့ရှိတယ်..။

ဒိုင်ကြောင်တွေပေါ့..။

ခွင့်မဲ့ပျက်ကွက်လို့ အလုပ်တက်တဲ့ နောက်ရက်မှာ သူ့ကို ကျွန်တော့်ရုံးခန်းထဲ ခေါ်တွေ့ပြီး ဘာကြောင့် ပျက်သလဲ ခေါ်မေးဖူးတယ်..။

'' မနေ့က ဆရာရယ်.. အသီးအရွက်လူနဲ့တည့်တယ်လို့ ရုပ်မြင်သံကြားမှာ ဆရာဝန်ကြီးတစ်ယောက် ပြောနေတာနဲ့ ဒညင်းသီးအလုံးတစ်ရာ ပြုတ်စား မိပါတယ်.. ဒီနေ့အလုပ်တက်နိုင်တာ ကံကောင်း '' လို့ ရူးသလိုလို ပေါသလိုလို သူပြန်ဖြေတယ်..။

မင်းကို ငါအတည်ပြောနေတာ စန်းအောင် လို့ ဟောက်တော့လည်း မျက်နှာငယ်ငယ်နဲ့ ပေရပ်နေပြန်ရော..။

တရက်လည်း '' ဆရာ ဆရာ.. မရှိလို့မလှူ ၊ မလှူလို့ မရှိ '' ဆိုတာ တကယ်တမ်းကျတော့ အလှူအတန်းမလုပ်သူတွေကို ရည်ညွှန်းတာမဟုတ်ဘူး ဗျ..။ ဘုန်းကြီးတွေ သူတို့ဖာသာ သူတို့ ပြန်ညွှန်းပြီး ညည်းညူနေတဲ့ စကားပဲ..။

ဆရာပဲ တွေးကြည့်လေ.. လူတွေက မရှိတော့ မလှူဘူး..။ လူတွေ မလှူတော့ ဘုန်းကြီးတွေမှာ မရှိဘူး။ အဲဒါကြောင့် ဘုန်းကြီးတွေက စိတ်ပျက်လက်ပျက်နဲ့ အသံရှည်စွဲပြီး '' မရှိလို့မလှူ၊ မလှူလို့ မရှိ '' လို့ အော်အော် နေကြတာ..။ တဲ့..။

သူ့စကားကြားပြီး ကျွန်တော့်မှာ ရယ်ရမှာလိုလို ငေါက်ရမှာလိုလို ဖြစ်လို့..။


27.5 ဆရာ့ကို နှုတ်ဆက်ခဲ့ပါတယ်

လူ့ဘ၀ဆိုတာ.. ဘတ်စ်ကားတစ်စီးပေါ်က ခရီးသည်တွေလို ပါပဲ..။ ကိုယ်ကကားပေါ်ရောက်တဲ့အချိန်မှာ ဘယ်မှတ်တိုင်က တက်လိုက်လာမှန်းမသိတဲ့ သူတွေက ကားပေါ်မှာ ရောက်နှင့်နေပြီ..။ ကိုယ့်ခရီးလမ်းဆုံး မရောက်ခင်.. ကြားမှတ်တိုင်တွေမှာ နောက်ထပ်တက်လာတဲ့ ခရီးသည်တွေကလည်း ရှိပြန်တယ်..။

အလျိုအလျို ဆင်းသွားလိုက် တက်လာလိုက်ဆိုသူတွေနဲ့ ခနတဖြုတ် တကားထဲစီး တခရီးထဲသွားတွေဖြစ် ကြရတယ်..။

စက်ရုံအလုပ်ရုံတွေက ၀န်ထမ်းဘ၀ဆိုတာလည်း အဲသလိုမျိုးပါပဲ..။ ကိုယ့်ရှေ့အရင်အလုပ်ဝင်သူတွေ ရှိသလို.. ကိုယ့်နောက်မှ ၀င်လာသူတွေ.. ထွက်သွားသူတွေ.. အသစ်ထပ်ဝင်လာသူတွေ.. မနည်းမနည်း. အလုပ်ထဲမှာ ကြုံခဲ့ရတာပေါ့..။

စန်းအောင်ကတော့ ကျွန်တော်ဆင်းမယ့် မှတ်တိုင်မရောက်ခင်ဘဲ.. လက်ပြနှုတ်ဆက်သွား ခဲ့တယ်..။ အလုပ်ဆင်းရက်ကမမှန်.. ကြွေးလည်ပင်းမြုပ်.. အစားအသောက်က အာဟာရမဲ့ နဲ့ နောက်ဆုံးတော့ ကျွန်တော်ပဲ သူ့ကို ခေါ်တွေ့ရတော့တယ်..။

စက်ရုံမှုးတစ်ယောက်ရဲ့ အခွင့်အာဏာ လုပ်ပိုင်ခွင့်ကို ကျော်လွှားပြီး သူ့ကို လိုက်လျောရတာတွေ တစစ များလာတာကို သူလည်း သိသမို့ .. လမ်းခွဲစကားကို သူကပဲ စပြောပါတယ်..။

လမ်းခွဲမျက်ရည် မကျပေမယ့်.. အမှတ်တရ တချို့တော့ စန်းအောင်က ထားသွားခဲ့သေးတယ်..။

ကိုယ့်အောက်က ၀န်ထမ်းတွေ.. အကြောင်းကြောင်းကြောင့်.. အလုပ်ထွက်တာ ကြုံရလေတိုင်း ကျွန်တော်.. ဦးတည်ပြောတဲ့ စကားရှိတယ်..။

တကြိမ်တခါမှ.. မသိခဲ့ရတဲ့ လူနှစ်ယောက် .. အလုပ်တစ်ခုထဲမှာ လာဆုံကြရပြီး .. တစ်ယောက်နဲ့တစ်ယောက်..ရင်းနှီးခင်မင်ခဲ့ရတယ်..။

အထက်အောက် ဆရာတပည့် ဆိုတာတွေ အသာထား.. အဲသလိုမျိုး တွေ့ဆုံခဲ့ရတာကို.. နှစ်ဦးစလုံးက တန်ဘိုးထားသင့်ကြောင်းနဲ့.. မိတ်ဆွေ အပေါင်းအသင်း များများစားစား ရဖို့မရှိတဲ့ လူ့ဘ၀ကြီးမှာ အလုပ်ထွက်ပေမယ့် မိတ်ဆွေအဖြစ်ကို ဆက်လက် တည်ဆောက်ရမယ့်အကြောင်း ကျွန်တော်ပြောဖြစ်တယ်..။

ဒီကောင်ဘာတွေ လာပြောနေတာလည်း ဆိုတဲ့ မျက်နှာပေးနဲ့ တုန့်ပြန်သူတွေ ကြုံရသလို.. လေးလေးစားစားနဲ့ ကျွန်တော့်စကားကို နာယူသူ တချို့လည်း ရှိပါတယ်..။

စန်းအောင်ကတော့ တမျိုး..။ သူပြောတယ်..။

ကျွန်တော်အလုပ်ထွက်ပေမယ့်.. ဆရာကတော့ .. ကျွန်တော့်ဘ၀ရဲ့ ထာဝရဆရာဖြစ်နေမှာ ပါ..။ နောက်လည်း လမ်းမှာ တွေ့ဆုံကြုံခဲ့လို့ကျွန်တော်ကူညီနိုင်တာများ ရှိခဲ့ရင်.. အသိပေးပါ..။ တတ်နိုင်သလောက်.. ကျွန်တော်အကူအညီပေးမယ်..။

ဆရာပြောသလို.. ဒီအလုပ်မှာမှ..ဆရာနဲ့ ကျွန်တော် သိခွင့်ရပေမယ့်.. ဆရာတပည့်သံယောဇဉ်ကို ကျွန်တော်ဆက်လက်ထိန်းသိမ်း တန်ဘိုးထား ပါ့မယ်..။

ခုလောလောဆယ်တော့ ပိုက်ဆံသုံးထောင်လောက် ချေးလိုက်ပါအုံး ဆရာ.. တဲ့..။

ကျွန်တော့်ဆီမှာ နှစ်ထောင့်ငါးရာကျန် ပေါ့

စန်းအောင်အလုပ်ထွက်သွားပြီး တစ်နှစ်ခွဲလောက်ကြာတော့ ကုမ်ပဏီလူကြီးတွေနဲ့ ခြောက်မိုင်ခွဲနားက ဂျပန်ဆိုင်ကို ရောက်ဖြစ်တယ်..။ အဲဒီဆိုင်ရှင်က ဂျပန်လင်မယား..။

နာမည်ကြီး ကိုဘေး ဘိဖ် လို့ ခေါ်တဲ့ ဂျပန်အမဲသားကို ဂျပန်ကနေ တိုက်ရိုက်သွင်းပြီး ရောင်းတဲ့ ဆိုင်ပေါ့..။ ဂရမ်ငါးရာ လောက်ကို ဒေါ်လာ ဆယ်ဂဏန်း တော်တော်များများ ပေးရတယ်..။

သေသာသွားတယ်..။ အဲဒီအမဲသားကို မစားလိုက်ရရှာတဲ့ ဂျပန်တွေတောင် ရှိတဲ့အထိ ပြောကြတယ်..။ ဟုတ်မဟုတ် မသိပေမယ့်.. ဈေးကြီးတာကတော့ အမှန်ပဲ..။ ကျွန်တော်ကတော့ ထူးမကြိုက်ပေါင်..။

အဲဒီနေ့က ကားပါကင်ထဲ ကားထိုးပြီး ဆင်းမယ့်အလုပ်မှာ ခါးလေးကိုင်းတိုင်းကိုင်းတိုင်းနဲ့ ၀ိတ်တာတစ်ယောက် ကားတံခါး လာဖွင့်ပေးမယ်..။ ဂျပန် စတိုင်ပေါ့..။ အောက်ရောက်လို့သေချာကြည့်မိမှ.. မောင်မင်းကြီးသား စန်းအောင်ဖြစ်နေတယ်..။ ခမျာ့ အတော့်ကို ၀မ်းသာအားရ ပေါ့..။

ကျွန်တော့်လက်ကို အတင်းဆုပ်ပြီး မတွေ့တာကြာပြီ.. ဆရာကတော် နေကောင်းလား.. ဟိုကောင်ကြီးရော ဆက်လုပ်နေတုံးလား.. ဘယ်သူကတော့ မလေးရှားထွက်သွားတာ ကြားလိုက်တယ်.. ကျွန်တော်ကတော့ ဒီမှာပဲ ဆရာရေ့.. စသဖြင့် .. မရပ်မနား သူပြောတယ်..။

လူကြီးတွေက အထဲ ရောက်သွားပြီမို့ အခုလို ပြန်တွေ့ရတာ ၀မ်းသာကြောင်းလောက်ပဲ ပြောပြီး ကျွန်တော်လည်း ဆိုင်ထဲ ၀င်ခဲ့တယ်..။

အားလုံး စားသောက်ပြီးလို့ အပြန်မှာ.. ထုံးစံအရ.. တစ်ပ်မန်းနီးအနေနဲ့ ငါးရာတန်တစ်ရွက် စန်းအောင်ကို ကျွန်တော်ထုတ်ပေးတော့.. မယူဘဲ.. စပ်ဖြဲဖြဲနဲ့.. ကျွန်တော့်ဆီမှာ နှစ်ထောင့်ငါးရာကျန် ပေါ့ တဲ့..။

မင်းကတော့ကွာ.. လို့ ကြည်ကြည်နူးနူး ကျွန်တော် ပြောရင်း ရယ်မိတယ်..။

27.6 မကျေနပ်ဘူး လုံးဝမကျေနပ်ဘူး

စန်းအောင်လိုမျိုး အခြေအနေအရ ခေါ်ပြော.. ညှိနှိုင်းပြီး အေးရာအေးကြောင်း အလုပ်ထွက်သွားသူတွေ ရှိသလို.. အပြစ်လုပ်လို့ မဖြစ်မနေ အလုပ်ထုတ်လိုက်ရသူတွေလည်း မနည်းဘူး..။

အထက်အောက် ဆက်ဆံရေးဆိုတာကလည်း အလုပ်အ၀န်းအ၀ိုင်းထဲမှာသာ အသက်ဝင်တာပဲ..။

ငါ .. ဒီအလုပ်က ထွက်တော့မှာပဲ လို့ တွေးပြီး ထွက်ခတ်ခတ်ချင်တဲ့ ၀န်ထမ်းတွေနဲ့ကျတော့ ကိုင်ရတွယ်ရ နည်းနည်းခက်တယ်..။ သူ အမှားကျုးလွန်တဲ့ အကြောင်းကို အရင်ဇောင်းပေး ပြောရတယ်..။

ဒါတောင်မှ.. ကာယကံရှင်က သူ့အမှားကို လျော့ပေါ့တွေးထားတတ်ကြလို့.. အငြင်းအခုံဖြစ်ရတာတွေလည်း ရှိတယ်..။

တချို့လည်း စက်ရုံမှုးရုံးခန်းက ခေါ်ပြီ ဆိုကတည်းက တွေ့ကြသေးတာပေါ့.. ထွက်ရတော့ ဘာအရေးလဲ လို့ မောင်းတင်ပြီး လာကြတယ်..။

တချို့များဆို ရုံးခန်းတံခါးကို ပုံမှန်ထက်ကြမ်းကြမ်းလေး ဖွင့်တယ်..။ ငါက ထွက်ဖို့ ဆုံးဖြတ်ပြီးသား ဆိုတဲ့ အချိုးမျိုးနဲ့ပေါ့..။

တံခါးဖွင့်ပြီး ချက်ခြင်းမ၀င်သေးဘူး..။ ပုဆိုး ပြင်ဝတ်တယ်..။ ခပ်တိုတို..။ ဗလကြည့်တော့ ကိုယ့်ထက် ထွားသေး..။ အရပ်အမောင်းကလဲ ခပ်ကောင်းကောင်း.. ။ မျက်နှာပေါ်မှာလည်း ထီမထင်တဲ့ ပုံက အပြည့်..။ ကျွန်တော့်စားပွဲရှေ့မှာ ဆောင့်ကြီးအောင့်ကြီးနဲ့ ၀င်ထိုင်..။ အသက်ရှုသံကလည်း ပုံမှန်မဟုတ်..။

သူတို့ကို ဘာစကားမှ ကျွန်တော်မပြောသေးဘဲ..သူ့တို့မျက်လုံးကိုသာ ကျွန်တော်ကြည့်နေလိုက်ရတယ်..။

မင်းကဘာကောင် ငါကဘာကောင် ဆိုတာထက်.. သနားတဲ့အကြည့်မျိုး နဲ့ ကျွန်တော်ကြည့်ဖြစ်တယ်..။တကယ်လည်း သနားနေခဲ့ တယ်..။

စကားကို အတတ်နိုင်ဆုံး လေသံလျော့ပြီး သူ့တို့ ကောင်းကွက်ကလေးတွေ ကျွန်တော်စပြောတယ်..။

ကျွန်တော်သည်လည်း သူလိုငါလို ၀န်ထမ်းတစ်ယောက်မျှသာ ဖြစ်တယ်ဆိုတာလေးလည်း ပြောရပါတယ်..။

စည်းကမ်းရဲ့အရေးပါမှုအကြောင်းလည်း မလိုမပိုလေး ပညာပေးရတယ်..။

ကိုယ်ကဘယ်လောက် အေးဆေးနေပေမယ့် ပေါက်ကွဲပြီး တခုခုထလုပ်မယ့်အရိပ်အခြေကိုလည်း အကဲခတ်ရသေးတယ်..။

များသောအားဖြင့်တော့ ဘယ်လောက်ပဲ မောင်းတင်လာလာ.. အေးဆေး ဖြစ်သွားကြတာပါပဲ..။ အေးဆေး မဖြစ်တောင်.. ဒီကောင်ပြောချင်ရာပြောပစေ.. ဒါနောက်ဆုံးသည်းခံခြင်း လို့ တွေးသူတွေလည်း ရှိ ထင်ပါရဲ့..။

တချို့ကတော့ ဘာပြောပြော ဘယ်လောက်ပြောပြော မကျေနပ်ကြပါဘူး..။

သူကိုယ်တိုင်အမှားကျုးလွန်တယ်ဆိုတာလည်း မငြင်းနိုင်..။ ကျေလည်း မကျေနပ်..။ အဲဒီမကျေနပ်တာတွေကို ကျွန်တော့်ဆီ ပုံချဖို့လည်း မဖြစ်..။ ဆိုတော့.. ထွက်စာကို.. အောင့်သက်သက်နဲ့ လက်မှတ်ထိုးတယ်..။

တွေ့ဖူးသမျှ ကမ္ဘာပေါ်က လက်မှတ်တွေထဲမှာ အကြီးဆုံး ဆိုတဲ့ လက်မှတ်မျိုးပေါ့..။ အားမာန်ကလည်း အပြည့်နဲ့ ပဲ..။ အတင်းဖိ..အတင်းရေး.. တလုံးတလုံးသပိတ်လုံး လောက်...။

ကြုံခဲ့ရပါတယ်..။

27.7 ခြေနှစ်ချောင်း အကယ်ကောင်းသူ

အလုပ်ကနေ မိတ်သစ်ဆွေသစ်တွေ ရခဲ့ပြီး ခင်မင်မှုကို ရေရှည်တည်ဆောက်နိုင်ခဲ့တာတွေ ရှိသလို..အဲဒီအလုပ်ကြောင့်ပဲ ငယ်သူငယ်ချင်းတစ်ယောက် ကျွန်တော်ဆုံးရှုံးခဲ့ရပြန်တယ်..။

မဒမ်နဲ့ ညားခါစ.. ရွာပြန်ဖြစ်တယ်..။ ဆွေပြမျိုးပြပေါ့..။ ဂျပန်ဖက်စပ် စက်ရုံတစ်ရုံမှာ ရာထူးလေးအထိုက်အလျောက် နဲ့ အလုပ်လုပ်နေကြောင်း သိကြတော့ .. ရွာကလူများက.. ကုမ္ပဏီပိုင်ရှင်လောက်ထင် ပစ်လိုက်ကြတယ်..။

ဒီကောင် ခေါ်သွားလိုက်စမ်းကွာ.. ရွာမှာနေလဲ လတ်လျားလတ်လျားနဲ့ မျက်စိနောက်တယ်..။ မင်းစက်ရုံမှာ သင့်တော်တဲ့ တနေရာရာ ခန့်ထားလိုက်လို့ .. တောင်းဆိုသူတွေကို .. လက်မလည်အောင် ရှင်းပြတောင်းပန်ရတာသာ ကြည့်တော့..။

သူတို့အတွေးထဲမှာ.. စက်ရုံအလုပ်ရုံ ကုမ္ပဏီများရဲ့ အနေအထား မကြုံဖူး မကြားဖူးတော့ ကျွန်တော် ပြီးရင် ကုမ်ပဏီမှာ အားလုံးပြီးတယ် ထင်နေကြတယ်..။

ကိုယ်ကိုယ်တိုင် ၀န်ထမ်းဘ၀..သူများခန့်လို့ အလုပ်ရနေတာကို.. ဘယ်လောက်ပဲ ရှင်းပြရှင်းပြ.. တချို့ ဆို ဒီကောင် ..တာဝန်မယူချင်လို့ မကူညီချင်လို့ ရှောက်ပြောနေတယ် အထင်နဲ့ ဘ၀င်မကျ ကြဘူး..။

ရွာမှာနေစဉ်တုံးက ကိုယ့်အပေါ် အထိုက်အလျောက် ကျေးဇူးရှိခဲ့ဖူးသူဆိုရင်.. ရှင်းပြရတာ ပိုဆိုးသေး တယ်..။

သူ့အလှည့်ကျတော့ ကျေးဇူးကန်းတယ် ဆိုတဲ့ ပုဒ်မက အတော်ကြီးတာကိုး..။

ဒါတောင်မှ.. ရွာကပြန်ပြီး သုံးလေးလလောက် ကြာတော့ သူငယ်ချင်းတစ်ယောက် စက်ရုံရောက်လာခဲ့တယ်..။ ငယ်သူငယ်ချင်းဆိုတော့ တွေ့တာနဲ့ ၀မ်းသာအားရ ပေါ့..။ အိမ်မှာ အိပ်ကွာလို့ ပြောပြီး ညနေအလုပ်ဆင်းတော့ ဘီယာဆိုင်ရောက်ကြတယ်..။

အေးအေးဆေးဆေး သောက်စား ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း.. '' မင်းစက်ရုံမှာ ငါအလုပ်လုပ်ချင် တယ် '' လို့ သူ စကားစတယ်..။

ဖြစ်မယ်မထင်ပါဘူးကွာ.. မင်းက ဆယ်တန်းလဲ မအောင်တော့.. ငါခန့်နိုင်လှ အလုပ်သမားပေါ့..။ အလုပ်သမားတော့ မလုပ်ပါနဲ့ကွာ လို့ ကျွန်တော်ပြောပေမယ့်.. အလုပ်သမား လုပ်ဖို့ပဲ ငါကလည်း တောင်းဆိုနေတာပါလို့ မရမက ဇွတ်ပြောနေတာနဲ့ နောက်ဆုံးတော့ ကျွန်တော်ခေါင်းညိမ့်လိုက်ရပါလေရော..။

ဇာတ်လမ်းက အဲဒီမှာ စတာပဲ..။

စကတည်းက ယဉ်သကို

အလုပ်ခန့်ဖို့ ကျွန်တော်သဘောတူလိုက်တာနဲ့ မပြီးသေးဘူး..။ ပို့မယ့်ပို့ ကူးတို့ရာက်အောင်ပို့ သူငယ်ချင်း.. ငါ့အတွက် နေစရာလေး စီစဉ်ပေးအုံးတဲ့..။

နေစရာတင်မက.. စောင်ခေါင်းအုံး တစ်စုံ၊ သင်ဖြူးဖျာတစ်ချပ် နဲ့ သမိုင်းလမ်းဆုံက အဆောင်ကို ကျွန်တော်လိုက်ပို့ ပေးလိုက်တယ်..။ နောက်နှစ်ရက်လောက်ကြာတော့ သူအလုပ်စဆင်းတယ်..။

သူအလုပ်ဝင်ပြီး မကြာခင် စက်ရုံထဲမှာ ၀န်ထမ်းများကို ကျွန်တော် စကားပြောဖို့ ဖြစ်လာတယ်..။ ထုံးစံအတိုင်း စက်ရုံမှုး စကားပြောမယ်ဆိုရင် ၀န်ထမ်းတွေ အရင်တန်းစီကြတယ်..။

အားလုံးအဆင်သင့်ဖြစ်ပြီလို့.. ကျွန်တော့်ဆီ အကြောင်းကြားတာနဲ့ စက်ရုံထဲ ဆောင်းတဲ့ ( ဦးထုပ်) ကောက်ဆောင်းပြီး စက်ရုံထဲ ကျွန်တော်ဆင်းသွားလိုက်တယ်..။

ကျွန်တော်ဝင်လာတာ မြင်တာနဲ့ ဖြစ်သလို နေတဲ့ ကိုယ်ဟန်တွေကို အားလုံးက ပြင်ကြတယ်..။ ခါးမတ်သူ မတ်.. ဦးထုပ်ဆောင်းသူဆောင်းပေါ့..။ သူကတော့ အင်္ကျီရင်ပတ်ဟောင်းလောင်းနဲ့ ကျွန်တော့်ကို ရယ်ပြတယ်..။

ကျွန်တော်လည်း အသိအမှတ်ပြုတဲ့ အနေနဲ့တချက်ပြုံးပြရင်း.. ပြောစရာရှိတာကို ပြောဖို့ လည်ချောင်းအရင် ရှင်းတယ်..။

အဟမ်း အဟမ်းပေါ့..။

အဟမ်းဆုံးလို့ .. စကားစပြောမလို့ ကြံနေတုံး.. '' သူငယ်ချင်း မနက်ဖန် အားလား '' တဲ့..။ ကျွန်တော်လည်း အံ့အားသင့်.. ကျန်တဲ့ ၀န်ထမ်းတွေလည်း ကြောင်သွားတယ်..။ သူကတော့ မေးရိုးမေးစဉ် မေးလိုက်တဲ့ ပုံစံနဲ့ ခပ်ပြုံးပြုံးပါပဲ..။

အားပါတယ်.. မင်းဘာလုပ်ချင်လို့ လဲ.. ညနေအလုပ်ဆင်းရင် အိမ်လာခဲ့လေ .. အေးအေးဆေးဆေး ပြောတာပေါ့ လို့ စကားဖြတ်ပြီး ပြောစရာရှိတာ ကျွန်တော်ပြောရတယ်..။

ပြောစရာရှိတာတွေ ပြောပြီးတာနဲ့ထုံးစံအတိုင်း ၀န်ထမ်းတွေကို ပြောတာနားလည်လား လို့ နိဂုံးချုပ် ကျွန်တော်မေးတော့.. အားလုံးက နားလည်ပါတယ် လို့ တညီတညွှတ်တည်း ပြန်ဖြေကြတယ်..။

သူကတော့ '' အေး '' တဲ့.။

27.8 ပိုင်ပါတယ်.. မင်းကြည့်လုပ်လိုက်ပါ


မရှိတာထက် မသိတာခက် ဆိုတဲ့ စကားလေးကို ဟိုနားဒီနားမှာ ကြားဖူးနေခဲ့တာတော့ အတော်ကြာပါပြီ..။ ကိုယ့်အဖြစ်နဲ့ လက်တွေ့ယှဉ်ကြည့်မှ... အဲဒါ အတော်ဟုတ်တာပဲ လို့ ထဲထဲဝင်ဝင် တွေးမိတော့တယ်..။

မသိတာခက် ဆိုတာမှာတောင် ရိုးရိုးတန်းတန်းမသိတာထက် အလိုက်ကန်းဆိုးမသိတာက ပိုခက်ပါ့လားလို့ နားလည် လာရတယ်..။

ငယ်သူငယ်ချင်းက အကူအညီတောင်းလာတယ်..။ ကိုယ်ကလည်း သူတောင်းတဲ့ အကူအညီကို ပေးနိုင်တဲ့ အခြေအနေ ရှိနေတယ်..။ ကူညီချင်စိတ်ကလဲ အပြည့်..။ ကူညီလိုက်တယ်..။ ရိုးရိုးလေး တွက်ရင်တော့ အိုကေမှာ
စိုပြေ..'' ဘာလိုသေးလဲ '' .. ပေါ့..။

ဒါပေမယ့် တယောက်ကို တယောက် နားလည်ပေးနိုင်စွမ်းက တကယ့်လက်တွေ့ မှာ ဘက်မညီတော့ ပြသာနာက တစတစ ကြီးထွားလာတော့တယ်..။

အဓိက က.. ကျွန်တော့်ကို စက်ရုံမှုး တယောက်အနေနဲ့ သူ မမြင်နိုင်တာပဲ..။ ငယ်တုံးက ကစားဖော် ကစားဖက်.. ခွေလှိမ့်ဖက်.. တူတူပုန်းဖက် .. မုန့်ဆို သူကတောင် မျှ ကျွေးခဲ့ရကောင်.. လို့ ပဲ သူမြင်နေသေးဟန် တူပါတယ်..။

မကြာခန ခွင့် ယူတယ်..။ မကြာခန ခွင့်မဲ့ ပျက်တယ်..။ မင်းတို့ စက်ရုံမှုးနဲ့ငါနဲ့ က ငယ်သူငယ်ချင်းကွ လို့ လဲ.. ဘေးဘယ်ညာ ၀န်ထမ်းတွေကြား ကြုံရင်ကြုံသလို ကြွေးကြော်ပြန်တယ်..။

တဖြည်းဖြည်းနဲ့ ၀န်ထမ်းစည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရာမှာ ခက်ခဲလာတော့တယ်..။ သူ့ကျတမျိုး.. ကျန်တဲ့သူတွေကျတမျိုး ဆိုတာမျိုး လေးတွေ မြင်လာကြတော့တယ်..။

ဒီအတိုင်းတော့ မဖြစ်တော့ဘူးဆိုပြီး .. တရက် ဘီယာသောက်ရင်း.. ဖြစ်သင့်တာလေးတွေ ကျွန်တော် ပြောရတော့တယ်..။

ဘီယာပဲ မူးနေလို့လား.. အလေးအနက် ကို မရှိတာလား တော့မသိ..။ အိုကေ ပါတယ် သူငယ်ချင်း..ကိုယ်နားလည်တယ်လို့ သူပြောတော့ ကျွန်တော့်မှာ အတော်နေသာထိုင်သာ ဖြစ်ခဲ့ရပါတယ်..။

ဒါပေမယ့် မကြာပါဘူး..။ ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုသလိုမျိုး သူပြန်လုပ်တာပါပဲ..။

အဆိုးဆုံးကတော့ (ကျွန်တော်ရှေ့နားမှာ ရေးခဲ့တဲ့ ရွာနတ်ပွဲကို) သူခွင့်ယူပြီး ပြန်သွားခဲ့တယ်..။ မင်းတို့ငါတို့ ပျော်ခဲ့ကြတဲ့ နတ်ပွဲ.. မရောက်တာကလည်း ကြာပြီ ဆိုတော့ ငါပြန်ချင်တယ်.. ခွင့် စီစဉ်ပေးပါ လို့ တောင်းဆိုလာတော့ .. ကျွန်တော့်မှာ ငြင်းရခက်ကြီးပေါ့..။

သူငယ် ချင်း အလုပ်တွေကလည်း ပွင့်လင်းရာသီမို့ လှိုင်နေတာ မင်းသိသားပဲ.. မင်းမရှိရင် ကျန်တဲ့ ၀န်ထမ်းတွေ ပိုပင်ပမ်းမယ်..။ တရက်မဟုတ်တော့ .. ငြိုငြင်မယ်.. ။ မင့်မလဲ.. ခွင့်လက်ကျန်က မရှိ.. ။

ငါ့မလဲ.. ဒီလိုအခြေအနေမှာ မင်းကို ခွင့်ပေးဖို့ က ခက်လှပါတယ်..။ ဒါကြောင့် မသွားလို့ ဖြစ်ရင် မသွားပါနဲ့လား လို့ အကြိမ်ကြိမ်တားပေမယ့်.. သူငယ်ချင်း မင်းက စက်ရုံမှုးပဲ .. မင်းပိုင်ပါတယ်.. ကြည့်လုပ်လိုက်ပါ တဲ့..။

ညောင်ညိုပင် လမ်းခွဲ

မတတ်သာတဲ့အဆုံး.. သူ့ခွင့်ကို ကြံဖန်စီစဉ်ပေးရတော့တယ်..။ ဒါပေမယ့် ခွင့်သာ စေ့သွားတယ်.. မောင်မင်းကြီးသားက ပြန်မရောက်လာ..။ တစ်ရက်စောင့်တယ်..။ မထူးခြား..။ နှစ်ရက်.. ဘာသံမှ မကြား..။

သုံးရက်မြောက်နေ့မှာမှ.. ဖုံးဆက်လာတော့တယ်..။ သူငယ်ချင်း ငါတစ်ပတ်လောက် ဆက်နေပြီးမှ.. ပြန်လာခဲ့မယ် တဲ့..။

ကုမ္ပဏီရဲ့ ၀န်ထမ်းစည်းကမ်းမှာက.. ငါးရက်ဆက်တိုက် ခွင့်မဲ့ ပျက်ရင်.. အဲဒီဝန်ထမ်း အော်တိုမက်တစ် အလုပ်ပြုတ် တယ်..။ ကျွန်တော့်လုပ်ပိုင်ခွင့်ကလည်း အကန့်အသတ်လေးတွေ ရှိတယ်..။

ဝန်ထမ်းတယောက်ကို ခုနှစ်ရက်(တပတ်)ထက် ကျွန်တော် ခွင့်ပိုပေးလို့ မရဘူး..။ ခုနှစ်ရက်ကျော်တာနဲ့ ဒု-အုပ်ချုပ်မှု ဒါရိုက်တာစီ တင်ပြ ခွင့်တောင်းရတယ်..။

ဆိုတော့.. သူ့ကို မဖြစ်နိုင်တဲ့အကြောင်း ဖုံးထဲမှာ ပြောရတော့တယ်..။ စိတ်ဆိုးမာန်ဆိုးနဲ့ ဖုံးချသွားတယ်..။

နောက်တပတ်အကြာ သူပြန်ရောက်လာတော့ ခွင့်မဲ့ငါးရက်နဲ့ သူ့ကို အလုပ်က ထုတ်ပြီးနေခဲ့ပြီ..။

ငါလဲ ဘယ်လိုမှ မတတ်နိုင်ဘူး.. မင်းကို အလုပ်ထုတ်ပြီးသွားပြီလို့ ကျွန်တော်ရှင်းပြတော့ သရော်သလိုလို နဲ့ သူရယ်တယ်..။

အစကတည်းက မင်းတောင်းတဲ့ အကူအညီကို မလိုက်လျောခဲ့ရင်.. အခုလိုမျိုး ဖြစ်မှာ မဟုတ်ဘူး..။ အခုတော့ သူငယ်ချင်းခင်မင်မှုတောင် ပျက်စီးသွားခဲ့ပြီ..။ ငါ့အမှား ပဲ..။ ငါမှားသွားတယ်လို့.. နောက်ဆုံးနှုတ်ဆက်စကား
ကျွန်တော် ဆိုမိတယ်..။

ကျွန်တော့်ကို သနားသလိုလို အကြည့်နဲ့ သူကြည့်ပြီး ''မင်းပြောတာ ပြီးပြီလား''လို့ ခနိုးခနဲ့ မေးတယ်..။ သူ့ကို စိတ်မသက်မသာကြည့်ရင်း ကျွန်တော်ခေါင်းငြိမ့်ပြတော့.. '' ဒါဆို ငါသွားပြီ ''

ဆိုပြီး ထထွက်သွားတယ်..။

ပြီးခဲ့တဲ့နှစ်သင်္ကြန်.. ရွာပြန်တော့..သူ့ကိစ်စ နဲ့ ပတ်သက်ပြီး .. တချို့က ရင်းရင်းနှီးနှီး ပြောလာတယ်..။

''မင်း လွန်တယ် ''

တဲ့..။

ရှင်းပြလေ ရှုပ်လေ ဖြစ်မှာစိုးတာနဲ့.. ကျွန်တော် မချိပြုံးပဲ ပြုံးနေလိုက်တော့တယ်..။

27.9 တစ်ယောက်တစ်မျိုး မရိုးရဘူး

ပုံမှန် ၀န်ထမ်းမဟုတ်ဘဲ.. ပုဂ်ဂိုရ်ရေး သံယောဇဉ်နဲ့ အလုပ်ခန့် ရတဲ့ နောက်ဇာတ်လမ်းတပုဒ် ရှိသေးတယ်..။ ဒီတခါတော့ သူငယ်ချင်းမဟုတ်ဘဲ..သူငယ်ချင်းရဲ့ ညီတွေ..။ ကျွန်တော် ရွာမှာ ကျုရှင်ဆရာလုပ်စဉ်က တပည့်တွေပေါ့..။

သူတို့အကိုလုပ်တဲ့ သူက.. တိုက်တိုက်တွန်းတွန်းလေး.. ပြောလာတာနဲ့ ( အမှတ်သည်းခြေကလဲ မရှိတော့ ) ထုံးစံအတိုင်း သူတို့ကို ကျွန်တော်ခန့်လိုက်တယ်..။

နဂိုရ်ကတည်းက ဆရာတပည့် ဖြစ်ခဲ့ကြတာမို့.. ရှေ့က တစ်ယောက် ကြုံခဲ့သလိုမျိုး တော့ မကြုံခဲ့ရပါဘူး..။ ဒါပေမယ့် သူတို့ဇာတ်ညွှန်းက တမျိုး..။

သူတို့နဲ့ လုပ်ဖော်ကိုင်ဖက် ၀န်ထမ်းတစ်ယောက်နဲ့ ထိုးကြကြိတ်ကြ.. ကွဲကြပြဲကြ ဖြစ်ပါလေရော..။ ဖြစ်ချင်တော့ သူတို့က ထိုးလိုက်ရတဲ့ဖက်က မဟုတ်ဘဲ ခံလိုက်ရတဲ့ ဖက်က..။

ကျွန်တော် စက်ရုံမှုးဖြစ်နေတဲ့ စက်ရုံမှာ သူ့ညီတွေ အထိုးအကြိတ်ခံရ.. ကွဲပြဲ တဲ့ အထိ ဖြစ် ရသတဲ့လား လို့ အကိုလုပ်သူက မကျေမနပ် မချိတင်ကဲ စကားဆိုတယ်..။

ပိုဆိုးတာက ၀န်ထမ်းအချင်းချင်းခိုက်ရန်ဖြစ်တာကို.. လူကြီးများက.. ဒီအီး (DEPARTMENTAL ENQUIRY) လုပ်ရမယ် ဆိုပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ကျွန်တော့်ကို တာဝန်ပေးတယ်..။ တရားခံ တရားလိုကို ခုံရုံးဖွဲ့ပြီး စစ်ချက် ယူရတယ်..။

သက်သေတချို့လဲ ခေါ်မေးရတယ်..။

'' တို့ရွာသား.. တို့ဆရာက စက်ရုံမှုး ကွ.. ဘယ်သူ့အရေးစိုက်ရမှာလဲ '' စတဲ့ အနှောင့်အသွားမလွတ်တာလေးတွေ.. စစ်ချက်ထဲမှာ .. ပေါ်လာတယ်..။

အရှုပ်ထုတ်ထဲ .. ကိုယ်တောင် ပါချင်သလိုလို ဖြစ်တော့တာပေါ့..။

ဘယ်လိုပဲဖြစ်ဖြစ်.. စစ်ချက် အပြည့်အစုံကို လူကြီးတွေ တင်ပေးလိုက်ရတယ်..။ ထိုးတဲ့လူကို အလုပ်ထုတ်ဖို့ရယ်.. အထိုးခံရသူကိုလည်း.. သတိပေးတာမျိုး လုပ်ဖို့.. စစ်ဆေးရေးအဖွဲ့ရဲ့ .. မှတ်ချက်အနေနဲ့ ထည့်ပေးလိုက်တယ်..။

သေချာစစ်ကြည့်တော့ ထိုးသူက မှားသလို.. အထိုးခံရသူကလည်း.. မမှန်နေတော့.. လုပ်ထုံးလုပ်နည်းအရ.. မတတ်နိုင်ဘူး.. အဲသလိုပဲ.. မှတ်ချက်ပေးလိုက်ရတော့တယ်..။

ရလာဒ်အနေနဲ့ကတော့.. ထိုးတဲ့သူကို အလုပ်ထုတ်လိုက်တယ်..။ အထိုးခံရတဲ့ ကျွန်တော့်တပည့်ကိုတော့ သတိပေး လိုက်တယ်ပေါ့..။

ဒါပေမယ့် ပွဲက မပြီးသေးဘူး..။ သူတို့အကိုလုပ်တဲ့သူက.. သူ့ညီတွေ သွေးထွက်သံယို ဖြစ်ရတာကို..ရဲစခန်းမှာ အမှုဖွင့်တယ်..။ ကျွန်တော့်ကိုတော့ ပြောရှာပါတယ်..။ ငါမကျေနပ်ဘူး..။ ထိုးတဲ့ကောင်ကို တရားစွဲမယ်.. တဲ့။ ကျွန်တော်လဲ .. မတားတော့ပါဘူး.. မင်းသဘော လို့ပဲ ပြောလိုက်ရတော့တယ်..။

ရဲမှုရဲခင်း ဆိုတော့.. သိတော်မူကြတဲ့အတိုင်း တော်ကြာနေရင်း ရုံးချိန်း တော်ကြာနေရုံးချိန်း နဲ့ သူတို့မှာ အလုပ် လုပ်ရတယ်လို့ကို မရှိတော့ဘူး..။ ပေးလိုက်ရတဲ့ ခွင့်.. ပျက်လိုက်ကြတဲ့ အလုပ်.. မကြာခနပဲ..။

လူကြီးများက.. ရဲစခန်းမှာ အမှုဖွင့်တယ်ဆိုကတည်းက.. သိပ် မကြိုက်ချင်ကြဘူး..။ တနွယ်ငင် တစင်ပါ.. ကုမ္ပဏီကို ထိခိုက်လာမှာမျိုး.. ကုမ္ပဏီရဲ့ ပုံရိပ်ပျက်မှာမျိုးကို မလိုလားလို့ ထင်ပါရဲ့...။

အဲသလို မကြိုက်နေတဲ့ကြား.. ခွင့်ခနခနယူ.. အလုပ်မကြာမကြာပျက်တော့.. ကျွန်တော့်ကို ခေါ်ပြောတော့တယ်..။

မင်းတပည့်တွေနဲ့ ငါတို့စက်ရုံနဲ့တော့ အဆင်မပြေတော့ဘူး တဲ့..။

လူကြီးများပြောတာလဲ.. မလွန်တော့.. ကျွန်တော်လဲ.. တဖက်ကို ရွေးလိုက်ရတော့တယ်..။

သူ့တို့အကိုကတော့ အခုအချိန်အထိ ကျွန်တော့်ကို စကားမပြောတော့ပါ..။ သူတို့အမှု ဘယ်လိုဖြစ်သွားသလဲ လည်း.. ကျွန်တော်မသိတော့ပါ..။


27.10 မေးမှ မေးတတ်ပလေ

အလုပ်ထဲက ပျော်စရာမကောင်းတဲ့ အတွေ့အကြုံတွေ မျှဝေတာ ခနရပ်ပြီး.. ဘ၀အမော ပြေစေခဲ့တဲ့ .. အခိုက်အတန့်လေးတွေ အကြောင်း ပြောရအုံးမယ်..။

ကျွန်တော့်ရုံးခန်းမှာ စာရေးမ သုံးယောက်ရှိတယ်..။ အားလုံးက ကျွန်တော်နဲ့ အသက်သိပ်မကွာလှဘူး..။ တချို့ဆို.. ကျွန်တော့်ထက် နည်းနည်းတောင် ကြီးတယ်..။ ဒါပေမယ့် ရာထူးအရ သူတို့အားလုံးက ကျွန်တော့်ကို '' အကိုကြီး '' လို့ ခေါ်ကြတယ်..။

သူတို့ထဲက တစ်ယောက်က ကေအမ်ဒီမှာ ကွန်ပြူတာ ဆရာမလုပ်ခဲ့ဖူးတယ်..။ ကျွန်တော့်ရဲ့ ကွန်ပြူတာ ဆရာမလို့ ပြောရင်လဲ ရတယ်..။ ကျောင်းပြီးလို့ အလုပ်စ၀င်ကတည်းက.. စက်ရုံထဲမှာ စက်တွေနဲ့ပဲ တောက်လျှောက် နပမ်းလုံးခဲ့တာမို့ ကွန်ပြူတာနဲ့ ပတ်သက်လို့ ကျွန်တော်အတော်အလှမ်းဝေးခဲ့ရတယ်..။

ရာထူးတဆင့်ပြီးတဆင့်တိုးပြီး.. မန်းနေ့ခ်ျမင့် လယ်ဗယ် ရောက်မှ.. ကွန်ပြူတာ သုံးရဖို့ ဖြစ်လာတော့.. ခွေးလက်ပေး သင်ဆိုတာမျိုးလို.. အတော်အားထုတ်ခဲ့ရတာပေါ့..။

မှတ်မိသေးတယ်..။ တိုက်ပင်.. ရိုက် စကျင့်တော့.. ကြက်အစာကောက်သလိုမျိုး တချောင်းထောက်နဲ့ တမိနစ် ဆယ်လုံး ပြီးအောင် မနည်း ရိုက်ရတယ်..။

အကိုကြီးသာ စာစီစာရိုက် လုပ်စားရင် ထမင်းတောင် နပ်မှန်မယ် မထင်ဘူး လို့ အားလုံးက ၀ိုင်းပြောကြတဲ့ အထိပဲ..။

တကယ့် မောင်ရင်းနှမတွေလို.. ရင်းရင်းနှီးနှီး ဆိုတော့.. တယောက်နဲ့တယောက် ရာထူးဆိုတာတွေ မေ့ထားပြီး ရယ်ရယ်မောမော နောက်နောက်ပြောင်ပြောင် နဲ့ အတော်ပျော်ဖို့ ကောင်းခဲ့ကြပါတယ်..။

အလုပ်ပါးလို့ အချိန်လေး ရရင်.. ဟိုရောက်ဒီရောက်.. စပ်မိရာရာလေးတွေ ၀ိုင်းထိုင် ပြောဖြစ်ကြတယ်..။

တရက်မတော့ .. ဘယ်ကနေဘယ်လိုမှန်းမသိဘဲ.. ကျွန်တော်တို့စကားဝိုင်း မှာစက်ရုံက အင်ဂျင်နီယာ တစ်ယောက်အကြောင်း ရောက်သွားတယ်..။ သူက အာအိုင်တီ.. ၉၄ ဆင်း..။ ကျွန်တော့်ထက် နှစ်နှစ်လောက် ကြီးတယ်..။

အလုပ်ဝင်တာနောက်ကျတာရယ်.. တခြားအကြောင်းကြောင်းတွေနဲ့.. ကျွန်တော့်အောက်မှာ.. ခြောက်နှစ်လောက် သူလုပ်သွားခဲ့တယ်..။ နာမည်ရင်း မောင်မောင်ဦးပျောက်ပြီး တစက်ရုံလုံးက သူ့ကို ဆရာမောင် လို့ ခေါ်ကြတယ်..။

ပုဂ်ဂိုရ်ရေး ကျွန်တော်နဲ့ အင်မတန်ရင်းနှီးပါတယ်..။ စိတ်ရင်းလဲ အင်မတန်ဖြူစင်တဲ့ သူပေါ့..။ အခုတော့ စင်ကာပူမှာ အခြေကျနေပါပြီ..။

သူက.. မွတ်ဆလင်..။ ဘာသာရေးလဲ အင်မတန် ကိုင်းရှိုင်း တယ်..။

သူ့အကြောင်း ပြောကြရင်းနဲ့.. မွတ်ဆလင်ယောက်ျားတွေ ဘာသာရေးအရ.. CIRCUMCISE လုပ်တဲ့ အကြောင်း ပြောတော့.. ကျွန်တော့်ကို ကွန်ပြူတာသင်ပေးတယ်ဆိုတဲ့ တယောက်က မေးတယ်..။

'' ဆရာမောင်လည်း..
CIRCUMCISE လုပ် ထားမှာပေါ့ နော် '' တဲ့..။

ဟဲ့ ဒီလောက် ဘာသာရေး ကိုင်းရှိုင်းတဲ့ ဆရာမောင် မလုပ်ဘဲ နေမလား.. လို့ တခြားတယောက်က ကျွန်တော့်ကိုယ်စားဝင်ဖြေတယ်..။

ဘာမှမပြောဘဲ.. နားထောင်နေတဲ့ ကျန်တယောက်က ..

'' ဆရာမောင် အဲသလို လုပ်တာ.. တနှစ်တခါ လုပ်ရတာလား .. '' တဲ့..။

ကျွန်တော့်မှာ မျက်ရည်တွေများ ထွက်လို့..။ ရယ်လိုက်ရတာ..။

''တနှစ်တခါများ လုပ်ရလို့ကတော့ ငါတို့ဆရာမောင် သရက်သီးပိုးတီ လှီးထားတာက မှ ကြည့်ကောင်းအုံးမယ် '' လို့ ကျွန်တော်ပြောတော့ သူတို့တတွေလဲ ရယ်လိုက်ကြတာ..။


Saturday, September 13, 2008

26.1 အာဝါဟ.. ၀ိဝါဟ.. ဘာညာကွိကွ

သမီးရည်းစားတို့ ထုံးစံအတိုင်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက် စိတ်ကောက်လိုက် နဲ့ပဲ ကျွန်တော်တို့နှစ်ယောက်ရဲ့သမီးရည်းစားသက်တမ်းက လပြောင်းနှစ်ချီ ဖြစ်လာခဲ့တော့တယ်..။ ကျွန်တော်ဖြတ်သန်းလာတဲ့ လူ့သက်တမ်းကလဲ နှစ်ဆယ့်ရှစ်နှစ် ရှိနေခဲ့ပြီ..။

အိမ်ထောင်ပြု နောက်ကျရင် '' အဘခါးကုန်း၊ သားစားတုန်း '' ဖြစ်မယ်..။ ဒါကြောင့် သုံးဆယ်မကျော်ခင် အိမ်ထောင်ပြုတာ အကောင်းဆုံး ပဲ..။ ဒါမှ.. ကိုယ်က အသက်ငါးဆယ် ဆိုရင် ကိုယ့်သားသမီးက နှစ်ဆယ်.. ထိန်းလို့သိမ်းလို့ ကောင်းမယ်..။ စတဲ့ .. အိမ်ထောင်မှုဆိုင်ရာ ဖီလော်ဆော်ဖီ တွေကလဲ ဟိုလူပြော ဒီလူပြောနဲ့ အတော့်ကို နားရည်ဝနေခဲ့ ပြီ..။

အကျိုးဆက်အနေနဲ့ကတော့ အိမ်ထောင်ပြုလိုက်ရင် ကောင်းမလားဆိုတဲ့ အတွေး ခေါင်းထဲ ရောက်လာ ခဲ့ တော့တာပဲ..။

မဒမ့်ဖက်ကလဲ.. အိမ်ထောင်ပြုမယ့် ကိစ္စ သဘောတူတယ်..။ မဒမ်ဖက်က ဆိုလို့ သူ့မိဘ ဆွေမျိုးသားချင်း အသိုင်းအ၀ိုင်းကလို့  မထင်နဲ့ အုံး..။ မဒမ်က သဘောတူတာ..။ အဲဒါဆို လုံလောက်ပြီပဲ မဟုတ်လား..။

ကာယကံရှင် လုလင်ပျို နဲ့ လုံမပျို နှစ်ဦး စိတ်တူသဘောတူ အိမ်ရာထူထောင်ကြတော့မယ် လို့ ဆုံးဖြတ်ပြီး သကာလ ကျေးဇူးရှင်မိဘများကို ခွင့်တောင်းခြင်းသည် မင်္ဂလာတရားတော်နှင့် အညီဖြစ်ပေသည် ဆိုတာမို့သူ့ဖက် ကိုယ့်ဖက် မိဘများကို ခွင့်တောင်းကြတယ်..။

အထူးသဖြင့် ကျွန်တော့်ဖက်ပေါ့..။ သူ့ဖက်က အမေပဲ ရှိပြီး အဲဒီအမေကလဲ.. ကျွန်တော်တို့အိမ်ထောင်ပြုမယ့်အချိန်မှာ ဘယ်မှာ ရောက်နေမှန်း မသိ ဖြစ်နေခဲ့တာမို့ ထူးထွေပြီး ခွင့်တောင်းစရာ မလိုတော့ဘူး..။

မင်းက ခွင့်တောင်းတာလား အသိပေးတာလား

စာတတန်ပေတတန်နဲ့ မန္တလေးက မိဘများဆီ ခွင့်တောင်းနေရင် ကြာနေမှာမို့ ကျွန်တော်အိမ်ထောင်ပြုတော့ မယ့် အကြောင်း ဖုံးလှမ်းဆက်လိုက်တယ်..။

အမေ ဖုံးလာကိုင်တယ်..။

ဘ၀မှာ ပထမဦးဆုံးအကြိမ် ဒီလိုကိစ္စမျိုး ခွင့်တောင်းတာ ဆိုပေမယ့် သဘောတူတူ မတူတူ၊ ယူကိုယူမှာ ဆိုတော့ ရုပ်ရှင်တွေ ၀တ္ထုတွေထဲ လို ဇောချွေးတွေပြန်၊ စကားတွေ အ.ထစ် အ.ထစ် တော့ ဖြစ်မနေခဲ့ပါဘူး..။

အမေလား.. သားပါ လို့ ပြောတော့ ၀မ်းသာအားရနဲ့ သား နေကောင်းလား ဘာပဲညာပဲ နဲ့ အမေက ရွှန်းရွှန်းဝေ နေလို့ ကျွန်တော့်မှာ နည်းနည်း ဆွံ့သွားသလိုတောင် ဖြစ်သွားခဲ့တယ်..။

မိန်းမယူ တော့မယ် လို့ သိသွားတာနဲ့ အမေ့ရဲ့ ရွှန်းရွှန်းဝေမှု တွေ နိဂုံးချုပ်သွားတော့မှာ ကြို သိ နေပြီကိုး..။

သို့သော်.. နောင်ခါလာ နောင်ခါဈေး လို့ စိတ်ပိုင်းဖြတ်ရင်း '' အမေ့ ကို ခွင့်တောင်း စရာ ရှိတယ် '' လို့ အသံမှန်အောင် ထိန်းပြီး ကျွန်တော်ပြောလိုက်တယ်..။

'' ထူးထူးဆန်းဆန်း ဘာများလဲ ငါ့သား ရယ် '' လို့ အမေက ခပ်လေးလေး လေး ပြန်မေးတယ်..။

အစ သာ ခက်တာ.. စမိသွားပြီဆို ဆက်ပြောဖို့ က လွယ်သွားပြီမို့ '' ကျွန်တော် မိန်းမယူတော့မလို့.. အဲဒါ အမေတို့ကို ခွင့်တောင်း တာ '' ။

ကျွန်တော့်စကားအဆုံးမှာ အမေ့ဖက်က ဖုံးသံ တိတ်သွားခဲ့တယ်..။ တော်နေကြာမှာ '' မင်းက ခွင့်တောင်းတာလား အသိပေးတာလား '' ဆိုတဲ့ အမေ့အသံ ထွက်လာတယ်..။

ခွင့်တောင်းတယ်ဆိုပေမယ့် ငါတို့ခွင့်မပြုလဲ မင်းကယူမှာပဲ မဟုတ်လား လို.အမေ ဆက်မေးတယ်..။ (သူ့သားအကြောင်းတော့ သူသိတယ် )

'' အင်း .. အဲ.. ဟိုလေ.. ဘယ်လို ပြောရမလဲ '' ဆိုတာလောက် တောင် ပြန်မပြောဘဲ ဆိတ်ဆိတ်နေ ၀န်ခံသဘောမျိုးနဲ့ ကျွန်တော် တုံဏှိဘာဝေ လုပ်နေလိုက်တယ်..။

သားအမိနှစ်ယောက်လုံး တယ်လီဖုံးကိုယ်စီကိုင်ပြီး စကားတခွန်းမှ မပြောဘဲ သုံးလေးငါးမိနစ်လောက် ငြိမ်နေကြတယ်..။

နောက်ဆုံးမှာ ကျွန်တော်ပဲ '' အမေ့ကို ခွင့်တောင်းအသိပေးတာပါ '' လို့ ပြောလိုက်တော့တယ်..။

'' ဂွပ် ''

အမေဖုံးချသွားတယ်..။

26.2 '' မင်္ဂလာနေ့ရက် မင်္ဂလာအချိန် ရွေးပြီ ''




အမေက ကျွန်တော့်ကို နှမျောတဲ့စိတ်နဲ့ ဘယ်သူနဲ့ယူယူ သဘောမတူနိုင်ဖြစ် နေခဲ့ တယ်..။ အဖေကတော့ တခွန်းပဲ ပြောတယ်..။ '' ငါ့ ငွေလုပ်တဲ့စက်ကလေး သူများ သိမ်းသွားပြီ '' တဲ့..။

အိမ်ထောင်ရက်သား ကျသွားရင် အဖေအမေကို မထောက်ပံ့နိုင်၊ မထောက်ပံ့တော့မှာ ကို ရည်ညွှန်းပြီး ပြောတာပဲ..။

မိဘများကိုလဲ ပြည့်စုံတဲ့အထိ ထောက်ပံ့၊ ကိုယ်လည်း အထိုက်အလျောက် အဆင်ပြေမှ အိမ်ထောင်ပြုမယ်လို့ တွေးနေသူတွေ မနည်း ရှိပါတယ်..။

ကျွန်တော်ကတော့ နောင်ခါလာနောင်ခါဈေး လို့ ပဲ သဘောထားလိုက်ပြီး မဒမ်နဲ့ အခါတော်ပေး နတ်ရေးငယ်ရွှေစာ.. မင်္ဂလာနေ့ရက်ရွေး ဖို့ လုပ်တယ်..။

မင်္ဂလာရက် ရွေးတယ်ဆိုလို့ ဘယ် ဗေဒင်ဆရာဆီများ သွား အကြံတောင်းလဲ လို့ ထင်မနေကြနဲ့အုံး..။

ရန်ကုန်မြို့ပေါ်က ဘုန်းကြီးကျောင်းတကာ လှည့်ပြီး ဘယ်ရက်အားသလဲ.. ။ အားတဲ့ရက်က တို့ မင်္ဂလာရက်ပဲ လို့ သတ်မှတ်လိုက်ကြတယ်..။

အင်းလျားလမ်းထိပ်နား ဓမ္မစေတီလမ်းပေါ်က မိုးညှင်းဝိပဿနာ ကျောင်းမှာ အားတဲ့ရက်မေးတော့ နောက်သုံးလအတွင်း လုံးဝမရှိဘူး.. ။

သို့သော် လာမယ့် တနင်္ဂနွေနေ့ကိုတော့ ကြိုပြောထားတဲ့ မင်္ဂလာမောင်နှံက ရက်မကြိုက်လို့ ပြန်အပ်ထားတယ်..။ အဲဒီရက် ကြိုက်ရင်တော့ အားတယ်လို့ သိရတယ်..။

ကိုယ်မေးတဲ့ ရက်ကပဲ ဗုဒ္ဓဟူးဖြစ်နေပြီ..။ တနင်္ဂနွေဆိုတော့ ကြား သုံးရက် ပဲ ရှိတော့တယ်..။

သို့သော် ကိစ္စမရှိ .. ဘုန်းကြီးကျောင်းက အားတဲ့ရက်က ကိုယ်တို့အတွက် မင်္ဂလာရက်ဟေ့လို့ ကြွေးကြော်ရင်း အဲဒီနေ့ကိုပဲ မင်္ဂလာရက် ရွေးလိုက်ကြတယ်..။

'' တရက်နဲ့အပြီးရိုက်တဲ့ ဖိတ်စာ ''

ကြားမှာ သုံးရက်ပဲ အချိန်ရသမို့ဖိတ်စာကို ဘယ်ပုံနှိပ်စက်မှ မအပ်တော့ဘဲ အလုပ်ထဲမှာ မောင်နှမလို ခင်မင်ရတဲ့ သူဌေးသမီးက တာဝန်ယူပြီး တစ်ရက်နဲ့ အပြီးလုပ်ပေးရှာတယ်..။

ရယ်ဒီမိတ် ဖိတ်စာအဖုံးကို ၀ယ်ပြီး အတွင်းစာသားကို ရုံးကွန်ပြူတာမှာ စာစီပြီး ကော်နဲ့ကပ်လိုက်ကြတယ်..။

'' မိဘများ သဘောမတူသော်ငြား ကျွန်တော်ကျွန်မတို့ ယူချင်လို့ ယူတဲ့ မင်္ဂလာပွဲကို လူမိုက်အားပေး လူကြီးမင်းတို့ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် '' လို့ ရေးလေ့ရေးထ မရှိသမို့ ထုံးစံအတိုင်း '' မိဘတို့ ၀တ္တရားရှိသည်နှင့်အညီ လက်ထပ်ထိမ်းမြားပြီး ဖြစ်ပါသဖြင့် .. .. မင်္ဂလာဦးဆွမ်းကျွေး ကိုကြွရောက်ချီးမြှင့်ပါရန် '' လို့ ပဲ စာပြင်လိုက်တော့တယ်..။

အနှီဖိတ်စာ လေးတွေကို ကိုင်ပြီး မဒမ်နဲ့ကျွန်တော် စက်ရုံကကားနဲ့ ခင်ရာမင်ရာ လိုက်ဖိတ်ကြတယ်..။

သူ့ဖက်ကိုယ့်ဖက် ပေါင်းမှ လူနှစ်ရာလောက်ပဲ ဖိတ်နိုင်တော့တယ်..။ အလုပ်ထဲကပဲ တစ်ရာကျော်ကျော်ရှိ တယ်..။

ကြက်သားဟင်း၊ ချည်ရည်ဟင်း၊ ပဲကြီးနှပ်၊ ဆိတ်သား နဲ့ ထောပတ်ထမင်း၊ ရေခဲမုန့် အပါကို လူတစ်ယောက်သုံးရာနှုန်းနဲ့ ( သုံးရာလို့ထင်တာပဲ )ဘုန်းကြီးကျောင်းက အပြီးအစီး စီစဉ်ပေးတယ်..။

အလုပ်ထဲမှာ ညီအကိုတမျ ခင်ရတဲ့ ကျွန်တော့်အထက်လူကြီးက တိုက်ပုံငှားတယ်..။

တိုက်ပုံဆိုတာ ရှိကောင်းတဲ့ အရာလို့ကို မထင်လို့ကျွန်တော့်မှာ မရှိဘူး..။ ရှိကောင်းတဲ့အရာလို့ ကို မထင်တော့ မင်္ဂလာဆောင် သည့်တိုင် မ၀ယ်ဘဲ ကျွန်တော် ငှားဝတ်လိုက်တယ်..။

မဒမ့်ကိုတော့ အဲဒီအကိုကြီးရဲ့ အမျိုးသမီး ကကိုယ်တိုင်ကိုယ်ကျ ဒီဇိုင်းထုတ်အင်္ကျီချုပ်ပေးတယ်..။ သူက အင်္ကျီချုပ် တော်တော်ကောင်းတယ်..။

စင်ကာပူကနေ ဒီဇိုင်းဒီပလိုမာ ရထားပြီး အဲဒီအလုပ်က ပင်ပမ်းမယ့် အလုပ်ဆိုပြီး လုပ်တော့မစားဘူး..။ ချမ်းသာလို့ လည်း ဖြစ်မှာပေါ့..။

မှတ်မှတ်ရရ မဒမ်က မိတ်ကပ်ကိုယ်တိုင်လိမ်းတယ်..။ အကြိုင်တို့ ခင်စန်းဝင်းတို့ တော့ သနားတယ် ဆိုတာမျိုးပေါ့..။ အတော် လှသဗျို့ ..။ (ခုနဲ့တော့တခြားစီပဲ)

မဒမ်ဖီးလိမ်းပြင်ဆင်ပြီး တာနဲ့ စက်ရုံကနေ ကျွန်တော်တို့ ဘုန်းကြီးကျောင်းကို ချီတက်ခဲ့ကြတယ်..။ ဒီတစ်ခါတော့ စက်ရုံက ဒိုင်နာနဲ့မဟုတ်တော့ဘူး..။

တိုက်ပုံငှားတဲ့ အကိုကြီးက ငှားလက်စနဲ့ သူ့အိမ်က ကားအကောင်းစားကို ငှားပေးတယ်..။

ကားခေါင်းပေါ်မှာ ပန်းတွေ ဖဲကြိုးတွေတော့ မပါဘူးပေါ့..။

နာရီဝက်လောက်မောင်းတော့ မိုးညှင်းဝိပဿနာကျောင်းတိုက်ကို ရောက်တယ်..။

ကျောင်းဝင်းထဲက မင်္ဂလာ အခန်းအနားလုပ်မယ့် အဆောက်အဦရှေ့မှာ ဘလက်ဘုတ် တစ်ချပ်ထောင်ထားပြီး မဒမ်နဲ့ကျွန်တော်ရဲ့ မင်္ဂလာဦးဆွမ်းကျွေး ဆိုတာကို ရောင်စုံမြေဖြူနဲ့ ရေးထားတာတွေ့ တယ်..။

ဖတ်ကြည့်ပြီး ရွာက ဗွီဒီယိုရုံရှေ့ ကြော်ငြာဘလက်ဘုတ် ကိုသတိရမိသေးတယ်..။ ( ကိုရွှေအောင်ရဲ့ ပြဲဘရော့ဆုပ် ဆန်ဆန်ပါပဲ )

လက်ဖွဲ့လက်ခံတာကို ကျွန်တော့်ရုံးက စာရေးမနှစ်ယောက် တာဝန်ယူတယ်..။ ဖိတ်ထားတာမှ လူနှစ်ရာ လောက် ရှိတာမို့ ကားတစ်စီးတိုက် လက်ဖွဲ့ ရချင်ရင် ဘီခြောက်ရာ ငှားတိုက်ရမယ့် ကိန်းပေါ့..။

ဒါတောင် လက်ဘက်ရည်ပန်းကန် (တီးဆက်)တွေက မနည်းလို့ ကားနောက်ခန်းကို အတော်ထိုးကြိတ်တင်ရတယ်..။

အရေးထဲမှာ စက်ရုံကဒါရိုက်တာတစ်ယောက် လက်ဖွဲ့တဲ့ လက်ဖွဲ့ငွေကို ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်က မှားပေးမိလို့ ဒါနဲ့ ပြန်လဲပေးပါ ဆိုပြီး သူ့လက်ထဲက စာအိပ်နဲ့ လဲယူလစ်ထွက်သွားလို့ မင်္ဂလာဆောင်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသေးတယ်..။

ဒါရိုက်တာ လက်ဖွဲ့တာက နှစ်သောင်း..။ သူလဲပြီး ထားသွားတာက ငါးရာ..။

26.3 ရုံးတက်လက်မှတ်ထိုးခြင်း



အခုမှ သတိရလို့ တရားရုံးမှာ လက်မှတ်ထိုးတဲ့ အတွေ့အကြုံလေး ပြောရအုံးမယ်..။

မင်္ဂလာကလည်း ဆောင်နေကျမဟုတ်တော့ တရားရုံးမှာ လက်မှတ်ထိုးဖို့ကို ရုံးက အမကြီးတစ်ယောက်ကို အကူညီတောင်း ရတယ်..။

သူက စီမံခန့်ခွဲရေးဌာနက မန်နေဂျာ..။ ကျွန်တော့်ကို သူ့မောင်ငယ်တစ်ယောက်လို ချစ်တယ်..။ သူကပဲ ကျွန်တော်တို့ လက်ထပ်စာချုပ်ကအစ တရားသူကြီးချိန်းတာ.. သက်သေစီစဉ်.. အားလုံး လုပ်ပေးရှာတယ်..။

သူ့အစီအစဉ်နဲ့ပဲ လက်မှတ်ထိုးမယ့်နေ့ မနက်စော ရှစ်နာရီလောက် ကျွန်တော်တို့ တတွေ ကမ်းနားလမ်းက တရားရုံးကို သွားကြတယ်..။

သက်သေအဖြစ် အဲဒီအမကြီးနဲ့ ကျွန်တော့်သူငယ်ချင်း ဖိုးမောင် က ဆောင်ရွက်တယ်..။

ကိုးနာရီဆယ့်ငါးလောက် ရုံးရောက်တယ်..။ တရားသူကြီးက ဆယ်နာရီခွဲလောက်မှ လာလို့တစ်နာရီသာသာ ထိုင်စောင့်လိုက်ရသေးတယ်..။ သက်သေလိုက်လာတဲ့ ကျွန်တော့်သူငယ်ချင်းနဲ့ ကူညီဆောင်ရွက်တဲ့ အမကြီး ကို တရားသူကြီးက မင်္ဂလာမောင်မယ် ထင်နေလို့ အားလုံး ရယ်ရသေးတယ်..။

မင်္ဂလာဆောင်မှာ သူတို့မဟုတ်ဘူး၊ ကျွန်တော်တို့ပါ လို့မဒမ်ကို လက်ဆွဲပြီး ကျွန်တော်ပြောတော့ တရားသူကြီးက မဒမ်ကို ကြည့်ပြီး အင်တင်တင်ဖြစ်သွား တယ်..။

မဒမ် မှတ်ပုံတင်ကို ဖင်ပြန်ခေါင်းပြန် သုံးလေးခါ ကြည့်ပြီး အသက်ပြည့်ရင် ပြီးတာပါပဲလို့ တရားသူကြီးက ခပ်လေးလေး မှတ်ချက်ချတယ်..။

မဒမ်က အဲဒီတုံးက ခပ်သေးသေး ပိန်ပန်လေး..။ ကိုယ်အလေးချိန်က ရှစ်ဆယ့်ငါးပေါင်လောက်ပဲရှိတော့ ကလေးလေး လို့ တရားသူကြီးက ထင်နေခဲ့တယ်..။

ရင်ခုန်ယစ်မူး မင်္ဂလာဦး


အဟမ်းအဟမ်း လို့ .. ချောင်းဟန့်ပြီး ပြောချင်ပေမယ့် ပြောစရာက ဘာမှ မရှိဘူး ဖြစ်နေတယ်..။ မိုးညှင်းကျောင်းက မင်္ဂလာဆောင်ကိစ္စ၀ိစ္စပြီးတာနဲ့ သူငယ်ချင်းတစ်ယောက်က စက်ရုံကို သူ့ကားနဲ့ ပြန်လိုက်ပို့ မယ် ဇွတ်ပြောနေတာနဲ့ မဒမ်နဲ့ကျွန်တော် လာတုံးကကားချန်ထားပြီး သူ့ကားနဲ့ လိုက်ခဲ့ရတယ်..။

စကားစပ်လို့ အဲဒီ သူငယ်ချင်းအကြောင်း နည်းနည်းပြောအုံးမယ်..။

သူ့အမနဲ့ ညီမက အကယ်ဒမီဆုရှင် မင်းသမီးတွေ..။ အဲသလောက် ဆို မှန်းကြည့်ကြပေါ့..။ ဒါပေမယ့် သူကတော့ အတော့်ကို အနေအထိုင် ရိုးအေးသူ တစ်ယောက်ပဲ..။ ကျွန်တော့်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းက သူ့ရည်းစားဖြစ်နေတာကြောင့်ပဲ သူနဲ့ကျွန်တော် ခင်သွားခဲ့ရတယ်..။

အဲဒီနေ့က ကျွန်တော်နဲ့ မဒမ်ကို အိမ်ပြန်ပို့ ပေးမလိုနဲ့ ရှစ်မိုင်လမ်းဆုံက (အခု စီးတီး ) ဟိုတယ် ကို သူလိုက်ပို့တယ်..။ အခန်းကို သူတို့က ကြိုယူထားပေးပြီး ကျွန်တော်တို့ မင်္ဂလာဦးမောင်နှံကို အံ့သြအောင် လုပ်တဲ့ သဘောပေါ့..။

ဒါပေမယ့် အခုအချိန်အထိ သူတို့မသိတာက ကျွန်တော်နဲ့ မဒမ် အဲဒီနေ့ညက အဲဒီဟိုတယ်မှာ မအိပ်ဘဲ စက်ရုံပြန် အိပ်တယ် ဆိုတာပဲ..။ သူတို့အဖွဲ့ ကျွန်တော်တို့ကို ဟိုတယ်မှာ ထားပြီး ပြန်သွားတော့ ကျွန်တော်နဲ့ မဒမ်တွေးတယ်..။

နောက်နေ့မနက်မှာ သူလည်း သူ့အလုပ်သူလုပ်ရမှာ..၊ ကျွန်တော်လည်း အလုပ်မပိတ်ဘူး..။ ခွင့်လည်း မယူထားဘူး..။ ဟိုတယ်မှာ ညအိပ်ရင် .. ရုံးချိန်မှီအောင် နောက်နေ့မနက် အစောကြီးထရမယ်..။ စက်ရုံပြန်အိပ်ရင်.. အိပ်ရာထ မျက်နှာသစ်.. ယူနီဖောင်းလဲ.. အလုပ်တန်းဝင်ရုံ ဆိုတော့ အိပ်ရေး ၀၀ အိပ်ရမယ်..။

ဒါကြောင့် စက်ရုံပြန်တာပဲ ကောင်းပါတယ် လို့ နှစ်ယောက်သားတွေးပြီး သကာလ .. ဟိုတယ်ကနေ ပြန်လာခဲ့ကြတယ်..။

အကုန်အကျ ခံ ဟိုတယ်စီစဉ်ထားတဲ့ သူတို့ ကတော့ ကျွန်တော်တို့နှစ်ယောက် ဟိုတယ်မှာ အိပ်တယ်လို့ ပဲ အခုအချိန်ထိ ထင်နေကြတယ်..။

26.4 တမူထူးခြား မင်္ဂလာလက်လက်ဖွဲ့များ

လက်ဘက်ရည်ပန်းကန် အစုံလိုက်တွေ၊ တဘက်တွေ၊ အစရှိတဲ့ လက်ဖွဲ့ပစ္စည်းတွေကြားမှာ ထူးထူခြားခြား လက်ဖွဲ့အနေနဲ့ မြောင်းမြပဇ္ဖေတာ၇ုံ ဆရာတော် ရေးတဲ့ '' ကိုယ်ကျင့်အဘိဓမ္မာ '' စာအုပ် ရယ် ဘုရားဆင်းတုတော် တစ်ဆူရယ် ပါတယ်..။

အဘိဓမ္မာစာအုပ်ကို အခုဖိုရမ်ထဲက ဘကြီးတော် ၀ီဟာရီက လက်ဖွဲ့တာပဲ..။ ဆင်းတုတော်ကတော့ ဟိုတယ်ကိုလိုက်ပို့တဲ့ သူငယ်ချင်းသမီးရည်းစားအတွဲက ဘာလက်ဖွဲ့ရမှန်းမသိလို့ ဘုရားတစ်ဆူ မင်္ဂလာဦးအလှူလို့သဘောထားပါဆိုပြီး လက်ဖွဲ့တာပဲ..။

လက်ဖွဲ့ ပြီးမှ အနေကဇာ မတင်ရသေးတဲ့ ဘုရား.. လက်ဖွဲ့ကောင်းရဲ့လားလို့ ကျွန်တော့်ကို မေးတယ်..။ အဲဒီအယူတွေ သိပ်ပြီး ဂရုတစိုက်မရှိပါဘူး .. တအိုးတအိမ်ထူထောင်စမှာ ဘုရားတစ်ဆူ ရတာ ကျေးဇူးတောင် တင်မိသေးတယ်လို့ ကျွန်တော်ပြန်ပြောတော့ သူတို့ကျေနပ်သွားခဲ့တယ်..။

မဒမ်ကတော့ ကျွန်တော့်ထက် မိရိုးဖလာ ဆန်သူမို့ လက်ဖွဲ့အဖြစ် ဘုရားတစ်ဆူ ရတာကို ကျေနပ်ပီတိဖြစ်နေရှာတယ်..။

လက်ဖွဲ့ရတဲ့ ဘုရား ပရိနိဗ္ဗာန်ပြုခြင်း

လူပျိုဘ၀ နေတုံးကတော့ ဘုရားစင်ရယ် ဘာရယ် မရှိပါဘူး..။ အလုပ်လုပ်.. လည်ပတ်သွားလာ.. ပွေရှုပ် နေတာနဲ့ပဲ ဘုရားကို မေ့နေခဲ့တယ်..။ အခုတော့ လက်ဖွဲ့တဲ့သူက တကူးတက လက်ဖွဲ့တဲ့အပြင် မဒမ်ကလည်း တောင်းဆိုနေတာနဲ့ စက်ရုံထဲက ပစ္စည်းတချို့ဖြတ်ညှပ်ဆက်ပြီး ဘုရားစင်လုပ်လိုက်တယ်..။

လုပ်ပြီးသွားမှ ဘုရားစင်က လိုအပ်တာထက် ပိုမြင့်သွားမှန်း သတိထားမိတယ်..။ ဒါပေမယ့် ပြန်ပြင်ရမှာ ၀န်လေးတာရယ် အမြင့်မှာဘုရားစင်က ပိုတင့်တယ်နေတာ နဲ့ပဲ ဒီအတိုင်း ထားလိုက်တော့တယ်..။ သောက်တော်ရေလဲ တာ.. ပန်းလဲတာ အစရှိတာတွေကတော့ ခုံခုပြီး လုပ်ရတာပေါ့..။

မဒမ်ကတော့ ညစဉ်ဘုရားရှိခိုး.. မနက်တိုင်း ပန်းရေချမ်းဆွမ်းကပ် နဲ့ ဟုတ်နေတာပဲ..။

ကျွန်တော်ကတော့ မဒမ်ဘုရားရှိခိုးနေရင် တိတ်တိတ်နေပေးလိုက်တယ်..။ ကိုကြီးရေ.. မီးမီးနဲ့မမီလို့ သောက်တော်ရေအိုးလေး လှမ်းယူပေးပါဆို ယူပေးလိုက်တယ်..။ ပန်းအိုးလေး တဆိတ်လောက်ဆိုရင် ဘုရားစင်ပေါ်က ပန်းအိုး အောက်ချပေးလိုက်တယ်..။

ဒါပေမယ့် တရက်မှာ မဒမ်က စက်မှုဇုံဈေးက ဘုရားရောင်တော်လျှပ်စစ်မီးလုံးလေး တွေ ၀ယ်လာပြီး ကိုကြီး ဒါလေးကို ဘုရားစင်မှာ ဆင်ပေးစမ်းပါလို့ ခိုင်းတာနဲ့ လိုအပ်တဲ့ ၀ါယာကြိုး ပလပ် ရှာပြီး ဘုရားစင် မီးဆင်ဖို့ကျွန်တော်လုပ်တယ်..။

ဝါယာကြိုးတွေ ရှုပ်ယှက်ခပ်ပြီး အမြင်မလှ မဖြစ်ရအောင်.. ဆင်းတုတော်နောက်နားကနေ မီးကြိုးကို ဖျောက် သွယ်တယ်..။

မီးကြိုးသွယ်ရင်း မမီတမီ ဖြစ်နေတာနဲ့ နည်းနည်းအားထည့်လိုက်တာ.. ဘုရားစင်အောက်ခံသံတိုင်က ကျွန်တော့်ဝိတ်မခံနိုင်တာနဲ့ ညွတ်ကနဲဖြစ်သွားပြီး ဆင်းတုတော်က လျောကျသွား ပါလေရော..။
လှမ်းဆွဲလိုက်ပေမယ့် ကိုယ်ကိုယ်တိုင်က ဟန်ချက်ပျက်နေတော့ မမီတော့ဘူး..။

ဒုန်း ဂလုံ ဂလွမ် ခွမ်း ဆိုတဲ့ အသံကြားလို့ မီးဖိုချောင်ထဲက မဒမ် ပြေးထွက်လာတော့ ဆင်းတုတော်က ခေါင်းတခြားကိုယ်တခြားဖြစ်နေပြီ..။

ပြတ်နေတဲ့ ဦးခေါင်းတော်ကို ကောက်ကိုင်ပြီး '' မိန်းမရေ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးတော့ ပရိနိဗ္ဗာန် စံဝင်တော် မူသွားပြီ '' လို့ ကျွန်တော်ပြောတော့ မဒမ့်မျက်နှာက မကောင်း..။

26.5 '' တချို့ကပြောတယ်.. စုတ်ရောလာဘ်ရော ၀င်တာတဲ့ ''

ပူပူနွေးနွေး အိမ်ထောင်သည် ဖြစ်စမှာပဲ ကျွန်တော့်ကို လက်ထောက်စက်ရုံမှုး ရာထူး တိုးပေးတယ်..။ လူကြီးတွေကတော့ ပြောတယ်..။ ဒီကောင် စုတ်ရော လာဘ်ရော ၀င်တာ တဲ့..။ ဒါပေမယ့် လက်တွေ့က အဲဒီလောက် မရိုးရှင်းပါဘူး..။

ကုမ္ပဏီ စည်းမျဉ်းစည်းကမ်းအရ ရာထူးတိုးရင် လစာစကေး အသစ်နဲ့ ပေးပေမယ့် အရင်က ရခဲ့တဲ့ နှစ်တိုးကြေးဆိုတာတွေကို ရပ်ပစ်လိုက်တော့ ရာထူးတိုး လစာက ရာထူးမတိုးခင်က ရနေတာထက် နည်းသွား ပါလေရော..။

အဲဒီလို မဖြစ်သင့်မှန်း တာဝန်ရှိ လူကြီးကိုယ်တိုင် သိပေမယ့် အမှားပြင်ဖို့ကို ၀န်လေးနေတော့ ကာယကံရှင် ကျွန်တော့်မှာ ရာထူးတိုးပေမယ့် အီလယ်လယ်ကြီး ဖြစ်နေခဲ့ရတယ်..။ ဒီကြားထဲ မိဘများက သူတို့သား ရာထူးတိုးတယ် ကြားတော့ ၀မ်းသာအားရ သတင်းစကားမေးကြတယ်..။

ငါ့သား အခုရာထူးတိုးသွားတော့ ဘာတွေ ထူးခြား လာလဲ တဲ့..။

ထူးခြားတာကတော့ အခုအချိန်ကစပြီး အဖေက လက်ထောက်စက်ရုံမှုးရဲ့ အဖေ ဖြစ်သွားပြီး အမေက လက်ထောက်စက်ရုံမှုးရဲ့ အမေဖြစ်သွားတာပေါ့ဗျာ လို့ (အဖေအမေနဲ့မဆိုင်ပေမယ့်) ခပ်ရွဲ့ရွဲ့လေး ကျွန်တော် ဖြေမိတယ်..။

ကျွန်တော့်အဖြေကြောင့် အူကြောင်ကြောင်ဖြစ်နေတဲ့ မိဘနှစ်ပါးကို '' ရာထူးသာ တိုးတာ၊ လခကတော့ အရင်ကထက်တောင် နည်းသွားသေးတယ် .. အစချီပြီး ဇာတ်ရည်လည်အောင် ရှင်းပြမှ '' အော်.. အဲဂလိုကြီးဆိုရင်တော့ မင်းတို့ကုမ္ပဏီ မဟုတ်သေးပါဘူး '' လို့ ဖခမည်းတော်က မျက်ချက်ပြုတယ်..။

သို့ သော် ကျွန်တော့်အထက်က စက်ရုံမှုးကောင်းမှုနဲ့ ကျွန်တော့်ရဲ့ ရားထူးတိုးလစာနည်း ကိစ္စ.. နှစ်လလောက် ကြာတော့ အဆင်ပြေသွားခဲ့တယ်..။

'' ဆရာ မကျေနပ်ရင် ကျောပိုးဆိုပိုးပါ့မယ် ''

ဆိုခဲ့သလို မဒမ်က ကျွန်တော့်ထက် အသက်က အတော်ငယ်တော့ ကလေးလေးလို နွဲ့ဆိုးဆိုးလေ့ ရှိတယ်။ ကြင်စဦးဆိုတော့လည်း လင်ကိုယ်မယား ကယုကယင် တွတ်တီးတွတ်တာ လုပ်တာလေးတွေ ရှိတာပေါ့..။

ကိုယ့်အိမ်ကိုယ်ရာထဲ တွတ်တီးတွတ်တာလုပ်တာ လူမမြင်ပေမယ့် တခါတရံ မဒမ်က အိမ်အပြင်ဖက်မှာ ကျောပိုးခိုင်းတာမျိုး ဂျီကျပြီး လုပ်ခိုင်း တတ်တယ်..။

ကျွန်တော်တို့ နေတဲ့ အိမ်ဘေးမှာ စက်ရုံ ရေစစ်ကန်ရှိတယ်..။ အဲဒီရေစစ်ကန် နဲ့ အိမ်ကြားမှာ ကန်စွန်းခင်း တခင်းရှိတယ်..။ မိုးတွင်းဆို အိမ်အ၀င်လမ်းက ဗွက်ထနေတာတာမို့ အဲဒီလမ်းကို မသုံးဘဲ ရေစစ်ကန်ပေါ် ကတဆင့် ဖြတ်လမ်းသဘောမျိုး ကျွန်တော်တို့ လင်မယား သွားသွားလာလာ လုပ်တယ်..။

ရေစစ်ကန်နဲ့ စက်ရုံကြားမှာ ကုမ္ပဏီ၇ုံးခန်း ရှိနေတာမို့ စက်ရုံထဲက လူတွေအနေနဲ့ ကျွန်တော်တို့ အိမ် အ၀င်အထွက်ကို ပုံမှန်ဆို မြင်ဖို့ ခက်တယ်..။ အဲဒါကို အခွင့်ကောင်းယူပြီး မဒမ်က ရေစစ်ကန်အစွန်းကနေ အိမ်ဖက် ကူးခါနီးတိုင်း ''ကိုကြီး မီးမီးကို ကျောပိုး ခေါ် '' လို့ မကြာခဏ လုပ်တော့တာပဲ..။

ကိုရီးယား ဇာတ်လမ်းတွေထဲ မင်းသမီးကို မင်းသားက ကျောပိုးတယ်ဆိုတာ ကျွန်တော်တို့နောက် ကျကျမလားပဲ..။

ကိုယ့်မိန်းမကို ကျောပိုးရတာ အပမ်းမကြီးပေမယ့် ဒု စက်ရုံမှုး တစ်ယောက် သူ့မိန်းမကို ကျောပိုး ပိုးနေတယ်ဆိုတာ အောက်က ၀န်ထမ်းတွေ မြင်သွားမှာကိုတော့ ကျွန်တော် နည်းနည်း ရှက်ရွံသလို ဖြစ်မိတယ်..။

ဒါကြောင့် ကျောပိုးခါနီးတိုင်း ဟိုကြည့်ဒီကြည့် (ကျီးကန်းတောင်းမှောက်) အရင်လုပ်ပြီး၊ အခြေအနေကောင်း မှ ခါးကိုကုန်း လက်နှစ်ဖက်နောက်ပစ်ပြီး လာ လို့ မဒမ်ကို ခေါ်၊ မဒမ်ကျောပေါ် ရောက်တာနဲ့ အိမ်ဝအရောက် မြင်းဒုန်းစိုင်းသလို အမြန်ပြေး ရတဲ့ အကြိမ်ပေါင်း ဘယ်နည်းမလဲ..။

ကိုယ့်အတွေးနဲ့ကိုယ်ကတော့ ဘယ်သူမှ မမြင် မသိ လောက်ဘူး လို့ ထင်နေခဲ့တာ ပေါ့..။

ဒါပေမယ့် အထင်နဲ့အမြင် တက်တက်စင်အောင် လွဲနေခဲ့မှန်း နောက်များမှ ကျွန်တော်သိရတော့တယ်..။

တစ်ရက် စက်ရုံထဲမှာ ၀န်ထမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး ဆူဖို့ငေါက်ဖို့ ကြုံလာတယ်..။ ၀န်ထမ်းအားလုံး စုစည်း တန်းစီခိုင်းပြီး သူတို့ ကို စည်းကမ်းလိုက်နာမှုအပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော် ဆုံးမ သြ၀ါဒ ချွေရတယ်..။

ပုံမှန် ပြောရင်တော့ (ကျုရှင်ဆရာ ညဉ် မပျောက်တော့) ရယ်ရယ်မောမော ဟာသလေးဖောက်ပြီး ကျွန်တော် ပြောလေ့ ရှိပေမယ့် အဲဒီနေ့ကတော့ ကိစ္စက အတည်အတန့် မျက်နှာထိ မျက်နှာထားနဲ့ ပြောရမယ့် ကိစ္စဖြစ်နေလို့ ကျွန်တော်လည်း မင်နဲ့ မောင်းနဲ့ ပြောနေခဲ့တယ်..။

ကျွန်တော် နည်းနည်း တင်းနေမှန်း သိတော့ အားလုံးလည်း မျက်နှာငယ်လေးတွေနဲ့ နားထောင် နေကြတယ်..။

ဒါပေမယ့် ၀င်းဘို ဆိုတဲ့ အလုပ်သမားကတော့ အလိုက်ကန်းဆိုး သိပ်မသိတတ် ဘူး..။ နဂိုရ်ကလဲ ကျွန်တော်က အောက်က၀န်ထမ်းတွေနဲ့ သူငယ်ချင်းပေါင်း ပေါင်းခဲ့တာဆိုတော့ သူတို့ အနေနဲ့ ကျွန်တော့်ကို သိပ်ကြီး ကြောက်လှတယ်တော့ မဟုတ်ဘူးပေါ့..။

မင်းတို့ ဘာဖြစ်တယ် ညာဖြစ်တယ်..။ ငါ မင်းတို့ကို သိပ်စိတ်ပျက်တာပဲ..။ မင်းတို့ရဲ့ စိတ်ဓါတ်ရေးရာ တွေ ပြင်ဖို့ ကို ငါဘယ်လောက်ပြောခဲ့ပြောခဲ့ အလကားပဲ..။ .. စသဖြင့် မောင်းတင်ပြီး ကျွန်တော် တလစပ် ကောပြီးသကာလ..

'' ငါပြောတာ လွန်သလား .. ပြော '' လို့ ... ပြောရင်း သူတို့ မျက်နှာတွေကို ကျွန်တော် တစ်ယောက်ချင်း လိုက်ကြည့်တယ်..။

တော်တော်များများက ကျွန်တော်နဲ့ မျက်လုံးချင်းမဆုံမိအောင် ခေါင်းကြီးတွေ ငုံ့ထားကြပေမယ့် ၀င်းဘိုကတော့ ကျွန်တော့်ကို မျက်နှာငယ်နဲ့ ပြန်ကြည့်ရင်း

'' ဆရာ.. ပြောတာတွေ .. မလွန်ပါဘူး .. ဆရာ ''

'' ကျွန်တော်တို့မှာ အပြစ် ရှိပါတယ်.. ''

'' အဲဒါ.. ဆရာမကျေနပ်ရင် .. ကြိုက်တဲ့ အပြစ်ပေးပါ ''

စောစောက ခေါင်းကြီးတွေ ငုံ့ထားကြသူတွေလဲ .. ခေါင်တွေ ထောင်ထလာပြီး ၀င်းဘို ကို ၀ိုင်းကြည့်ကြ တယ်..။ ဒီကောင် ဒီလိုကျ မဆိုးဘူး ပဲ ဆိုတဲ့ အတွေးတွေနဲ့ ပေါ့..။

ကျွန်တော်လဲ မင်းတို့အပြစ်မင်းတို့ သိတာ ကောင်းတယ် ဆိုတဲ့ မျက်နှာပေးနဲ့ အားလုံးကို အပေါ်စီးကနေ ကြည့်နေလိုက်တယ်..။

ဒါပေမယ့် ၀င်းဘို နောက်ဆုံး ပြောလိုက်တဲ့ စကား တခွန်းကြောင့် ကျွန်တော့်မှာ ငိုရမလို ရယ်ရမလို ဖြစ်သွားခဲ့ရတော့တယ်..။

'' ရေစစ်ကန်ကနေ ဆရာ့အိမ်အ၀အထိ ဆရာ့ကို ကျောပိုးပြေးဆို ပြေးပါ့မယ် .. ဆရာ '' တဲ့..။

Friday, September 12, 2008

25.1 မဒမ်နဗန နိဒါန်း (သို့) အချစ်ရထားကြီးရဲ.ဂိတ်ဆုံး

ရှေ့နားမှာ ရေးခဲ့တဲ့ ကျောင်းပြီစ .. အလုပ်မရှိ အကိုင်မရှိ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်.. သူငယ်ချင်းတွေ တာမွေကတိုက်ခန်း စုစပ်ငှားနေတော့.. မျက်နှာချင်းဆိုင်အခန်းမှာ ခပ်ဟော့ဟော့ ခပ်ကဲကဲ.. ကောင်မလေး တစ်ယောက်ရှိတယ်..။

ကျွန်တော်တို့အဖွဲ့ထဲက တစ်ယောက်နဲ့ အဲဒီကောင်မလေး ဇာတ်လမ်းဖြစ်သွားပြီး မကြာခင်.. အဲဒီကောင်က စင်ကာပူမှာ အလုပ်ရလို့ ထွက်သွားတော့.. ကျွန်တော်တို့ထဲက နောက်တစ်ယောက်နဲ့ အဲဒီချာတိတ်မက အီစီကလီ ထပ်ဖြစ်ပြန်တယ်..။ သို့သော်.. ဒုတိယကောင်လည်း သိပ်မကြာလိုက်ဘူး..။ ပွဲကပြီးသွားပြန်တယ်..။

အဲသလိုမျိုး ကောင်မလေး ရည်းစားလက်မဲ့ဖြစ်နေချိန်မှာ ကျွန်တော်တို့အဖွဲ့ထဲက ခပ်အေးအေး သူငယ်ချင်းကို.. အားလုံးက ၀ိုင်းမြှောက်ပေးကြတယ်..။ မင်းနဲ့ ဆိုရင်တော့ ကောင်မလေးက မြဲချင်မြဲမှာ.. လို့..။

မြှောက်ပေးခံရတဲ့ သူငယ်ချင်းက .. “မင်းတို့အလှည့်တွေတုံးကတော့ ကော်မာကော်မာ (,) နဲ့ ငါ့အလှည့်ကျမှ ဖူးစတော့ ( full stop ) လုပ်ချင်လို့ ဘယ်ဖြစ်မလဲ.. ” လို့ ပြန်ပြော ခဲ့တာကို မှတ်မိသေးတယ်..။

ကျွန်တော့်ခမျာလည်း.. အချစ်သံသရာ ရထားကြီးကို စီးနင်းပြီး တဘူတာပြီး တဘူတာ.. ကော်မာကော်မာ နဲ့ ခရီးဆက်ခဲ့သမျှ.. နောက်ဆုံးမတော့ .. ဖူးစတော့ လိုက်ရတာပါပဲ..။

25.2 ရေအကျိုး တစ်ဆယ့်တစ်ပါး


ရေအကျိုးဆယ်ပါး လို့ ပြောကြတယ်..။ တျွန်တော်နဲ့မဒမ်နဲ့ အဖြစ်ကတော့ ရေအကျိုး ဆယ့်တစ်ပါး ဖြစ်သွားရတယ်..။ ပိုလာတဲ့ နောက်တိုးအကျိုးက ကိုယ်ကျိုးနည်းတာ..။ မဒမ်ပဲ ကိုယ်ကျိုးနည်းသလား.. ကျွန်တော်ပဲ ကိုယ်ကျိုး နည်းသလား ဆိုတာတော့ ဆက်လက်ရှုစားကြပါ..။

(Senior Foremen ) ဖြစ်သွားပြီးနောက်ပိုင်း စက်ရုံမှာပဲ ကျွန်တော့်ဘ၀ မြုပ်သွားတော့တယ်..။ တခါတရံ မြို့ထဲထွက်ဖို. ဝေးလို. စက်ရုံဂိတ်ပေါက်တောင် ကျွန်တော် မရောက်တဲ့အထိ အလုပ်တွေ ရှုပ်နေခဲ့တယ်..။ အဲဒီတုံးက ရုံးချိန်ပြီးသွားလို့ လူကြီးတွေ ပြန်သွားပြီဆိုတာနဲ့ ကျွန်တော်ဗိုလ်ဖြစ်ပြီ..။ လုံခြုံရေး၈ိတ်က ခုံတန်းလျားလေး ကို စက်ရုံရှေ့ထုတ်၊ ဂစ်တာတစ်လုံးနဲ့ လမ်းပေါ်က ဖြတ်သမျ မိန်းကလေးတွေကို ငမ်း တော့တာပဲ..။

တစ်ခါတစ်ခါ မျက်စိတောင် ပြာတယ်။ အထည်ချုပ်စက်ရုံ တစ်ရုံဆင်းတိုင်း အမျိုးသမီးတွေ ဆိုတာ ပုံထောင် နေတာပဲ..။ ဖိုသံပေး တယ်ခေါ်ရမလားပဲ..။ သီချင်းဆိုကလည်း သိပ်အညံ့ကြီးမဟုတ်တော့.. ကောင်မလေး တွေဆို.. ပေစောင်းပေစောင်းနဲ့ စက်ရုံရှေ့က ဖြတ်သွားရလေ့ ရှိတယ်..။ ( မယုံ နေပေါ့ )

လုံခြုံရေးထဲက ကိုတင်လတ် ရယ် ရဲနိုင်ရယ်က သူတို့ထမင်းစားတဲ့ဇလုံကို မှောက်ပြီး ဒရမ်ခေါက်သလိုမျိုး နောက်က တီးပေးတယ်..။ မြိုင်မြိုင်ဆိုင်ဆိုင်လေး ရှိတယ်လို.ပြောရမှာပဲ..။ အဲဒီလို ညနေပေါင်း များစွာထဲက ညနေတစ်ခုမှာ.. ကောင်မလေး ရှစ်ယောက် ကျွန်တော်တို. စက်ရုံရှေ့ ရောက်လာခဲ့တော့တယ်..။

ပုံမှန်ဆို စက်ရုံရှေ့လမ်းကနေ သူတို. ဖြတ်ရိုးဖြတ်စဉ် ဖြတ်သွားကြတာပဲ..။ ဒါပေမယ့် အဲဒီရှစ်ယောက်က တော့ စက်ရုံဂိတ်တည့်တည့် လာပြီး ရေတစ်ပေါက်လောက် သောက်ပါရစေလို. အကြောင်းမရှိ အကြောင်းရှာ တယ်..။

ရေသောက်ပြီးတော့ တန်းမပြန်ကြဘဲ.. ဒီစက်ရုံက ဘာစက်ရုံလည်း ဘာတွေထုတ်လဲ နဲ့ သူတို့စပ်စု ကြတယ်..။ စကားစမြည် အလိုက်အထိုက် ပြောကြရင်းက လောကွတ်ချော်ပြီး ဘယ်ပြန်ကြမှာလဲ လို.ကျွန်တော် မေးတယ်..။

သမိုင်းကို ပြန်ကြမှာလို. သူတို.ထဲက ခပ်ငယ်ငယ် ခပ်ချောချော ခပ်သွက်သွက် တစ်ယောက်က ပြန်ဖြေတယ်။ မှောင်ရီကလည်း ပျိုးနေတဲ့ အချိန်ဆိုတော့.. '' ဟာ.. အဝေးကြီးပြန်ရမှာပဲ..ဒီအချိန် ကားကလည်း ကျပ်ပါဘိသနဲ့.. ကျွန်တော်လိုက်ပို.မယ်..အားလုံးကားပေါ်တက် '' ဆိုပြီး စက်ရုံထဲက ဒိုင်နာကားကြီး ကျွန်တော် မောင်းထုတ်လာတယ်..။

ကောင်မလေးတွေကတော့ ပြုံးစပြုံးစနဲ့ ၊ အထာတွေ သိတယ်ဆိုတဲ့ သဘောနဲ့ ပေါ့..။

သူတို.ထဲက ခြောက်ယောက်က ကားနောက်ခန်းက စီးတယ်..။ ခပ်သွက်သွက် တစ်ယောက်နဲ့ နောက်တစ်ယောက်က ရှေ့ခေါင်းခန်းမှာ ထိုင်တယ်..။ သမိုင်းဆိုပြီး မောင်းလာလို့မှ မကြာသေးဘူး.. စက်မှုဇုံ ဈေးနားအရောက်မှာ.. '' ကျမတို. သမိုင်းပြန်မယ်ဆိုတာ တကယ်မဟုတ်ဘူး.. ကျမတို.က ဒီစက်မှုဇုံထဲကပဲ.. ရှင့်ကို နောက်လိုက်တာ '' လို့ .. အားတုံ.အားနာ နဲ့ ပြောတယ်..။

'' ဟာ ဗျာ.. ခင်ဗျားတို.အဲဒီလိုတော့ မလုပ်သင့်ပါဘူး.. ကျွန်တော်မကျေနပ်ဘူး.. .... ..... .... လက်ဘက်ရည်တိုက်ရမယ် '' ဆိုတော့.. အဲဒီကောင်မလေးက.. တခစ်ခစ်နဲ့ ရယ်ရင်း ရပါတယ်ရှင် လို့ ပြန်ပြောတယ်..။

အဲဒီကောင်မလေး နာမည်က ခင်နွယ်နီ တဲ့..။ အခုတော့ မဒမ် နဗန ပေါ့ ဗျာ..။

25.3 ရေလယ် ကျောက်တန်း၊ အရောက်လှမ်းမယ် ကွဲ.

နောက်တော့ စက်မှုဇုံ ဈေးရှေ့တိုက်တန်းက လက်ဘက်ရည်ဆိုင်မှာ ကျွန်တော်တို. ထိုင်ဖြစ်ကြတယ်..။

တစ်ယောက်အကြောင်း တစ်ယောက် မိတ်ဆက်တော့မှ စက်မှုဇုံထဲက ထိုင်ဝမ်တရုတ်ပိုင်တဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်သူနေတဲ့ မိန်းကလေးတွေ ဖြစ်ကြောင်းနဲ့ မဒမ်နဗန အလောင်းအလျာက တရုတ်စကားပြန်ဖြစ်ကြောင်း သိရတယ်..။

ပွင့်ပွင့်လင်းလင်း ၀န်ခံရရင်.. အဲဒီအချိန်တုံးက ကျွန်တော်သဘောကျတာ.. သူတို့ရှစ်ယောက်ထဲက သုံးယောက်လောက် ရှိတယ်..ဟဲဟဲ။ မြောင်းမြက မာမာဆွေ ဆိုတဲ့ တစ်ယောက်ကိုလည်း သဘောကျတယ်..။ သန္တာကျော်လို့ ခေါ်တဲ့ ကောင်မလေးကိုလည်း မဆိုးဘူးလို့ မှတ်ချက်ချမိတယ်..။ မဒမ်လည်း ပါတာပေါ့..။

စကားတွေ ပြောကြရင်း စားကြသောက်ကြရင်း နဲ. ပြန်ခါနီးတော့ မေဆန်းဦးဆိုတဲ့ ကောင်မလေး တစ်ယောက်က ကျွန်တော့်ဖုံးနံပါတ်တောင်းတယ်..။

ပေးချင်ပေးချင် နဲ့ ကျွန်တော်လည်း ပေးလိုက် တယ်..။

မဒမ်နဗန ကတော့ မသိသလို အထာနဲ့ .. စိတ်မ၀င်စားသလို မျိုး လုပ်နေခဲ့တယ်..။ (အခုတော့ ကျွန်တော့်အရိပ်အကဲ ကြည့်နေရတဲ့ ဘ၀ရောက်သွားရရှာတယ် မှတ်ကရော..။ )

အကိုက အဲဒီစက်ရုံမှာ ဘာလဲ လို.အားလုံး ပြန်မယ်ဆိုပြီး ဆိုင်ရှင်ကို ပိုက်ဆံရှင်းဖို. လှမ်းအခေါ်မှာ တစ်ယောက်က နှုတ်ဆက်မေး မေးတယ်..။ ကိုယ်က အင်ဂျင်နီယာချုပ် လို့ ခေါင်းမော့ ရင်ကော့ပြီး ခပ်ကြွားကြွားလေး ကျွန်တော် ပြန်ဖြေတယ်..(အလုပ်သမားခေါင်းတွေရဲ့ ခေါင်းလို.တော့ ဘယ်ပြောမလဲ )။ လခ ကောင်းမှာပေါ့ လို. သူက ဆက်မေးပြန်တယ်..။

ဒီလောက်ကြီးလဲ မဟုတ်ပါဘူး.. ဒေါ်လာနဲ့ တော့ ရပါတယ် လို. ကြွားတာလိုလို မကြွားတာလိုလို နဲ့ ကျွန်တော် ပြန်ပြောမိတယ်..။ ဟာ.. ဒေါ်လာနဲ့ ရတာပဲ.. အဲဒါဆို အကို တိုက်.. လို. သူတို.အားလုံးက ၀ိုင်းပြီး ကောင်းချီးပေးကြတော့တယ်..။

နောက်တာလိုလို စတာလိုလို ပေမယ့်.. နောက်ဆုံးတော့ ကျွန်တော်ပဲ ရှင်းလိုက် ရပါတယ်..။

အဲဒီနေ့ လက်ဘက်ရည်ဆိုင်ကနေ လမ်းခွဲလာပြီးနောက် တစ်လလောက် သူတို့နဲ့ ထပ်မတွေ့ဖြစ်တော့ဘူး..။ ကျွန်တော်လည်း ကျွန်တော့်အလုပ်နဲ့ ကျွန်တော် ရှုပ်နေခဲ့တယ်..။

သူတို့ခမျာလည်း.. တစ်လလုံးနေမှ .. တစ်ရက်လောက် အားလပ်ရက် ရကြရှာတာဆိုတော့ မိုးပေါ်ကအပ်တစ်ချောင်း နဲ့ လူပြည်က အပ်တစ်ချောင်း ဆိုတာမျိုး လို ဆုံဖို့ သိပ်ခက်သွားဟန် ရှိတယ်..။

သမာရိုးကျ ဇာတ်လမ်းတွေရဲ့ သွားရိုးသွားစဉ် လမ်းကြောင်းအတိုင်း ကြာတော့လည်း ကျွန်တော် မေ့သလိုတောင် ဖြစ်နေခဲ့ပြီ..။

သို့သော်.. မိုးနတ်မင်းကြီးက.. နောက်တစ်ကြိမ်ဆုံဖြစ်အောင် ဖန်တီးပေးတဲ့ အခါမှာတော့ ဖတ်ဖူးတဲ့ ကဗျာတစ်ပုဒ်ထဲကလို.. '' မြင်းရိုင်းတို့ရဲ ခွါသံကြောင့် ကျောက်ဆောင်အောက်မှာ အိပ်ပျော်နေတဲ့ ငါ့နှလုံးသား နိုးထ လာခဲ့ရပြန်တယ်..။ ''

တနင်္ဂနွေ အလုပ်အားရက်မို့ လျော်စရာရှိတဲ့ အ၀တ်လေးတွေ လျော်လှမ်း ရေချိုးပြီး သကာလ၊ တရေးတမော အိပ်စက်အနားယူနေတုံး တယ်လီဖုံးက မြည်လာလို့ အိပ်ချင်မူးတူးနဲ့ ကိုင်လိုက်မိတယ်..။

ကျွန်တော့်နာမည်ကို ဦး တပ်ခေါ် တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အသံကြောင့် အိပ်ချင်စိတ်တောင် နည်းနည်း ပျောက်သွားရတယ်..။

ဟုတ်ပါတယ်လို့ ကျွန်တော်ပြန်အဖြေမှာ.. ညီမပါ.. ခင်နွယ်နီပါ .. လို့ တဖက်က ဆက်ပြောလာတယ်။ အော်.. မှတ်မိတယ်.. ပြော ဆိုတော့.. အခုညီမတို့ ရေလယ်ကျောက်တန်းကနေ ဆက်နေတာ.. အပြန် ကားမရှိတော့လို့ အဲဒါ လာကြိုနိုင်ရင် လာကြိုပေးပါလား .. တဲ့။

ဗုဒ်ဓေါ လို့ ကျွန်တော် ဘုရားတမိတယ်..။ ရေလယ်ကျောက်တန်းနဲ့ လှိုင်သာယာ စက်မှုဇုံနဲ့က နည်းနည်းနောနော အကွာအဝေးမဟုတ်တဲ့ အပြင် ပိတ်ရက်ဆိုတော့ ဒရိုင်ဘာကလည်း မရှိ၊ ကိုယ်ကိုယ်တိုင် မောင်းလို့ ဖြစ်ပေမယ့် ကုန်မယ့်ဆီဖိုးကလည်း သိပ်မသေး။

အားနွဲ့တဲ့ မိန်းကလေး တစ်သိုက်က ကိုယ့်လို ယောက်ျားဇာနည် ကို အားကိုးတကြီး အကူအညီတောင်း နေတယ် ဆိုတော့လည်း .. ပစ်ပစ်ခါခါကြီး မငြင်းရက်ပြန်ဘူး..။ ခက် ကပြီ..။ သို့သော် စဉ်းစားချိန်က သိပ်မရ.. တဖက်ကဖုံးကိုင်ရင်း ကျွန်တော့်အဖြေကို စောင့်နေပြန်တော့.. နောင်ခါလာနောင်ခါဈေး.. မင်းဆီ တန်းတန်းကြီး ကိုယ်လာခဲ့ပြီ လို့ပဲ ပြောလိုက်မိတော့တယ်..။

ကားမောင်းနေတာ ကြာပြီဆိုပေမယ့် ရန်ကုန်မြို့ပြင် တခါမှ မမောင်းဖူးတော့ စိတ်ထဲမှာ နည်းနည်းတော့ လန့်တယ်..။ လိုင်စင်ကလည်း မရှိတော့ ပိုဆိုးတာပေါ့..။ ဒိုင်နာဆိုတဲ့ ကားမျိုးကလည်း လူဝိတ်လေး ပါမှ စီးကောင်းတဲ့ အမျိုး..။

ကုမ္ပဏီပိုင်ကားကို ဖွန်ကြောင်ပြီး ယူသုံးတာဆိုတော့ လူသိကလည်း မခံနိုင်ပြန်ဘူး..။ ဒါနဲ့ အဖော်အလှော်လေးတောင် မခေါ် တော့ဘဲ.. ဂိတ်ကို ငါ ဒီနား ခဏ သွားလိုက်အုံးမယ်လို့ ပြောပြီး ရေလယ်ကျောက်တန်းကို မောင်းချ လာခဲ့တော့တယ်..။

အရေးထဲ ကျိုက်ခေါက်ဘုရားနားအရောက်မှာ ဖွတ်ချက်ဖွတ်ချက် နဲ့ ကားက ဆီပြတ်သွားပါလေရော..။ မရှိမဲ့ ရှိမဲ့ ပိုက်ဆံလေးနဲ့ အသွားအပြန်အတွက်.. ငါးဂါလံ ၀ယ်ထည့်လိုက်မှ.. အဆင်က ချောသွား တော့တယ်..။

ကျောက်တန်းကားဂိတ်ကို ကျွန်တော်ရောက်သွားတော့ နည်းနည်းမှောင်နေပြီ..။ သူတို့အားလုံး ငုတ်တုတ်ထိုင်စောင့် နေကြတယ်..။ ကားကို လမ်းဘေးနား ရပ်ပြီး သူတို့ဆီကို မချိုမချဉ် မျက်နှာပေးနဲ့ ကျွန်တော် ရောက်သွားတော့.. '' သမီးတို့က လာမယ်တောင် မထင်တော့ဘူး '' လို့ ဆီးပြော ကြတယ်..။

ဖုံးထဲမှာ သေချာလာခဲ့မယ်လို့ ခင်နွယ်နီကို ပြောလိုက်တာပဲလေ.. ဆိုတော့ အားလုံး ၀ိုင်းရယ်ကြတယ်..။

နည်းနည်းတော့ အူကြောင်ကြောင် ဖြစ်သွားရတယ်..။ ဘာရယ်စရာ ပါလို့လဲ ပေါ့..။

'' ရှင့်ဆီကို ဖုံးဆက်တာ ကျမမဟုတ်ဘူး ..သူ ဆက်တာ '' လို့ သူတို့ထဲက တစ်ယောက်ကို လက်ညှိုးထိုးရင်း ခင်နွယ်နီ ၀င်ပြောမှ.. နည်းနည်း ဇာတ်ရည် လည်သလို ဖြစ်သွားတယ်..။

25.4 အပြန်အပြန် အပြန်လားဟေ့


''ကဲပါဗျာ.. ခင်ဗျားဆက်တယ်ဆိုတော့လည်း ဘာမှ ဆုံးရှုံးသွားတာမှ မဟုတ်ဘဲ.. ကျွန်တော်ပဲ လှိုင်သာယာကနေ ဒီရောက်နေပြီ.. ပြန်မယ်ဆို အားလုံး ကားပေါ်တက် ကြ ''

ကျွန်တော့်စကားအဆုံးမှာ အလျိုအလျို သူတို.ကားပေါ် တက်ကြတယ်..။ ခင်နွယ်နီ နဲ့ မာမာဆွေကတော့ ထုံးစံအတိုင်း ခေါင်းခန်းမှာ စီးတယ်..။

ကားမောင်းရင်းနဲ့ ဘယ်ဇာတိလဲ.. ဒီရောက်တာ ဘယ်လောက်ကြာပြီလဲ.. စသဖြင့် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် စပ်စုမိကြတယ်..။ ကျွန်တော်က မြင်းခြံကလေ လို.ပြောတော့ ခင်နွယ်နီက အော် အညာသားပဲ လို့ မှတ်ချက်ချတယ်..။

ကျမက မွန်ပြည်နယ် ဘီလင်း က လို.သူမပြောတော့ .. ထင်တော့ထင်သား ဒါကြောင့် ချောတာ လို.ကျွန်တော် ပြန်ပြောတော့ ဟွန်း.. ဘာဆိုင်လို့လဲ.. တဲ့..။ ဒါပေမယ့် တခစ်ခစ် ရယ်ရင်း သူမ ပျော်နေခဲ့တယ်..။

အတော်လေး စကားပြောကြည့်မှ.. စင်ကာပူမှာ ငါးနှစ်လောက် အလုပ်လုပ်ခဲ့ပြီး မြန်မာပြည် ပြန်ရောက်တာ မကြာသေးဘူးလို. သိရပြန်တယ်..။ တရုတ် လားလို.ကျွန်တော်မေးတော့.. မဟုတ်ပါဘူး.. အဘွားက ဓနု မို.လို. အသားဖြူနေတာပါ လို. သူမပြန်ဖြေတယ်..။

အကိုရော တရုတ်လား လို. ကျွန်တော့်အသားအရေ ကြည့်ပြီး သူမက ပြန်မေးတယ်..။ ကိုယ်က နှစ်ရုတ်.. လို.ပြန်ဖြေတော့.. သူတို.နှစ်ယောက်ရဲ. ရယ်သံက ကျွန်တော့်ဒိုင်နာအင်ဂျင်သံကို ဖုံးသွားခဲ့တယ်..။

စကားတပြောပြော နဲ့ ဆိုတော့ လှိုင်သာယာကို ရောက်မှန်းမသိ ပြန်ရောက်လာခဲ့ကြတယ်..။
သူတို.စက်ရုံရှေ့ရောက်တော့ ကိုးနာရီခွဲနေပြီ..။

အားလုံးက တရင်းတနှီးနဲ့ နောက်လည်း လာလည်ဖို.အားရင်လည်း တွေ့ကြဖို.ပြောရင်း လမ်းခွဲခဲ့ကြတော့တယ်..။

25.5 ကျွန်တာ့်ပြက္ခဒိန်မှာ တနင်္ဂနွေမှန်သမျ ရက်ရာဇာ

စက်မှုဇုံထဲက အထည်ချုပ်တော်တော်များများရဲ့ ပုံမှန်အလုပ်ချိန်က မနက် ရှစ်နာရီကနေ ညနေကိုးနာရီပဲ..။ ညနေလေးငါးနာရီ အလုပ်ဆင်းတယ်ဆိုတာ အတော့်ကို ရှားရှားပါးပါး အခြေအနေပဲ..။ အလုပ်သမား ဥပဒေကို အတိအကျ လိုက်နာတဲ့ စက်ရုံတွေ ရှိသလို စက်ရုံတော်တော်များများကတော့ ကျုပ်ကျက်လိ၊ ကြည့်ကျက်လုပ် ကြတာပဲ..။

ဈေးကွက်စီးပွားရေး စံနစ် စတင် အကောင်အထည် ဖော်တဲ့ ကာလ ဆိုတော့ လည်း ..အလုပ် သမား ဦးစီးဌာနတွေလည်း ရှိပြီးသားဥပဒေကို တင်းပြည့်ကျပ်ပြည့် အကောင်အထည်ဖော်ဖို့ အခက်အခဲ ရှိဟန် တူတယ်..။

ရှိတဲ့ အလုပ်သမားဥပဒေကလည်း ကိုလိုနီလက်ကျန် တွေ..။ ( အခုထိတောင် ခေတ်မမ်ီသေးဘူး )

အလုပ်သမားများအနေနဲ့ကလည်း ရှိနေတဲ့ ဥပဒေကိုလည်း လက်လှမ်းမမီ၊ တစ်လ အလုပ်ချိန် ဘယ်လောက် လုပ်ရတယ်ဆိုတာထက်.. တစ်လ ၀င်ငွေဘယ်လောက်ရသလဲ က ပိုအရေးကြီးတယ်လို့ မြင်နေကြတော့ သူ့အရပ်နဲ့သူ့ဇာတ်တော့ ဟုတ်နေခဲ့တာပါပဲ..။

အိုဗာတိုင် မရှိရင်ကိုပဲ.. မျက်နှာလေးတွေက ညှိုးနေကြပြီ..။ ဒီလတော့ အိုဗာတိုင်မရှိဘူး.. လခတော့ နည်းပါပြီ ဆိုတာဟာ.. တိုင်ပင်စရာမလိုဘဲ တသံတည်းထွက်တဲ့ သူတို့ရဲ့ ညည်းချင်း တစ်ပုဒ်ပဲ..။ အလုပ်သမား ဦးစီးဌာနက အိုဗာတိုင်ကို တစ်လ နာရီလေးဆယ်ထက် ပိုမခေါ်ရဘူးလို. အမိန့်ထုတ်ထားလို. ဒီကရှေ့လျောက် အိုဗာတိုင် မမျော်နဲ့လို. အပြောခံရတိုင်း အလုပ်သမားဦးစီးဌာနကို သူတို.ကျိန်ဆဲတော့တာပဲ..။

အိုဗာတိုင်များများလုပ်ရမှ.. လစာများများရမယ် ဆိုတာမျိုးဖြစ်အောင် အလုပ်ရှင်တော်တော်များများကလည်း အခြေခံလစာ ကို နည်းနည်းလေးပဲ ပေးထားတယ်..။ အိုဗာတိုင်ဆိုတာ သာမန်လုပ်ခရဲ.(အကြမ်းအားဖြင့်) နှစ်ဆလောက် ရတာမို.သာမန်လုပ်ခ နည်းရင် အိုဗာတိုင်လည်း နည်းတော့တာပေါ့..။

ဆိုတော့.. သူတို.လေးတွေနဲ့ တွေ.ဖို.က ထင်သလောက် မလွယ်လှဘူး..။ ရံဖန်ရံခါ တစ်ပတ်ကျော် တနင်္ဂနွေ လောက်ပဲ သူတို. နားရက်ရကြတယ်..။ အဲဒီလို တနင်္ဂနွေနေ့တွေဟာ.. ကျွန်တော့်အတွက် တော့ ရက်ရာဇာ ပဲ..။

မျက်ရည်တွေ ချောင်းစီးတာများ ပြောပြောချင်ဘူး

တနင်္ဂနွေ ရက်ရာဇာပေါင်းများစွာ ကျော်ဖြတ်ပြီးတဲ့ အခါမှာတော့ သူတို့လေးတွေရဲ့ ၀န်ထမ်းဘ၀ကို ပိုပို သိလာရတယ်..။ စက်မှုဇုံ တစ်ခုထဲမှာ အတူလုပ်နေကြတယ် ဆိုပေမယ့် သူတို့ အလုပ် သဘာဝနဲ့ ကိုယ့်အလုပ် သဘာဝက မတူ..။ သူတို့သူဌေးနဲ့ ကိုယ့်သူဌေးက တဘာသာစီ..။

နောက်ဆုံး လခထုတ်ရက်က အစ သူတို့နဲ့ ကိုယ်နဲ့ တခြာစီး ဖြစ်နေတော့ ကိုယ်မကြုံဖူးတာတွေ သူတို့ ကြုံ၊ သူတို့ မကြုံရတာ ကိုယ်ကြုံ နဲ့ အတော့်ကို ကွဲလွဲနေမှန်း သဘောပေါက်လာတော့တယ်..။

ကျွန်တော့်စက်ရုံက လကုန်တာနဲ့ လခတန်းပေးတယ်..။ လကုန်ရက်က ပိတ်ရက်ဖြစ်နေရင် ရှေ့တိုးပြီး ပေးတယ်..။ ဥပမာ ၃၀ ရက် လကုန်ပြီး အဲဒီရက်က တနင်္ဂနွေနေ့ဖြစ်နေရင်.. ၂၉ ရက် စနေနေ့မှာ လခ ထုတ်ပေးတယ်..။

သူတို့စက်ရုံကျတော့ လကုန်ပြီးတာနဲ့ ချက်ခြင်းလခမရတဲ့ အပြင် နောက်လဆန်း ငါးရက်နေ့မှ.. လခထုတ်ပေးတယ်..။ ၀န်ထမ်းအင်အား များလို့ လို့အကြောင်းပြပေမယ့်.. အလုပ်သမားဆီက ငါးရက်စာ အပေါင်ယူထားတဲ့ သဘောပါပဲ..။

အလုပ်ထွက်ချင်ရင် တစ်ပတ်ကြိုတင် တစ်လကြိုတင် အကြောင်းကြားပြီးမှ ထွက်ရမယ်လို့ စက်ရုံတော်တော်များများ က ၀န်ထမ်းစည်းမျဉ်းစည်းကမ်း ဘယ်လိုပဲ ထုတ်ပေမယ့် အလုပ်သမား များကလည်း ဒီနေ့ထွက်ချင် ဒီနေ့ပဲ ကောက်ကတ် ထွက်ကြတာမို့ အလုပ်ရှင်ကလည်း သူ့နည်းသူ့ဟန် နဲ့ ငါးရက်စာ နှိမ်ထားဟန်တူတယ်..။

များသောအားဖြင့် လခထုတ်ပြီးတာနဲ့ တန်းလစ်ကြတာကိုး..။ လစဉ် လဆန်းငါးရက်နေ့မှ.. လစာထုတ်ပေးတော့ လစာယူပြီး တန်းလစ်အုံးတော့ ငါးရက်စာ လုပ်အားခက ကျန်ခဲ့ရှာတယ်..။ နောက်လ ငါးရက်နေ့ သူများတွေ လခထုတ်တော့ ကိုယ်လုပ်ခဲ့တဲ့ ငါးရက်စာကို လာထုတ်ရင် ပေးတယ် ဆိုပေမယ့် ပြန်လာပြီး ထုတ်ဖို့က လူတိုင်းအတွက် သိပ်ဖြစ်နိုင်တဲ့ အရာတော့ မဟုတ်ဘူး..။

လက်ရှိအလုပ်က ခွင့်ပေးမပေး ၊ လမ်းစားရိတ် အကုန်အကျခံနိုင်မခံနိုင် စတာတွေကြောင့် စက်ရုံအဟောင်းက ငါးရက်စာ လုပ်အားခကို အဆုံးခံလိုက်ကြတာပဲ များပါတယ်..။

အဲဒါတွေ သိခါစက အဲသလိုကြီးလား လို့ ကျွန်တော့်မှာ တအံ့တသြ ဖြစ်ခဲ့ရတယ်..။ သူ့ထက် အံ့သြရတာ ရှိသေးတယ်..။ သူတို့ခမျာ သူတို့ရမယ့် လခကို ဘယ်လိုမှ ကြိုမသိနိုင်ကြဘူး..။ ပုံမှန်အားဖြင့်တော့ အလုပ်ပျက်ရက်မရှိ၊ အိုဗာတိုင်များများရှိတဲ့ ၀န်ထမ်းဆိုရင် ပျက်ရက်များတဲ့ ၀န်ထမ်း၊ အိုဗာတိုင်မရှိတဲ့ ၀န်ထမ်းထက် လခများရမယ်..။

သို့သော်.. တကယ့်လက်တွေ့ကျတော့ အဲဒီလိုမဟုတ်ဘဲ.. ကိုယ့်လိုင်းကို ကြီးကြပ်တဲ့ နိုင်ငံခြားသား တရုတ်ရဲ့ထောက်ခံချက်က လခအနည်းအများကို အဓိက အဆုံးအဖြတ်ပေး ဖြစ်စေတယ်..။

ကိုယ့်လောက်မှ အလုပ်မလုပ်၊ ပျက်ရက်ကလည်း ရှိသေးပေမယ့်..သူက ကိုယ့်ထက် လခများ တယ် လို့သိကြရတော့ လခထုတ်ရက်မှာ ငိုကြယိုကြ စောင်းကြမြောင်းကြ နင်ပဲငဆ ပြောကြ နဲ့ သူတို့စက်ရုံရှေ့မှာ ပွက်လောကို ညံနေကြတာပဲ..။

သူ့ ပိုပေးမှာပေါ့.. ပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးညမှာ အဲဒီကောင်မ အဲဒီတရုတ်စုတ်နဲ့ အပြင်သွားအိပ်တာ ငါမသိဘူး ထင်လား ဆိုတဲ့ အသံတွေကလည်း ငိုရှိုက်သံတွေကြားက ပေါ်ပေါ်လာတတ်သေးတယ်..။

သွားပါများ ခရီးရောက်


ယေရှုခရစ်ကတော့ အပြစ်ရှိသူများကို ကယ်ဆယ်ရန်အလို့ငှာ ဤကမ္ဘာသို့ ကြွရောက်လာခဲ့သည် တဲ့..။ ကျွန်တော်က ယေရှုခရစ်မဟုတ်လေတော့ သူတို့ငိုရှိုက်သံများကို '' ကိုယ်ဘာများတတ်နိုင်အုံးမှာလဲ '' လို့ပြောရုံကလွဲပြီး ဘာများ တတ်နိုင်အုံးမှာတဲ့ လဲ ..။

မဖြစ်သင့်တာတွေ၊ မတရားတွေ ကိုယ်ရှေ့တည့်တည့်မှာ ဖြစ်နေသည့်တိုင် ကိုယ်တတ်နိုင်တဲ့ အပိုင်း ဘာမှ မရှိလို့ လက်ပိုက်ကြည့်နေရတဲ့ အဖြစ်မျိုး ဆိုတာ လူတိုင်းကြုံဖူးတဲ့ လောက ဓမ္မတာ တစ်ခုပဲ မဟုတ်လား..။

သို့သော် ရလာဒ်တွေပြောင်းလဲအောင်သာ မတတ်နိုင်ပေမယ့် နှစ်သိမ့်တာလောက်တော့ လုပ်ပေးနိုင်တာပဲ လို့ တွေးပြီး သူတို့ကို မောင်ရင်းနှမလို နှစ်သိမ့်မှုလေးတော့ တတ်စွမ်းသမျ ကျွန်တော်ပေးခဲ့ပါတယ်..။

စစ်တိုက်တဲ့ သူတွေက အသေအကြေ နင်းကန် တိုက်နေတဲ့ စစ်ပွဲထဲမှာ.. ဒဏ်ရာရ စစ်သားတွေကို ကယ်နေတဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က လူတွေလို စိတ်မျိုးနဲ့ပေါ့..။ စစ်ကြီးဖြစ်ပွားရခြင်းမှာ သူတို့ ပယောဂ ဘာမှမပါ..။ ဘယ်သူနိုင်နိုင် သူတို့ နဲ့ မဆိုင်..။ ဘယ်သူရှုံးရှုံး သူတို့ စိတ်မ၀င်စား..။
သို့ သာ် စစ်ပွဲကြီးထဲက ဒဏ်ရာရ စစ်သားများကို သူတို့ပြုစုနေကြရတယ်..။ ဒါဟာ.. လောကပဲ မဟုတ်လား..။

အဲဒီ လောကဇာတ်ခုံမှာ စီးမျောရင်းကနေ ခင်နွယ်နီ နဲ့ ကျွန်တော် သံယောဇဉ်ကြိုးတွေ ပိုပိုကဲလာတော့တယ်..။ တွေ့ပါမြင်ပါများလာ တာကလည်း တကြောင်းပေါ့..။ တခါတရံ နှစ်ကိုယ်တည်း ဟိုသွားဒီသွားလေး တွေ ရှိလာခဲ့တော့တယ်..။

ပွင့်ပွင့်လင်းလင်း ကျွန်တော့်ဖက်က မပြောသေးပေမယ့် ဒီယုန်တွေ ဒီခြုံတွေ ဆိုတာတော့ ခေတ်လူငယ်တွေ ပီပီ သိနေပြီ..။ အခုတွေ.အခုချစ်၊ မြင်မြင်ခြင်းပဲ ချစ်မိတယ်၊ မြင်မြင်ခြင်းပဲ ကြိုက်မိတယ် ပြောရင်သာ အမျိုးသမီးများအနေနဲ့ '' ရှင် '' လို့ အာမေဋိတ် ပြုကောင်းပြုပေမယ့် .. ကျွန်တော်တို့ ဇာတ်လမ်းက ဖွင့်မပြောရုံတမယ် ဆိုတော့.. ကျွန်တော်ဖွင့်ပြောတော့ ..သိပ်အံ့သြတဲ့ပုံစံ သူမ မပြခဲ့ပါဘူး..။

ဒါတောင် ဖော်မြူလာအရ.. တုန့်ဆိုင်းတုန့်ဆိုင်း သူမ လုပ်နေသေးတယ်..။ အဖြေမပေးရင် မလွှတ်ဘူးလို့ ပြောပြီး အတင်းဖက်ထားလိုက်တော့မှပဲ.. ''ကိုကြီး ကို မီးမီး ချစ်ပါတယ် '' တယ် တဲ့..။ တိုးတိုးလေး.. တကယ့်ကို တိုးတိုးလေး မပွင့်တပွင့် သူမ ပြောတယ်..။

25.6 တစ်ပင်နဂါး၊ နှစ်ပင်ကျား

မဒမ်နဗနက ကျွန်တော့်ထက် အသက်ခုနှစ်နှစ် ငယ်တာမို့ အခုထိ ကိုကြီး လို့ ပဲ ခေါ်တယ်..။ ကျွန်တော့်ခမျာလည်း.. မီးမီး လို့ ပဲ ခေါ်ရတော့တာပေါ့..။ ( မီးသတ်ရှေ့နားဆိုရင်တော့ မိန်းမရေလို့ ကျွန်တော်ခေါ်ပါတယ် )

သမီးရည်းစား တွေဖြစ်သွားကြပြီ ဆိုတော့.. အရင်ကထက် ပိုတွေ့ ဖြစ်ကြတယ်..။ သူတို.အလုပ် ဆင်းချိန်.. ရုံးက ဒိုင်နာနဲ့ သွားခေါ်ပြီး ဘုရင့်နောင်လမ်းဆုံက ယုဇန စားသောက်ဆိုင်ကို ချီတက်ကြတာလဲ မကြာခဏပေါ့..။

ဆိုင်ရောက်လို့ အကိုတို့ ဘာစားမလဲလို့ စားပွဲထိုးလေး လာမေးတိုင်း ညီလေးရေ မေးမနေနဲ့ ပုဇွန်ထုပ်ကြီး ဆီပြန် တစ်ပွဲချ လို့ ကျွန်တော့်မှာ ပြောရတာ အမော..။ မီးမီးက ပုဇွန်ထုပ်သိပ်ကြိုက်တယ်..။ ကျွန်တော်လည်း.. သူနဲ့မကြိုက်ခင်တုံးက ပုဇွန်ထုပ် သိပ်ကြိုက်ခဲ့ပေမယ့်.. ရတဲ့ လခက နှစ်ယောက်လုံး ပုဇွန်ထုပ်စားနိုင်တဲ့အထိ မလောက်ငှသမို့ မုန်းလိုက်ရတာ .. အခုထိ ပြန်ကြိုက်လို့ မရတော့ ဘူး..။

တခါတရံ သူ့သူငယ်ချင်းတွေပါ ခေါ်လာပြီး.. ဟဲ့ ဒီဆိုင်က ပုဇွန်ထုပ်သိပ်ကောင်းတာ စားကြည့်ပါလား လို့ ပြောတိုင်း ကျွန်တော့်မှာ.. မစားနိုင်မသောက်နိုင် ဖြစ်ရပေါင်းလည်း ဘယ်နည်းမလဲ..။

အခုတော့လည်း အဲဒီအကြောင်းတွေ ပြန်ပြောပြီး လင်မယားနှစ်ယောက် ရယ်လိုက်ကြရတာ..။

အနှောင့်အယှက် မကင်းတဲ့ ချစ်ခြင်းတရားတွေ

စက်မှုဇုံဆိုတာတွေ ပေါ်လာတော့ မြန်မာပြည် တနံတလျားက ပျိုပျိုအိုအိုတွေ ရန်ကုန်တက်.. အလုပ်လုပ် ကြတယ်..။ စက်ရုံအဆောင်နေခွင့် ရသူတွေ ရှိသလို၊ အပြင်မှာပဲ ကိုယ့်အစီအစဉ်နဲ့ အခန်းငှားနေကြရသူတွေလည်း မရှားပါဘူး..။

မိဝေးဖဝေး ညီအကိုမောင်နှမတွေနဲ့ ခွဲခွါပြီး တ၀မ်းတခါးအတွက် အလုပ်လာလုပ် သူတွေဆိုတော့ လွတ်လပ်မှု ဆိုတာကလည်း မလိုချင်မှ အဆုံး ရကြရှာတယ်..။ ကိုယ်သွားချင်ရာ သွား၊ ကိုယ်တွဲချင်တဲ့သူနဲ့ တွဲ၊ ကိုယ်ဖြစ် ကိုယ်ခံ ဆိုတာမျိုး လိုပါပဲ..။

သူငယ်ချင်းအပေါင်းအသင်းဆိုတာကလည်း သင့်မသင့် တော်မတော် ပြောရုံလောက်သာ တတ်နိုင်ကြတယ်..။ ဒါတောင် အမုန်းခံပြီး ပြောမနေတော့ပါဘူး.. သူ့စိတ်နဲ့သူ့ကိုယ် သူကောင်းတယ်ထင်လို.လုပ်တာပဲ လုပ်ပါစေ လို့ လွှတ်ပေးလိုက်သူတွေလည်း မနည်းပြန်ဘူး..။

ဆိုတော့ အမျိုးမျိုးအဖုံဖုံ အချစ်ဇာတ်လမ်းစုံ တွေကို မကြားချင်မှ အဆုံး မသိချင်မှ အဆုံး မြင်နေတွေ့နေ ကြားနေခဲ့ရတော့တယ်..။

အပျို လူပျို ထင်လို့ ကြိုက်မိတာ အခုမှ လိုက်ပွဲတွေတပုံကြီးနဲ့မှန်း သိရတယ်တော့ ဆိုပြီး ဒူးနဲ့မျက်ရည် သုတ်သူတွေ၊ ချစ်ခြင်းရဲ.သစ္စာသာ အဓိက အပျိုအအိုဆိုတာ ပဓါနမကျ..တို့ကတော့ အိုအိုပျိုပျို ချစ်မှာပဲလို့ မထူးဇာတ်ခင်းသူတွေ၊ သူ့ဖာသာ နိုင်ငံခြားမှာ မိန်းမရှိရှိ မရှိရှိ.. ဒီမှာ အနေချောင် အစားချောင်ရင် ပြီးရော.. ဘယ်သူသိတာမှတ်လို့ လို့ ခံယူလိုက်ကြတဲ့ မိန်းမပျိုလေးတွေ.. စသဖြင့်စသဖြင့် စက်မှုဇုံကြီးဟာ.. ဖြစ်ချင်သလိုဖြစ်နေခဲ့တာပေါ့..။

အလုပ်ဆင်းချိန် ညနေဆိုရင် စက်မှုဇုံလမ်းများအားလုံး ချစ်သူလမ်းကြားတွေ ဖြစ်ကုန်လေရော..။ လမ်းမီးမရှိတဲ့ လမ်း၊ အသွားအလာ ပြတ်တဲ့လမ်း မျိုးဆိုရင်တော့ '' စောစော သွားမှ တို့နေရာ ရမယ် '' ဆိုတာမျိုး ပဲ..။

သို့သော် ကိုယ့်ဖာသာကိုယ် ချစ်တာ ဘာဖြစ်လဲ ဘာဖြစ်လဲ လို့တော့ သူတို့ခမျာ မကြွေးကြော်နိုင်ပြန် ဘူး..။ တာဝန်အရ ပတ္တရောင်လှည့်တာလိုလို နဲ့ ရောင်တော်ပြန် ရောလွှတ်သူတွေက ချစ်သူတို့ဘာသာဘာဝ ကြည်နူးနေကြတာကို အခွန်အတုတ် ကောက်ခံတာမျိုးက လုပ်တတ်ကြပြန်တယ်..။

လမ်းဘေးမှာ မချစ်ရလို့ ဥပဒေမရှိပေမယ့်.. မှောင်ရိပ်ခိုတယ် စခန်းလိုက်ခဲ့ လုပ်လိုက်ရင် ချစ်သူတွေခမျာ ချစ်ဖီလင်တွေ ငုတ်ပြီး.. မလိုက်ပါရစေနဲ့ .. ဒီတစ်ကြိမ်ဒီတစ်ခါတော့ ခွင့်လွှတ်တော်မူပါ လို့ ရှိမခိုးယုံတမယ် တောင်းပန်စကား ဆိုကြရတယ်..။

နောက်ဆုံးတော့ ချွေးနဲစာလေးကို ပေးကမ်းရင်ကမ်း၊ ပါလာတဲ့ ထမင်းချိုင့်ကို လက်ဆောင်အဖြစ် ထားရင်ထား၊ တနည်းမဟုတ်တနည်းနဲ့ သူတို့ ချစ်ခရီး သာယာစေဖို့ စတေးလိုက်ရတာတွေလည်း ဘယ်နည်းမလဲ..။


ကျွန်တော်တို့ နှစ်ယောက်ရဲ့ ချစ်ခရီးလမ်းကတော့ သူတို့ နဲ့ စာရင် အတော့်ကို အနှောင့်အယှက် ကင်းတယ်လို့ ပြောရမှာပဲ..။ အလုပ်ချိန်တွေ များလွန်းလို့.. တွေ.ချိန် သိပ်မရတာက လွဲရင်၊ တွေ.ရတဲ့ အချိန်လေးတွေက တော့ မေ့ရက်နိုင်စရာ မရှိတာတွေ ချည်းပဲ..။

တွတ်တီးတွတ်တာလေးတွေ ပြောကြ၊ တွတ်တီးတွတ်တာလေးတွေ လုပ်ကြ ပေါ့..။ ဟဲ ဟဲ.. တမျိုးမထင်ပါနဲ့ မဒမ်က ကျွန်တော့် မေးစေ့အောက်က ချစ်မွှေးလို့ ခေါ်ကြတဲ့ မုတ်ဆိတ်မွှေးမဟုတ်တဲ့ အမွှေးလေး တွေ မြင်တိုင်း ဆွဲနှုတ်ဖို့ အမြဲကြိုးစားတယ်..။ အဲဒါလေး ပြောတာပါ..။

ပထမဦးဆုံးအနေနဲ့ အဲဒီအမွှေးလေးတွေကို မြင်တော့ ''ကိုကြီးရဲ့ မုတ်ဆိတ်မွှေးကလည်း ကြံကြံဖန်ဖန် နှစ်ပင်ထဲ '' လို့ သူပြောတယ်..။ '' အဲဒါ မုတ်ဆိတ်မွှေးမဟုတ်ဘူး.. ချစ်မွှေးလို့ ခေါ်တယ်.. တချို့ကတော့ သူဌေးမွှေးလို့ ခေါ်ကြတယ်.. အဲဒီအမွှေးရှိတဲ့သူက လူချစ်လူခင်ပေါတယ်.. ပြီးတော့ ချမ်းသာမယ့်သူ '' လို့ ကျွန်တော်ပြောတော့ တခစ်ခစ်နဲ့ သူမရယ်ရင်း ဒါကြောင့်ထင်တယ်.. မီးမီးကြိုက်တဲ့ ပုဇွန်ထုပ်တောင် နှပ်မှန်အောင် မကျွေးနိုင်တာ လို့ ပြန်ဖဲ့တယ်..။

ကျွန်တော်လည်း ခပ်တည်တည်နဲ့ '' အဲဒီအမွှေးက ချစ်မွှေးလည်း မဟုတ်ဘူး.. သူဌေးမွှေးလည်း မဟုတ်ဘူး.. တကယ်တမ်းက.. ယောက်ျားပီသမှုကို ဖော်ညွှန်းတဲ့ အမွှေး.. '' လို့ တဖက်ကလှည့်ပြောတော့ မယုံရဲ ယုံရဲ နဲ့ မျက်လုံး ပေကလပ်ပေကလပ် လုပ်နေတယ်..။

'' အဟုတ်ပြောတာ.. တစ်ပင် နဂါး ၊ နှစ်ပင် ကျား၊ သုံးပင် ခွေးရိုး၊ လေးပင် ခွေးသူခိုး တဲ့.. မေးစေ့အောက်မှာ တစ်ပင်ထဲ ရှိတဲ့ ယောက်ျားဟာ နဂါးလို ယောက်ျားမျိုး၊ နှစ်ပင်ရှိ ရင် ကျား၊ သုံးပင် ရှိရင်တော့ ခွေးရိုး ခွေးအလို ယောက်ျား၊ လေးပင် ရှိရင်တော့ ခွေးသူခိုး လို ယောက်ျား ပဲ ''

ကျွန်တော့်စကားအဆုံးမှာ နှစ်ပင်ထဲ ရှိတဲ့ ယောက်ျားက လိပ် လို ယောက်ျားမျိုးပါ.. ကိုယ့်ဖက်ကို သိပ်ယက်တတ်တယ်လေ လို့ သူမက ပြန်နောက်ရင်း.. '' ဟွန်း သူ့ကိုယ်သူ ကျားတဲ့ .. လိပ်ကြီးကများ'' လို့ နှိပ်ကွပ်တယ်..။

ဒါပေမယ့်ဖြစ်ချင်တော့ အဲဒီအကြောင်း မေ့မေ့ပျောက်ပျောက်ဖြစ်လောက် တဲ့ အချိန်မှာ..နောက်ထပ် နှစ်ပင် ထပ်ပေါက်လာတယ်..။ စုစုပေါင်း လေးပင် ဖြစ်သွားတာပေါ့..။ ကာယကံရှင် ကျွန်တော် သတိမထားမိပေမယ့် မဒမ်က အဲဒါကို တွေ့သွားတော့ ရယ်လိုက်တာ..။

'' ဟားဟားဟား.. တစ်ပင် နဂါး၊ နှစ်ပင် ကျား၊ သုံးပင် ခွေးရိုး၊ လေးပင် ခွေးသူခိုး.. ကိုကြီးခွေးသူခိုး '' လို့ နှိပ်ကွပ်တော့တာပဲ..။

ကျွန်တော်လည်း ရယ်ရင်း '' မီးမီး ကဗျာက တလွဲကြီး၊ တကယ့် မူရင်းကဗျာက .. တစ်ပင် ခွေးရိုး၊ နှစ်ပင် ခွေးသူခိုး၊ သုံးပင် နဂါး၊ လေးပင် ကျား.. ကိုကြီး က ကျား ပဲ '' လို့ ချက်ချင်း ပြင်ပြောရတယ်..။ မဒမ်ကတော့ မကျေမနပ်နဲ့ နှုတ်ခမ်းလေး ဆူပြီး ဟွန်း လူလည်ကြီး တဲ့..။

25.7 တို့များဘ၀ ခွေးမျှော်ရသလိုပ


(ငယ်ငယ်တုံးက ခွေးပေါက်စလေးတွေရဲ့ မေးစေ့ကို လှန်ကြည့်ပြီး ဒီခွေးက ကြီးရင် ကိုက်မယ့်ခွေး ဟုတ်မဟုတ်ကို အဲဒီနည်းနဲ့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြတာကို သတိရပြီး သူ့ကို နောက်ချင်တာနဲ့ ဟာသလုပ်လိုက်မိတာ.. နောက်ဆုံး ကိုယ့်ပြန်ထိတော့တယ်)

ခွေးကြောင်း ဆက်စပ်မိတာနဲ့ ပြောရအုံးမယ်..။ ကိုကြီးတို့ ဘ၀ကလည်း တဖြည်းဖြည်း ခွေးနဲ့ တူတူလာပြီ ဆိုတဲ့ အကြောင်းလေး ပေါ့..။

မဒမ်တို့ စက်ရုံက မိန်းကလေးချည်း လေးရာလောက် ရှိတော့ စက်ရုံဆင်းချိန်ဆို စက်ရုံရှေ့မှာ လည်ပင်းတရှည်ရှည်နဲ့ စောင့်နေကြတဲ့ ကျွန်တော့်လိုလူ ဘ၀တူတွေ က မနည်းဘူး..။

သိပ်ကဗျာမဆန်တဲ့ နှိုင်းနည်းနဲ့ နှိုင်းရရင်တော့.. ခွေးမလေး တစ်ကောင်ရှိတဲ့ အိမ် ပတ်ချာလည်မှာ တော်သလင်း လဆို ခွေးထီးတွေ ဟိုလိုလို ဒီလိုလို လမ်းသလားနေတာမျိုး နဲ့ သိပ်တူတယ်..။

တချို့ ခွေးတွေဆို.. ရှေ့ထုတ်ထားတဲ့ သူ့.လက်နှစ်ချောင်းပေါ်မှာ မေးတင်ပြီး ခွေးမလေး ထွက်လာလောက်တဲ့ လမ်းကြောင်းကို မမှိတ်မသုန် ကြည့်နေတာများ ကျောက်ရုပ်လား အောက်မေ့ရတယ်..။

ဇွဲနဘဲ အတော်ကြီးသကိုး..။

အဲဒီလို ကြည့်နေတုံး ရိုးတိုးရိပ်တိတ် အရိပ်ကလေး မြင်လိုက်ရရင်ပဲ.. မေးတင်ထားတဲ့ လက်နှစ်ချောင်း အားပြုပြီး ဆတ်ကနဲ ခေါင်း ထောင် ထတော့တယ်..။ ဒါပေမယ့် ခေါင်းထောင်လို့ မှ မဆုံးခင် ခွေးမလေးက အိမ်ထဲ ပြန်ဝင် သွားတော့ နဂိုရ် ပုံစံအတိုင်း ရှေ့လက်နှစ်ချောင်းထုတ်၊ မေးပြန်တင်၊ မမှိတ်မသုန် ပြန်ကြည့် ကြပြန်တယ်..။

ကျွန်တော်တို့ လည်း ချစ်သူ့စက်ရုံက ငါးနာရီဆင်းမယ်ထင်ရင်. ငါးနာရီမထိုးခင် ကတည်းက စက်ရုံရှေ့ ရောက်နေရပြီ..။ ခွေးလိုတော့ ရှေ့လက်ထုတ် မေးတင် မလုပ်ပေမယ့်.. မျှော်ပုံမျှော်နည်းကတော့ သိပ်မကွာ လောက်ဘူး..။ ငါးနာရီထိုးခါနီးလေ မျက်လုံးတွေက အရောင်တောက်လာလေ ပေါ့..။

ငါးနာရီထိုးလို့ အလုပ်ဆင်းတဲ့ ဘဲလ် တီးရင် မျော်ရတဲ့ ဇာတ်လမ်း ပြီးပြီအထင်နဲ့ ၀မ်းသာအားရ ခေါင်းတွေ ထောင်ထ လာကြရော..။ ခွေးတွေလိုပဲ..။ ဒါပေမယ့် ဒီနေ့ အိုဗာတိုင်ရှိတယ်.. မီးမီးတို့က ညရှစ်နာရီ အထိ လို့လည်း သိလိုက်ရရော.. ထောင်ထားတဲ့ ခေါင်းတွေ ပြန်ကျိုးသွားရပြန်တယ်..။

တချို့ဆို ရှစ်နာထိုးတဲ့ အထိ ထပ်စောင့်တယ်..။ ဒါပေမယ့် ရှစ်နာရီလည်း ထိုးရော ဒီနေ့ည ညလုံးပေါက် အိုဗာတိုင် ဆက်ဆင်းရမယ် လို့ သိလိုက်ရတော့.. ခေါင်းကြီးတွေ ငိုက်စိုက်ချ၊ ဖင်လေး ယမ်းတမ်းယမ်းတမ်းနဲ့ ကိုယ့်ပြာပုံကိုယ် ပြန်ဝပ်တာပဲ ကောင်းပါတယ်လေ ဆိုတာမျိုးဆန်ဆန် တပ်ခေါက်ပြန်ကြရတော့တယ်..။

စက်မှုဇုံ တခို၊ ငါလိုလူ ရှိဖူးလား

ပြန်တွေးမိတိုင်း မရယ်ဘဲ မနေနိုင်တဲ့ နောက်ထပ် အဖြစ်အပျက် တစ်ခုရှိသေးတယ်..။ အဲဒီနေ့ ညက မဒမ်တို.စက်ရုံ ရှစ်နာရီ အလုပ်ဆင်းမယ်ဆိုတာနဲ.ထုံးစံအတိုင်း ရှစ်နာရီမထိုးခင် ဆယ်မိနစ်လောက်အလိုမှာ ဒိုင်နာကားနဲ့ ကျွန်တော် မဒမ့်စက်ရုံရှေ့ ထွက်လာခဲ့တယ်..။

စောင့်နေရင်းနဲ့ ရှစ်နာရီလည်း တကယ်ထိုးရော ကိုးနာရီမှ ဆင်းမယ် ဖြစ်သွားတယ်..။

တစ်နာရီလောက် သူတို့ စက်ရုံရှေ့မှာ ထိုင်စောင့်နေရမှာ ပျင်းတာနဲ့ ကားကို စက်မှုဇုံဈေးဖက် မောင်းလာခဲ့တယ်..။ ဈေးရှေ့က လက်ဘက်ရည်ဆိုင်မှာ လေးဆယ့်ငါးမိနစ်လောက် အချိန်ဖြုန်းပြီး သွားပြန်ကြိုရင် အတော်လောက်ပဲ ဆိုတဲ့ စိတ်ကူးနဲ့ပေါ့..။

ကားကို လက်ဘက်ရည်ဆိုင်နဲ့ မလှမ်းမကမ်း လမ်းဘေးမှာ ကျွန်တော်ရပ်လိုက်ပြီး ဆိုင်ထဲ လှမ်းဝင်တော့ ဆိုင်ထဲက လူတွေက ကျွန်တော့်ကို ကြည့်လိုက် ကားကိုကြည့်လိုက်နဲ့ နည်းနည်းထူးဆန်းသလိုမျိုး ဖြစ်နေကြတယ်..။

သူတို့ ဖြစ်ပျက်နေတာကို သတိထားမိပေမယ့် သိပ်အရေးစိုက်မနေတော့ဘဲ လက်ဘက်ရည်တစ်ခွက်မှာသောက်ပြီး အချိန်ဖြုံးနေလိုက်တယ်..။

ကိုးနာရီထိုးခါနီးတော့ လက်ဘက်ရည်ဖိုးရှင်း၊ မဒမ့်စက်ရုံဆီ ထွက်လာရင်း စက်မှုဇုံ ဘောလုံးကွင်း နား အရောက်မှာ ကျွန်တော်တို့ စက်ရုံနဲ့ ဘေးချင်းကပ်လျက် စက်ရုံက စက်ရုံမှုးကို ကားမီးရောင်အောက်မှာ တွေ.လိုက်ရတယ်..။

သူက စက်ဘီးနဲ့။ သူ့ဘေးမှာ ကားကို ထိုးရပ်လိုက်ပြီး.. ကျွန်တော် လှမ်းနှုတ်ဆက်တော့ သူလည်း စက်မှုဇုံဈေးက ပြန်လာတာလို့ သိရတယ်..။ သူ့စက်ရုံအခြေအနေ ကိုယ့်စက်ရုံအခြေအနေ နည်းနည်းဆက်ပြော ဖြစ်ကြတယ်..။

ကျွန်တော့်နဲ့ စကားပြောနေရင်း ကျွန်တော့်ကို ကြည့်လိုက် ကားနောက်ခန်းကို ကြည့်လိုက် နဲ့ သူ့ပုံစံက တခုခု ပြောချင်နေပုံ ပေါက်တာနဲ့ ကျွန်တော်က ဘာဖြစ်လို့လဲ လို့ သူ့ကို မေးမိတယ်..။ ဒီကလည်း ခင်ဗျားဘာဖြစ်နေလဲ ဆိုတာ သိချင်နေတာပဲ.. လို့ ပြုံးစိစိနဲ့ သူပြန်ဖြေတယ်..။

ဟာဗျာ ဘာဖြစ်လို့ လဲ လို့ ကျွန်တော်ဆက်မေးတော့ ခင်ဗျား ကားနောက်ခန်းကိုလည်း ပြန်ကြည့်အုံး.. ညကိုးနာရီလောက်ကြီး.. ကားနောက်ခန်းမှာ ခြင်ထောင်ကြီးထောင်ပြီး စက်မှုဇုံထဲ ကားတစ်စီးနဲ့ ခင်ဗျား ဘာခွင်တွေ လိုက်ရှာနေတာလဲ... တဲ့။

အဲဒီကျမှ သိရတော့တယ်..။ ကျွန်တော့်စက်ရုံက လုံခြုံရေးမှုးအဘိုးကြီး.. ခြင်ထောင်ထဲမှာ အိပ်လျက်ပါလာခဲ့တယ် ဆိုတာကို..။ ဒါကြောင့် လက်ဘက်ရည်ဆိုင်ထဲက လူတွေက အံသြသလို ဖြစ်နေတာကိုးလို့ အဲဒီမှ အထာပေါက်တော့တယ်..။

ကပျာကယာ ကားပေါ်ကဆင်းပြီး နောက်ခန်းကို ကြည့်တော့မှ ခြင်ထောင်ထဲမှာ အဘိုးကြီးက ငုတ်တုတ်..။

''ခင်ဗျားဗျာ.. ဒိုင်နာကားဆိုတာ ဒီလောက် ၀ုန်းဒိုင်းကြဲနေတာတောင် မနှိုးဘူးလား.. စက်ရုံက ထွက်ကတည်းက ဆရာခဏ နေပါအုံး လို့ ပြောလိုက်ရင် ပြီးတဲ့ဟာ ..။ အခုတော့ ကျုပ်လည်း စက်မှုဇုံထဲ ခြင်ထောင်ကြီး တကားကားနဲ့ ကားပတ်မောင်း နေတာ သောက်ရှက်ကို ကွဲရော ပဲ..။ ''

အဘိုးကြီးကတော့ သူ့အပြစ်နဲ့သူဆိုတော့ ဘာမှပြန်မပြော၊ ကျွန်တော့်မှာသာ.. ရှက်နိုးနိုးနဲ့ ဒေါသအလိပ်လိုက် ထွက်နေခဲ့ရတယ်..။

နောက်တော့ မဒမ့်စက်ရုံရှေ့ ခြင်ထောင်ကြီးနဲ့ သွားကြိုရင် ကိုယ်တင်မက.. မဒမ်ပါ သောက်ရှက် ကွဲကိန်းမြင်တာကြောင့် စက်ရုံကို တစ်ခေါက်ပြန်၊ အဘိုးကြီးနဲ့ ခြင်ထောင်ကို ထားခဲ့၊ မဒမ်ဆီ တစ်ခေါက်ပြန်သွား.. လုပ်ရတယ်..။

ကျွန်တော့်ကား စက်ရုံရှေ့ဂိတ် ပြန်ရောက်တော့ တာဝန်ကျနေတဲ့ လုံခြုံရေး ခင်လတ်နဲ့ ရဲနိုင်က ထိုင်ရယ်နေကြတယ်..။ သူတို့ က ကျွန်တော်အထွက်ကတည်းက ဂိတ်တံခါးဖွင့်ပေးရင်း မြင်လိုက်ကြတယ်..။ ဒါပေမယ့် တားမမီတော့လို့ ထိုင်ပဲ ရယ်နေကြသတဲ့..။

မီးမီးချစ်တဲ့သူက လူလိမ်ကြီး

ကျွန်တော်လည်း စိတ်ပေါက်ပေါက်နဲ့ လုံခြုံရေးအားလုံးကို ခေါ်ပြီး ခင်ဗျားတို့ က သူခိုးနင်းသေမယ့် လုံခြုံရေး တွေလို့ ကောပစ်လိုက်တယ်..။ (ကိုယ့်အလှည့်တုံးက ဆရာရှိန်ကောခဲ့သလိုမျိုး ပေါ့ )

နောက်ရက်တွေမှာတော့ မဒမ့်ကို သွားမကြိုခင် ကားနောက်ခန်းကို အရင် ကြည့်ရတယ်..။ ဒါပေမယ့် သူတို.လည်း တခါဆို ဆိုသလောက် မှတ်သွားဟန် တူတယ်..။ နောက်ထပ်တော့ ခြင်ထောင်ထောင် စက်မှုဇုံပတ်တာမျိုး မဖြစ်တော့ပါဘူး..။

မဒမ်နဲ့ကတော့ ထုံးစံအတိုင်း ညနေဆို သွားကြို၊ တနင်္ဂနွေပိတ်ရင် လျောက်လည် ပေါ့..။ သမီးရည်းစား သက်တမ်း ခြောက်လလောက် ရှိတဲ့ အခါမတော့ မိဘများရှိရာ မန္တလေး ရွှေမြို့တော်ကြီးဆီ တစ်ခေါက် ပြန်ဖို့ အကြောင်းက ဖန်လာခဲ့တယ်..။

အဲဒီတုံးက အဖေနဲ့အမေက မန္တလေး ပုသိမ်ကြီးက အဆုပ်ဆေးရုံဝင်းထဲမှာ နေကြတယ်..။

အမက သူနာပြုဆိုတော့ ဆေးရုံဝင်းထဲမှာ တိုက်ခန်းတခန်းရတယ်..။

ကျွန်တော့်စက်ရုံအလုပ်ကလည်း အစတုံးကလို မဟုတ်ဘဲ နည်းနည်း အထာကျသွားပြီဆိုတော့ ခွင့်ယူလို့ လွယ်သွားတာက တကြောင်း၊ အဖေအမေတို့ နဲ့ မတွေ့ဖြစ်တာ ကြာတာကလည်း တကြောင်း၊ အကြောင်းစုံသမို့ မဒမ့်ကို တစ်ပတ်လောက်တော့ ကြာမယ် လွမ်းမနေနဲ့လို့ မှာပြီး မန္တလေးကို သုတ်ခြေတင်ခဲ့တယ်..။

ခွင့်ယူတုံးက တစ်ပတ်ဆိုပြီး ယူခဲ့ပေမယ့် တကယ်တမ်း မန္တလေးမှာ နှစ်ရက်သုံးရက်လောက်လည်း နေပြီးရင် ကျွန်တော် မနေနိုင်တော့ဘူး..။ ကျွန်တော့်စိတ်ထဲမှာ အလုပ်အကြောင်းပဲ တွေးနေမိတဲ့ အပြင် မဒမ့်ကိုလည်း လွမ်းနေမိတာမို့ နောက်ဆုံးတော့ အဖေအမေကို နှုတ်ဆက် ကန်တော့ပြီး ကျွန်တော် ပြန်လာခဲ့တယ်..။

မဒမ်ကိုတော့ ကျွန်တော်စောပြန်လာတာ ကြိုမပြောတော့ဘဲ ရန်ကုန်ရောက်ရောက်ခြင်း ညနေမှာ..သူ့စက်ရုံရှေ့ ကျွန်တော် ထွက်လာခဲ့တယ်..။ အလုပ်ဆင်းချိန်မှာ မမျှော်လင့်ဘဲ ကျွန်တော့်ကို တွေ.လိုက်တော့ ကလေးလေး တစ်ယောက်လို အံ့သြ၀မ်းသာပြီး မဒမ် ထခုန်တယ်..။

ဒီနေ့ည ကိုကြီးပြန်လာတဲ့ အထိမ်းအမှတ်အနေနဲ့ မီးမီး တကာခံမယ် ..လို့ ကြားသားမိုးကြိုး ကမ်းလှမ်းလာတာနဲ့ ထုံးစံအတိုင်း ဘုရင့်နောင်လမ်းဆုံက ယုဇနစားသောက်ဆိုင်ကို ကျွန်တော်တို့ ချီတက်ခဲ့ကြတယ်..။

ဆိုင်အရောက် မှာစရာရှိတာလေးတွေ မှာပြီး သူ့ကိုယ်လွမ်း ကိုယ့်သူလွမ်း အလွမ်း စာရင်းရှင်းတမ်း လုပ်ပြီးသကာလ မန္တလေးမှာ ပျော်ခဲ့လားတဲ့..။ မဒမ်က စကားစတယ်..။

အော်...မတွေ.တာကြာတဲ့ အဖေတို.အမေတို့ ပြန်တွေ.ရတော့ပျော်တာပေါ့ လို့ ကျွန်တော်လည်း ပြန်ဖြေမိတယ်..။

ကိုကြီးနဲ့ မီးမီး ချစ်သူတွေ ဖြစ်နေတာရော အဖေတို့အမေတို့ကို ပြောခဲ့သေးလား လို့ သူမက ဆက်မေးပြန်တယ်.။ တစိုးတစိမှ..အဖေတို့ အမေတို့ကို အဲဒီအကြောင်း မပြောဖြစ်ခဲ့ပေမယ့် ဖော်မြူလာ အရ.. '' ဟ.. ပြောခဲ့တာပေါ့ .. သားမှာ ချစ်သူရှိနေပြီ '' လို့ ပိုပိုသာသာလေး ကျွန်တော် ဖောရတာပေါ့..။

မီးမီး ဓါတ်ပုံရော ကိုကြီးအဖေနဲ့အမေကို ပြခဲ့သေးလား တဲ့..။ အတွန့်တက် ထပ်မေးပြန်တယ်..။

ကျွန်တော့် ပိုက်ဆံအိပ်ထဲမှာ သူ့ဓါတ်ပုံလေး တစ်ပုံ အမှတ်တရ ပေးထားတာရှိတယ်..။ မန္တလေးရောက်တုံး တခါမှတောင် ထုတ်မကြည့်မိပေမယ့် '' အင်း .. ပြ ခဲ့တယ် '' လို့ ကျွန်တော် လဲ ဆက်လိမ်ရတော့တယ်..။

မလိမ်ပြန်ရင်လည်း ကျေနပ်မှာမှ မဟုတ်တာပဲ..။

ဒါပေမယ့် ဇာတ်လမ်းက မပြီးသေးဘူး..။ '' ကိုကြီး အဖေနဲ့ အမေက မီးမီးဓါတ်ပုံ ကြည့်ပြီး ဘာပြောလဲ '' တဲ့..။

လိမ်လက်စ နဲ့မထူးတော့ပြီမို.'' ကလေးမလေးက ဖြူဖြူငယ်ငယ်ချောချောလေး မဆိုးပါဘူး '' လို့ အမေကတော့ မှတ်ချက်ပေးတာပဲ လို့ ရုပ်တည်ကြီးနဲ့ ကျွန်တော် ဆက်လှိမ့်ရတယ်..။

ကျွန်တော့်စကားမှ မဆုံးသေးဘူး..။ တအိအိ နဲ့ ရှိုက်သံက ထွက်လာတော့တယ်..။ အစကတည်းက ကိုယ့်လိပ်ပြာကိုယ်မလုံ တာမို့ တခုခုတော့ လွဲသွားပြီဟ လို့ သိတော့ သိလိုက်ပြီ..။ ဒါပေမယ့် မထူးဇာတ် ခင်းပြီး '' ဟာ.. မီးမီးကလည်း ဘာလို့ ငိုတာလဲ.. မငိုနဲ့လေ.. တိတ်တော့ '' လို့ ကပျာကယာ ချော့ရတယ်..။

ချော့မှ ပိုဆိုးသွားတယ်..။ တအိအိ နဲ့ ငိုနေရာကနေ.. တဟီးဟီး နဲ့ အော်ကြီးဟစ်ကျယ် ငိုပါလေရော..။ ငိုရင်းတန်းလန်း '' ငိုမှာပေါ့.. မီးမီးချစ်တဲ့သူက လူလိမ်ကြီးကိုး ဟီးဟီး '' တဲ့..။

နောက်မှ သိရတာက ကျွန်တော်မန္တလေး မပြန်ခင်..ကျွန်တော့်ပိုက်ဆံအိတ်ထဲက သူ့ဓါတ်ပုံကို ပြန်နှုတ်ယူ ထားလိုက် သတဲ့..။

မိန်းမတွေရဲ့ မာယာကို မသိနားမလည် တဲ့ ယောက်ျားကောင်း ဖြူစင်မြင့်မြတ်သူ ကျွန်တော်..၊ သူတို့လေးတွေ စိတ်ချမ်းသာပါစေတော့ လို့ မလိမ်ချင်ပေမယ့် မလိမ် လိမ်အောင် ဆင်ထားတဲ့ သူတို့ရဲ. ကျော့ကွင်း ထောင်ချောက်ထဲ တည့်တည့် ၀င်တိုးမိခဲ့ရ တဲ့ အဖြစ်ပေါ့ဗျာ..။

Thursday, September 11, 2008

24.1 ကျွန်တော် အလုပ်သမားခေါင်း

အဲဒီအခြေအနေတွေကြားထဲမှာပဲ ကျွန်တော့်ဘ၀ရဲ့ ပထမဦးဆုံး လခစားအလုပ် ရတယ်..။ လှိုင်သာယာ စက်မှုဇုံထဲက ဂျပန်ဖက်စပ် သွပ်ပြားစက်ရုံမှာ တစ်လရှစ်ထောင်နဲ့ ဖိုမင် ရာထူး အခန့်ခံရတယ်..။

အပွိုင့်မင့် စာထဲမှာ ဖိုမင်အဖြစ် စတင်ခန့်ထားလိုက်ပြီ ဆိုတဲ့ အကြောင်းကို ဖတ်ပြီး ဒစ်ရှင်နရီ မှာ ဖိုမင်ဆိုတာ ဘာလဲ လို့ ကျွန်တော်ရှာကြည့်တယ်..။

'' အလုပ်သမားခေါင်း '' လို့ ဘာသာပြန်ထားတာကို ကြည့်ပြီး အတော့်ကို စိတ်ကသိကအောက် ဖြစ်ခဲ့ရတယ်..။

မြန်မာပြည်ရဲ့ ထိပ်တန်းတက္ကသိုလ် ကျောင်းကြီးမှာ ခြောက်နှစ်လောက် တက်ရောက်သင်ကြားခဲ့ တဲ့ အင်ဂျင်နီယာတစ်ယောက်ရဲ့ ပထမဦးဆုံး အလုပ်အကိုင်ရာထူးက အလုပ်သမား ခေါင်းတဲ့လား.. လို့ မကြာခန တွေးရင်း ဒေါသထွက်ခဲ့ရတယ်..။

အလကား ရတဲ့ အခေါ်အဝေါ်လေးကိုတောင် ၀န်ထမ်းတွေ စိတ်ဓါတ်တက်ကြွအောင် မပေးတတ်တဲ့ လူကြီးတွေကိုလည်း အံ့သြမိတယ်..။ အဲဒီစက်ရုံကနေ မထွက်ခင်အထိ အင်ဂျင်နီယာတွေကို ဖိုမင်လို့ မခေါ် အောင် ကျွန်တော် တတ်နိုင်သမျ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး..။

အလုပ်လည်း ရပြီမို့ ပျော်စရာသိပ်မကောင်းတော့တဲ့ စမ်းချောင်းက အခန်းကို ကျွန်တော် သိပ်မနေဖြစ်တော့ဘူး..။ အလုပ်ထဲမှာပဲ အိပ်ဖြစ်တော့တယ်..။

ဒေါ်လာဈေးက အဲဒီတုံးက ကျပ် ၁၃၀၊ ၁၄၀ လောက်ပဲ ပေါက်တယ်..။ ရှစ်ထောင်ဆိုတော့ ဒေါ်လာနဲ့ တွက်ရင် ကျွန်တော့်လခက ဒေါ်လာငါးဆယ် သာသာပေါ့..။

စ အလုပ်ရခါစ မှာ စက်ရုံကမပြီးသေးဘူး..။ ဆောက်လက်စ ပေါ့..။ ဘုရင့်နောင်လမ်းမပေါ်မှာ ကျွန်တော်တို့ရဲ့ ယာယီရုံးခန်း ရှိတယ်..။ ညဖက်ဆို ရုံးခန်းထဲက စားပွဲတွေ ဆက်ပြီး ကျွန်တော်အိပ် ရတယ်..။ ရုံးစောင့်တဲ့ ကိုဝင်းမြင့်ဆိုတဲ့ လူနဲ့ ကျွန်တော်ပဲ ရှိတယ်..။

ရုံးမှာ အိပ်ရဖို့အရေးကိုတောင် လူကြီးကို မနည်းပြောယူရတယ်..။

အဲဒီလိုမျိုးနေရင်း ထိုင်ရင်း လုပ်ရင်းကိုင်ရင်း ဘန်ကောက်ကို သွားရတယ်..။ ( ဘန်ကောက်သွားတောလားကိုတော့ ရှေ့မှာ ရေးပြီးပြီမို့ ဒီနေရာမှာ မရေးတော့ပါဘူး )

ဘန်ကောက်ကအပြန်မှာတော့ စက်ရုံကလည်း ပြီးနေပြီမို့ ဘုရင့်နောင်ရုံးခန်းကို စက်ရုံဝင်းထဲ ပြောင်းလိုက် တယ်..။ ကျွန်တော်ကတော့ ထုံးစံအတိုင်း စက်ရုံရုံးခန်းမှာပဲ စတည်းချတယ်..။

ပြောရရင်.. ကျွန်တော်တို့စက်ရုံက.. လှိုင်သာယာစက်မှုဇုံရဲ့ အစအဦးဆုံး စက်ရုံလေးငါးရုံထဲမှာ ပါတယ်။

၁၉၉၇ နှစ်ဦးပိုင်းမှာ စက်ရုံက ကုန်ထုတ်လုပ်မှု စတင်တယ်..။ စက်ရုံကို သွားတဲ့ လမ်းကိုတောင် ယာယီဖောက်ထားရတဲ့ အခြေအနေပဲ ရှိသေးတယ်..။

လူတွေက အသစ်..စက်က အသစ်.. တက်ကနိုလော်ဂျီက အသစ် ဆိုတော့ ပြသာနာပေါင်း သောင်းခြောက်ထောင် ဆိုတာမျိုး လိုပဲ..။ ဒါတောင်မှ.. ဘန်ကောက်စက်ရုံက ထိုင်းအင်ဂျင်နီယာ ခြောက်ယောက်က ကျွန်တော်တို့ကို အနီးကပ်ကြီးကြပ်တဲ့အပြင် ဆရာကြီး ဂျပန်တစ်ယောက်လည်း အဆစ်ပါလိုက်သေးတယ်..။

24.2 ပွကြီး ရဲ.မပြီးဆုံးနိုင်တဲ့ အရှုပ်ထုတ်တွေ

အဲဒီနိုင်ငံခြားသားတွေကို ရှစ်မိုင်လမ်းဆုံက (ဟိုတုံးက အခေါ်) ရန်ကုန်စီးတီး ဟိုတယ်မှာ ထားတယ်..။ ဘန်ကောက်မှာ ကတည်းက သူတို့နဲ့ ကျွန်တော် အတော့်ကို ရင်းနှီးခဲ့တာမို့ မြန်မာ အင်ဂျင်နီယာတွေထဲမှာ ကျွန်တော်က သူတို့နဲ့ တတွဲတွဲအရှိဆုံး ဖြစ်ခဲ့တယ်..။

သူငယ်ချင်းသူဌေးသား ကောင်းမှုနဲ့ အလုပ်အားတဲ့ ညတွေမှာ ရှိသမျ ဒစ်စကို. သူတို့နဲ့ သွားကဲ တယ်..။ ခေါင်းဆောင်လုပ်တဲ့ ထိုင်းစက်ရုံမှုးက လွဲလို့ ကျန်တဲ့သူတွေအားလုံးက သူတို့ဆရာ လစ်ရင်လစ်သလို ညငှက်အဖမ်းထွက်ကြတယ်..။

ကျွန်တော့်မှာလည်း.. ခေါင်း တပိုင်းကို ဖြစ်လို့ပေါ့..။ ဘာသာစကားကလည်း အိညှောင့်အိညှောင့် နဲ့ သူပြောတာ ကိုသေချာမသိ..ကိုယ်ပြောတာ သူနားမလည်ဆိုတော့ အလုပ်ဖြစ်မယ်ထင်ပြီး ညည့်ငှက်မလေး တွေကိုခေါ်..ပြီးမှ အဆင်မပြေလို့ ပြန်လွှတ်နဲ့ ကြားထဲက ကျွန်တော် ( ကန်တော့ပါရဲ့ ) ဖာခေါင်းတွေနဲ့ မျက်နှာပျက်ရပေါင်းလဲ မနည်းပြန်ဘူး..။

သူငယ်ချင်းတွေကို ဖာခေါင်းနဲ့ငါ မျက်နှာပျက်ရတယ်ကွာ လို့ ပြန်ပြောတိုင်း သူတို့ မကြားဖူးတဲ့ ပျက်လုံး တစ်ခုလို သဘောထားပြီး တအားရယ်လေ့ရှိကြတယ်..။

ဒါတင်ပဲလားဆိုတော့ မကပြန်ဘူး..။ ဟိုတယ်က ငနာလေးတွေနဲ့လည်း ညှိရသေးတယ်..။ အခုခေတ်လိုမျိုး ညည့်ငှက်မလေးတွေကို ဟိုတယ်ရှေ့တခါးကနေ ပေါ်တင် ခေါ်သွင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး..။

နောက်ဖေးပေါက်လိုဟာမျိုးကနေ ခေါ်ရတယ်..။ မနက်လင်းအားကြီးနဲ့ ညပိုင်းလောက်ပဲ သူတို့ကို ၀င်ထွက်ခွင့်ပြုတယ်..။

စက်ရုံက ၂၄ နာရီကို အဆိုင်း သုံးဆိုင်းနဲ့ လည်တာဆိုတော့ သူတို့နဲ့ ညလုံးပေါက် ကျွန်တော်မနေနိုင်ဘူး..။ ကျွန်တော့်အဆိုင်းက မနက် ခုနှစ်နာရီကနေ ညနေသုံးနာရီ ကျတာမျိုးဆိုရင်တော့ ပြသာနာမရှိဘူး..။ ကျွန်တော် ညဆိုင်းကျတဲ့ အခိုက်အတန့်မျိုးမှာတော့ သူတို့တတွေနဲ့ မယ်မင်းကြီးမတွေကို သေချာမှာပြီး စက်ရုံကို ကျွန်တော်ဒိုးရတယ်..။

ညနေဆိုင်း ဆိုရင် ညနေ သုံးနာရီကနေ ညဆယ့်တစ်နာရီ အထိ အလုပ်လုပ်ရတယ်..။ ညကြီးဆိုင်း ဆိုရင်တော့ ညဆယ့်တစ်နာရီကနေ နောက်တနေ့မနက် ခုနှစ်နာရီအထိ လုပ်ရတယ်..။ ညဆယ့်တစ်နာရီ အလုပ်ပြီးရင် အိပ်ရေး သိပ်မပျက်ပေမယ့်.. ညကြီးဆိုင်းကျရင်တော့ .. အတော်ပြိုင်းတယ်..။

အလုပ်ကလည်း ခွန်နဲ့အားနဲ့ လုပ်ရတဲ့ အလုပ်မျိုး ဆိုတော့ မနက်လင်း အလုပ်ပြီးချိန် သိပ်အိပ်ချင်တယ်..။
ပုံမှန်ဆိုရင်တော့ စက်ရုံရုံးခန်းက အလုပ်စားပွဲခုံတွေအောက်မှာ ကျွန်တော်အိပ်လိုက်တာပဲ..။

ဒါပေမယ့် တစ်ရက်မှာ အလုပ်မပြီးသေးဘူး..ဟိုတယ်က ဖုံးဆက်လာတယ်..။ လူကြီးမင်းတို့ စက်ရုံက ထိုင်းအင်ဂျင်နီယာ အခန်းထဲမှာ ညကခေါ်ထားတဲ့ မယ်မင်းကြီးမနဲ့ ပြသာနာတက်နေလို့ အမြန်လာပါ တဲ့..။ အလုပ်ပြီးပြီးချင်း မျက်နှာမသစ်..ယူနီဖောင်းမလဲဘဲ ကျွန်တော် ဟိုတယ်ကို ပြေးရတော့တယ်..။

တကယ်တမ်းကျတော့ ပြသာနာတက်နိုင်တယ်ဆိုတာ ကျွန်တော်ကြိုသိတယ်..။ အဲဒီကောင်မလေး နဲ့ ထိုင်းသကောင့်သားမှာ ကျောင်းတော်က ရန်စလေးတွေရှိခဲ့ဖူးတယ်..။ ပထမဦးဆုံးအကြိမ် ကောင်မလေးကို ခေါ်ပြီး နောက်တနေ့မနက်မှာ ကောင်မလေးက သကောင့်သားရဲ့ ကုတ်အင်္ကျီကို မ သွားခဲ့ဖူးတယ်..။

ကုတ်အင်္ကျီကလည်း ရိုးရိုးကုတ်အင်္ကျီမဟုတ်ဘူး..။ သူတို့နိုင်ငံမှာ ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းဆင်းပွဲမှာ ထုတ်ပေးတဲ့ Safety Officer စာတမ်းပါ ကုတ်အင်္ကျီဆိုတော့ နှမျောတာပေါ့..။

ဒီအတိုင်း ပြန်တောင်းဖို့ကလည်း သိပ်မလွယ်တော့ ကုတ်အင်္ကျီယူသွားတာကို မသိချင်ယောင် ဆောင်..၊ နောက်တစ်ကြိမ်ထပ်ခေါ်.. မနက်လင်းတော့မှ ငါ့ကုတ်အင်္ကျီပြန်မပေးရင် ပိုက်ဆံမပေးဘူး.. လုပ်တယ်။
အဲဒီမှာ ပြသာနာတက်တော့တာပဲ..။

ကိုယ်ကလည်း ဒီအရှုပ်ထုတ်ထဲမှာ တစိတ်တပိုင်း ပါနေတော့ လူကြီးတွေ သိသွားရင် အလုပ်ပြုတ်ကိန်းက လည်း ရှိသေးတယ်..။ အားလုံး ပြေရာပြေကြောင်းဖြစ်အောင် ကျွန်တော် ကြားဝင်ဖျန်ဖြေ စေ့စပ်ရတယ်.။ ဒါတောင် မယ်မင်းကြီးမက သူမယူဘူး လုပ်နေလို့ အတော်လေး ပွဲကြမ်းလိုက်ရသေးတယ်..။

နောက်ဆုံးတော့ အင်္ကျီပြန်ယူတဲ့ TAXI ခကို ငါပေးပါမယ်အေ လို့ ချော့မောပြီး မယ်မင်းကြီးမကို ပြန်ယူခိုင်းရတယ်..။ ပုံမှန်ဆိုရင်.. မနက်လင်းတာနဲ့ သူတို့ပြန်ပြီ..။ ပြသာနာတက်နေတော့ မိုးစင်စင်လင်းတဲ့ အထိ မယ်မင်းကြီးမက မပြန်နိုင်သေးဘူး..။

ဟိုတယ်ထုံးစံအရ.. ညပိုင်း Reception ကောင်တာကို ကောင်လေးတွေ ထိုင်တယ်..။ မနက်ခင်း ကိုးနာရီကနေ ညနေငါးနာရီအထိ.. ကောင်မလေးတွေ ထိုင်တယ်..။ ဖြစ်ချင်တော့ အဲဒီ Reception ထိုင်တဲ့ ကောင်မလေး တွေထဲက တစ်ယောက်ကို ကျွန်တော်က ကြိုက်နေတယ်..။

ကျွန်တော့်မှာလည်း ကျွန်တော့်အပူနဲ့ကျွန်တော်..။ အခုလိုမျိုး ညည့်ငှက်မလေးတွေနဲ့ အဆက်အသွယ် ရှိတာကို Reception က ကောင်မလေးကို မသိစေချင်ဘူး..။ ဒါပေမယ့် အခြေအနေက ကိုယ်ဖြစ်စေချင် သလိုမျိုး ဖြစ်မလာဘူး..။

မယ်မင်းကြီးမက ဟိုတယ်ရှေ့ကို အင်္ကျီလေး ဝှေ့ယမ်းပြီး ဒုံးယိမ်းကသလိုမျိုး နဲ့ ပြန်ရောက်လာတယ်..။ ဖရိုဖရဲ မျက်တွင်းဟောက်ပက် နဲ့ လှချင်တိုင်းလဲ လှနေတာပေါ့..။ ကျွန်တော်လည်း မထူးဇာတ်ခင်းပြီး ဟိုတယ်ရှေမှာပဲ.. အင်္ကျီယူ ပိုက်ဆံပေး လုပ်ရတော့တယ်..။

Reception က ကျွန်တော့်ကောင်မလေးကလဲ စပ်စုတဲ့အကြည့်နဲ့ လှမ်းကြည့်နေပြန်တယ်..။

ပိုက်ဆံပေးပြီး ကျွန်တော်လှည့်အထွက်မှာ မယ်မင်းကြီးမက ကျွန်တော့်လက်မောင်းကို ဖတ်ကနဲ လှမ်းဆွဲပြီး '' အကို့ မုံ့ဖိုးပေးအုံး '' လို့ မခို့တရို့နဲ့ လုပ်တော့ ကျွန်တော့်မှာ ခွေးအကြီးလှည်းနင်းသလို ဖြစ်သွားရတယ်။

ရှက်ရှက်နဲ့ ထူပူပြီး အိပ်ထဲက ငါးရာတန်တစ်ရွက် နှိုက်ထုတ်ပေးလိုက်မှပဲ ဇာတ်လမ်းက ပြီးသွားတော့တယ်။

24.3 သိမ်ကြီးဈေး ရှေ.က ကားတိုက်ပွဲ

နောက်တစ်ခါ အလုပ်ပြုတ်ကိန်း ကြုံရသေးတယ်..။ သိမ်ကြီးဈေး ဂလက်ဇီ ဒစ်စကို ကို.. အလုပ်အားတဲ့ တစ်ရက် ထိုင်းတွေနဲ့ ကျွန်တော် ချီတက်ကြပြန်တယ်..။ ပျော်ပါး မြူးတူး သောက်စား ပြီး ပြန်မယ်ဆိုပြီး ဒစ်စကိုရှေ့ကနေ ကျွန်တော်တို့ကား စထွက်တယ်..။

အဲဒီတုံးက သိမ်ကြီးဈေးဆိုတာ ညဖက် သိပ်စည်တဲ့ နေရာပဲ..။ ညလုံးပေါက်နီးနီး ကားနဲ့လူ သိပ်ပြတ်တယ်ရယ်လို့ မရှိဘူး..။ မေဟွှား.. အင်ပါယာ.. အစရှိတဲ့ ကလပ်တွေကလည်း အရှိန်အဟုန် သိပ်ကောင်းနေတဲ့ ခေတ်ပေါ့..။

ဂလက်ဇီက သူတို့ထဲမှာ အစည်ကားဆုံး ဆိုပါတော့..။ သူငယ်ချင်းတစ်ယောက်က ဂလက်ဇီကို CHICKEN PARADISE လို့တောင် နာမည်ပေးထားတယ်..။ ဗမာလိုဆိုရင်တော့ ကြက်တို့၏ ကောင်းကင်ဘုံ လို့ ခေါ်ရမယ်နဲ့တူတယ်..။

ကားတွေကများ အသွားအလာတွေက ရှုပ်ဆိုတော့ ကျွန်တော်တို့ကား စထွက်လို့မှ သိပ်မကြာဘူး.. နောက်က ကားတစ်စီးက အရှိန်နဲ့ ဒုံးကနဲ ၀င်အောင်းတယ်..။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းက ရှေ့ခန်းမှာ ထိုင်တယ်..။ နောက်ခန်းမှာက ထိုင်းလေးယောက် ပါတယ်..။

နောက်က၀င်တိုက်တဲ့အရှိန်နဲ့ ထိုင်းတစ်ယောက် ခေါင်းထိသွားတယ်..။ ကားမောင်းနေတဲ့ ကျွန်တော်သူငယ်ချင်းက ကားတံခါးဖွင့်ပြီး အောက်ဆင်းမလို့ လုပ်တုံး ၀င်တိုက်တဲ့ကားက ကျွန်တော်တို့ကားကို ကျော်တက်မောင်းပြေးတယ်..။

သူငယ်ချင်းလည်း ကပျာကယာ ကားပေါ်ပြန်တက်ပြီး မောင်းပြေးတဲ့ ကားကို ဘေးတိုက် ပိတ်မောင်းတယ်။ နိုင်ငံခြားကားထဲက ကားနှစ်စီး လမ်းလုပြီး မောင်းနေသလိုမျိုးပဲ..။ ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး..။ ကျော်တက်မောင်းပြေးတဲ့ကားက နောက်ထပ် လေးစီး ထပ်တိုက်ပြီး ရပ်သွားတော့တယ်..။

ပွဲကတော့ ပွဲကြီးပွဲကောင်းပဲ..။ အဲဒီနားတ၀ိုက်လုံးလဲ ပွက်လောကို ညံကိုရော..။ သိပ်မကြာလိုက်ဘူး.. ၀န်ထမ်းကောင်းပီသတဲ့ မော်တော်ပီကယ်ကလည်း ညမအိပ်ဘဲ စောင့်နေသလားတောင် ထင်ရတယ်.. ချက်ခြင်းရောက်လာတယ်..။

သွေးထွက်နေတဲ့ ထိုင်းကို နီးရာ ကားတစ်စီးငှားပြီး ဆေးရုံလိုက်ပို့ ၊ တိုက်တဲ့ ကောင်တွေနဲ့ ရှင်းဖို့ လုပ်ရတယ်..။ ထုံးစံအတိုင်း သကောင့်သားများကလည်း အတော့်ကို မူးနေပြီ..။ မောင်းတဲ့ကောင်က ကားပိုင်ရှင်မဟုတ်ဘဲ ပိုင်ရှင်သူငယ်ချင်း ဖြစ်နေပြန်တယ်..။

ကားပိုင်ရှင်ငတရဲ့ အဖေက အဲဒီခေတ်တုံးက နာမည်ကြီးတဲ့ ပညာရေးဝန်ဆောင်မှု အဖွဲ့အစည်းတစ်ခုရဲ့ ဥက္ကဌ။ မော်တော်ပီကယ်ကြီးခမျာလည်း ထုံးစံအတိုင်း ကြီးတဲ့အမှုငယ်အောင် လုပ်ရှာပါတယ်..။

ကျေရာကျေကြောင်း နဲ့ ဒီနေရာမှာပဲ ပြတ်နိုင်ရင်လည်း ပြတ်ကြဖို့ ၊ သူ့အတွက်ကတော့ အိပ်ရေးပျက်ခ အာရကေ လေး နည်းနည်း ရရင်ဖြစ်ပါတယ်ပေါ့..။

သို့သော်.. လျော်ရမယ့်ကားတွေကများ.. အပေးအယူတွေကမတည့် ဆိုတော့ နောက်ဆုံးတော့ ၅၁ လမ်းရုံးကိုပဲ ချီတက်ကြရတယ်..။ ကျွန်တော်တို့ နဲ့မရှေးမနှောင်းမှာ ကားပိုင်ရှင်ချာတိတ်ရဲ့ အဖေ.. တိုက်ပုံကြီး တကားကားနဲ့ ရောက်လာတယ်..။

အဘိုးကြီးကတော့ အတော့်ကိုမွန်မွန်ရည်ရည် လူကြီးလူကောင်း ပါပဲ..။ သားလုပ်တဲ့သူကသာ ရုံးရောက်တဲ့ အထိ မလျော်နိုင်ဘူး ဘာလုပ်ချင်လဲ ညာလုပ်ချင်လဲ.. မူးမူးနဲ့ ကြမ်းနေသေးတယ်..။

ယာဉ်မှုစစ်က အတိုက်ခံရတဲ့ကားတစ်စီးချင်းကို မှတ်တမ်းယူတယ်..။ ဒုရဲအုပ်အဆင့်ရှိတဲ့ တစ်ယောက်ကတော့ ဒီကိစ္စ အမှုဖွင့်ကို ဖွင့်ရမယ်ပဲ ။ တာဝန်အရလိုလို ခြိမ်းခြောက်တာလိုလို နဲ့ အတင်းပြော တယ်။

ကျွန်တော့်သူငယ်ချင်းကို အဖေနာမည် ဘယ်သူ၊ လိုင်စင်သက်တမ်းရှိမရှိ၊ အခင်းဖြစ်ပွားပုံ အသေးစိတ် စစ်ချက်ယူပြီး ကျွန်တော်တို့လိုပဲ အတိုက်ခံရတဲ့ တက်က်စီ ဒရိုင်ဘာကို ဆက်မေးတယ်..။ အသားဖြူဖြူ အရပ်ပိန်ရှည်ရှည်နဲ့ ရိုးအေးပုံရှိတဲ့ ဒရိုင်ဘာက ယာဉ်မှုစစ်ရဲ့ ရှေ့က ထိုင်ခုံမှာ ၀င်ထိုင်တယ်..။

ယာဉ်မှုစစ်က ခပ်ပြတ်ပြတ် နာမည်ပြော၊ လိုင်စင်ပြ လို့ တောင်းတယ်။ ဒရိုင်ဘာက သူ့နာမည်ကို ပြောရင်း အိပ်ထောင်ထဲက လိုင်စင်ထုတ်ပြတယ်..။ ယာဉ်မှုစစ်က အဖေနာမည်ပြော လို့ ဆက်မေးတယ်..။ တက်က်စီ ဒရိုင်ဘာက ဒုတိယဗိုလ်ချုပ်ကြီး .. ... '' လို့ ခပ်အေးအေး ပြန်ဖြေတယ်။

အဲဒီမှာ တခန်းလုံး ငြိမ်ကျသွားတယ်..။ အဲဒီခေတ်ရဲ့ အနေအထားနဲ့ မျော်လင့်မထားတဲ့ စကားတစ်ခွန်းကို ကြားလိုက်ရသလိုမျိုး ဆိုတော့ အားလုံး မင်သက်မိသွားတာပေါ့..။

ကျွန်တော်ကတော့ အခြေအနေကို စိတ်ဝင်စားတာနဲ့ အားလုံးကို နည်းနည်းအကဲခတ်ကြည့် နေမိတယ်..။

စောစောက ဟောင်ဖွာဟောင်ဖွာနဲ့ ဟိုလူ့ငေါက် ဒီလူ့ငေါက် လုပ်နေတဲ့ ဒုရဲအုပ်လည်း နည်းနည်း ကုတ်သွား တယ်..။ ငါ့အဖေက အကောင်ကွ လို့ သူကလည်း တိုက်သေးတယ်.. သူကလည်း မာ နေတဲ့ ငတလေး လည်း ငြိမ်သွားတယ်..။

ကျွန်တော်တို့ကတော့ ကိုယ့်ကိစ္စ ကိုယ်ပြတ်ဖို့ အရေးကြီးတာမို့ အလျော်ပေးမယ့်အဘိုးကြီး နဲ့ ပြေလည်အောင်ပဲ ညှိတော့တယ်..။ တိုက်တဲ့ ငတ နဲ့ အဘိုးကြီးက ကြိုက်တဲ့ ၀ပ်ရှော့ပြောပါ.. ပကတိအကောင်းအတိုင်း ပြန်လုပ်ပေးပါ့မယ် လို့ ကမ်းလှမ်းတယ်..။

ကျွန်တော့်သူငယ်ချင်းကတော့ ကားသော့ သာယူလိုက်ပါ..။ ပြန်ပြင်ပေးတာလည်း မလိုချင်တော့ပါဘူး..။ ကားရဲ့ ပေါက်ဈေးနဲ့ သာ ဖြတ်ယူလိုက်ပါတော့လို့ ပြန်ညှိတယ်..။ နောက်ဆုံးတော့ ကျွန်တော်တို့ ပြောတဲ့ အတိုင်း နဲ့ သူတို့ သဘောတူလိုက်တယ်..။

နောက်တနေ့ ရုံးတက်တော့ လူကြီးတွေက သိနှင့်နေပြီ..။ တစ်ညလုံး မအိပ်ရလို့ ပင်ပမ်းနေရတဲ့ အထဲ လူကြီးတွေက စစ်ဟယ်ဆေးဟယ် လုပ်တာခံရတော့တယ်..။ သူငယ်ချင်းသူဌေးသားက ခေါင်းဆောင်လို ဖြစ်နေတာမို့ ထူးထူးခြားခြားကြီး အရေးယူတာတော့ မခံခဲ့ရပါဘူး..။

နောက်ပိုင်းတော့ ကျွန်တော်တို့ နည်းနည်းငြိမ်သွားတယ်..။ မငြိမ်လို့လည်း မရတော့ဘူး..။ ထိုင်းတွေလည်း သုံးလလောက် နေပြီးတော့ ပြန်သွားခဲ့တယ်..။ ကျွန်တော်တို့ပဲ ကျန်ခဲ့တော့တာမို့ အလုပ်ကို အရင်ကထက် ပိုကြိုးစားရတော့တယ်..။

24.4 ဆိတ်ဒိုးနား ပိုင်ရှင် မုတ်ဆိတ်

အထူးသဖြင့် အလုပ်ပြီးသည့်တိုင် ဘယ်ပြန်ရမှန်းမသိတဲ့ ကျွန်တော် ပိုကြိုးစားဖြစ်တယ်..။ ညဆိုင်းဆင်းပြီး မနက်ခင်း ရုံးခန်းစားပွဲတွေအောက်မှာပဲ အိပ်တယ်..။ ညအိပ်ရင် စားပွဲခုံတွေ ဆက်အိပ်လို့ ရတယ်..။ မနက်ခင်း ကျတော့ ရုံးဝန်ထမ်းတွေက အလုပ်လုပ်နေတာမို့ စားပွဲတွေက မအားတော့ဘူး..။

အစားအသောက်ကတော့ ဖြစ်သလိုပဲ..။ ယမ်ယမ် ခေါက်ဆွဲ တစ်ဖာ ၀ယ်ပြီး ရုံးဘီရိုပေါ်တင်ထားလိုက်တယ်.။ ဗိုက်ဆာမှ.. တစ်ထုပ်ယူပြီး ရေနွေးနဲ့ဖျော် စားလိုက်တယ်..။ ဟိုနားဒီနား သွား စားစရာဆိုင်ကလည်း နီးနီးနားနားမှာ မရှိဘူး..။

အနီးဆုံးဆိုလို့ စက်ရုံနဲ့မလှမ်းမကမ်း လမ်းဘေးရေမြောင်း မေးတင်ဆောက်ထားတဲ့ မုတ်ဆိတ် ဆိုတဲ့ လက်ဘက်ရည်ဆိုင် တစ်ဆိုင်ပဲ ရှိတယ်..။ ဆိုင်ရှင်က မုတ်ဆိတ်မွှေးနဲ့မို့ မုတ်ဆိတ် ဆိုင်လို့ ခေါ်ရင်းကနေ အဲဒီနာမည်တွင်သွားတော့တယ်..။

ကျွန်တော်တို့ကတော့ ဆိတ်ဒိုးနားလို့ ပြောင်ခေါ်ကြတယ်..။ စားစရာထမင်းဟင်းကတော့ မယ်မယ်ရရ ဘာမှ မရပါဘူး..။ ထမင်းဆီဆမ်းလိုလို ကြက်ဥကြော်လိုလိုပဲ ရတယ်..။

နောက်ပိုင်းတော့ ကျွန်တော်နဲ့ မုတ်ဆိတ်နဲ့ အတော်ခင်သွားတယ်..။ အစကတော့ အပေါက်အလမ်း သိပ်မတည့်ဘူး..။ သူ့ဆိုင် တစ်ခါ ကျွန်တော်သွားထိုင်တယ်..။ ဆရာဘာသောက်မလဲ လို့ လှမ်းမေးလို့ တော်ပြီ လို့ ပြန်ဖြေမိတယ်..။ ကျွန်တော်ဖြေတဲ့ တော်ပီကို ကော်ဖီ လို့ သူဖာသာ ဘာသာပြန်ပြီး ကော်ဖီ တစ်ခွက်လာချတယ်..။

ဟ.. ကျွန်တော် .. တော်ပြီလို့ ပြောလိုက်တာ.. ဆိုတော့ .. မသိဘူးလေ.. ဆရာပဲ ကော်ဖီ လို့ ပြောပြီး လို့ အတင်းငြင်းတာနဲ့ မသောက်ချင် သောက်ချင်နဲ့ အဲဒီကော်ဖီတစ်ခွက် ဖြစ်ညှစ် သောက်ခဲ့ရတယ်..။

နောက်တော့ ဆရာဘာသောက်မလဲ လို့ သူမေးတိုင်း '' ဘာဆိုဘာမှ လုံးဝလုံးဝ မသောက်တော့ဘူး '' လို့ လက်ရောခြေရောခေါင်းရော ခါပြရတယ်..။

သူ့မိန်းမနာမည်က စန်းစန်းအေး လို့ ခေါ်တယ်..။ ကျွန်တော်ကတော့ ဒေါ်ရှုမ၀လို့ ပဲ ခေါ်တယ်..။

တစ်ရက် ဦးမုတ်ဆိတ် ခင်ဗျားဆိုင်နာမည်ကြီးက မမိုက်ဘူးဗျ.. မုတ်ဆိတ် ဆိုတော့ မိတ်ဆုတ်လို့ အဓိပ္ပါယ်ရတယ်..။ မိတ်ဆွေ တွေ တိုးတိုးမလာဘဲ ဆုတ်ဆုတ်သွားမယ့် အတိတ်နိမိတ်ဖြစ်နေတယ်.. ဆိုင်နာမည် ပြောင်းဖို့ လိုတယ် လို့ ကျွန်တော်ပြောမိတယ်..။

အဲဒီနောက်ပိုင်းမှာ ကျွန်တော်က သူတို့မိသားစုရဲ့ အတိုင်အပင်ခံ ပုဂ်ဂိုရ် အော်တိုမက်တစ် ဖြစ်သွားခဲ့တယ်။

ကျွန်တော်လည်း တတ်သလောက်မှတ်သလောက် အသိဥာဏ်နဲ့ သူတို့ကို ဆိုင်နေရာပြောင်းဖို့၊ ကိုယ့်ဆိုင်ကို လာစားမယ့် လူ များများရှိတဲ့ အထည်ချုပ်စက်ရုံရှေ့လိုမျိုးမှာ ဆိုင်ဖွင့်ဖို့၊ စားသောက်ဆိုင်ဆိုတာ တတ်နိုင်သမျ သန့်သန့်ရှင်းရှင်း သပ်သပ်ယပ်ယပ် ထားဖို့၊ စတာလေး တွေ ကြုံရင် ကြုံသလို ပြောဖြစ်တယ်..။

နောက်.. ထမင်းချိုင့် ဆားဗစ်ကိုလည်း တနိုင်တပိုင် စဖို့ ဆိုတာလည်း ပြောဖြစ်တယ်..။

ဈေးဦးပေါက်အနေနဲ့ ကျွန်တော့်ကို တစ်ချိုင့် စပို့တယ်..။ ယမ်ယမ်ပြုတ်စားရတဲ့ ဘ၀ကနေ အဲဒီမှာ ကျွန်တော် ကျွတ်သွားခဲ့တယ်..။